နို၀င်ဘာလ ၁၁ ရက်
Martin of Tours (310 – 97)
တူရင်မြို့မှ မာတင်
ရှေ့ပြေးသော အစေခံခြင်း
(၄) ရာစုအစောပိုင်း၌ နတ်ဘုရားကိုးကွယ်သူ၊ ရောမအရာရှိတစ်ဦးသား မာတင်သည် ဟန်ဂေရီနိုင်ငံတွင် မွေးဖွားခဲ့သည်။ အသက်တစ်ဆယ့်ငါးနှစ်အရွယ်တွင် မာတင်သည် စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်တပ်တွင်း၌ သွတ်သွင်းခံရကာ ရောမမြင်းတပ်တွင် အမှုထမ်းသည်။ မာတင်သည် ခရစ်ယာန်တစ်ဦး ဖြစ်လာလိုသော စိတ်ဆန္ဒရှိနေ၍ သူ၏ စစ်မှုထမ်းခြင်းတာ၀န်၌ မတင်းမတိမ်ဖြစ်မှု၊ မပျော်ရွှင်မှုများ တိုးလာခဲ့သည်။ စစ်မှုထမ်းဘ၀ကို စိတ်မသန့်၍ ငြင်းပယ် ကန့်ကွက်သူတစ်ဦးအဖြစ် သူသည် စစ်ကို ဆန့်ကျင်သောအခါ စစ်ဗိုလ်အရာရှိများသည် သူ့အား အကျဉ်းချထားကြသည်။
အေဒီ ၃၅၇ ခုနှစ်တွင် သူသည် ထောင်မှ လုံး၀လွတ်မြောက်၍ အာမြောင်( Amiens)၌ သူတောင်းစားတစ်ဦးအား ကူညီခဲ့ရာ သူသည် ကရုဏာသက်သော တွေ့ကြုံခံစားမှုတစ်မျိုးကို ခံစားခဲ့ရသည်။ သူသည် သူ၏ ၀တ်ရုံကို တစ်ပိုင်းဖြတ်၍ အ၀တ် ဗလာလုနီးပါးဖြစ်နေသော လူတစ်ဦးကို ခြုံပေးလိုက်သည်။ နောက်တွင် ခရစ်တော်သည် မာတင်၏ အိပ်မက်တွင် ပေါ်လာ၍ သူတောင်းစားအား သူပေးခဲ့သော ၀တ်ရုံအပိုင်းအစကို ၀တ်ဆင်ထားသည်။ မကြာမီမှာပင် မာတင်သည် ဆေးကြောခြင်းဗတ္တိဇံကို ခံယူ၍ ဘုရားတရား ကြည်ညိုသော ခရစ်ယာန်တစ်ဦး ဖြစ်လာသည်။
စိန့်ဟီလာရီ (ဇန်နဝါရီလ ၁၃)သည် အေဒီ ၃၆၀ တွင် ပြည်နှင်ဒဏ်ခံရမှ ပွက်တီအက်(Poitiers) သို့ ပြန်လာခဲ့သည်။ မာတင်သည် ဟီလာရီ၏ တပည့်တစ်ဦး ဖြစ်လာပြီး ဟီလာရီ၏ တပည့်များနှင့်အတူ လီဂွယ်ရှိ၊ ဂေါလ်ဒေသ၌ (Gaul at Liguge) ပထမဆုံးသော ရသေ့ကျောင်းကို ဆောက်လုပ်ခဲ့သည်။ အေဒီ ၃၇၂ ခုနှစ်တွင် တူရင်(Tours)မြို့၏ ဆရာတော် မဖြစ်ခင်အချိန်ထိ ထိုရသေ့ကျောင်း၌ တစ်ဦးပုဂ္ဂလ တရားအားထုတ်သော ရသေ့တစ်ပါးအဖြစ် နေထိုင်ခဲ့သည်။ သူ၏ အလှောင်ပိတ်အခန်း၌ ဆက်လက်နေထိုင်၍ ဆရာတော်သစ်သည် ဆက်ကပ်ပူဇော်ထားသော ပြင်းပြသည့် စိတ်ဆန္ဒနှင့် ခက်ခဲသော တာ၀န်၀တ္တရားများကို လုပ်ကိုင်ခဲ့သည်။ သူသည် မပြီးဆုံးနိုင်သော ယုံကြည်ခြင်းဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းကိုင်တွယ်ရာ၌ အဓိက အခန်းကဏ္ဍတွင် ပါ၀င်ခဲ့သည်။
မာတင်အား ရှေ့ပြေးအမှုတော်ဆောင်ဖြစ်စေသော တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ကျေးလက်ဒေသများသို့ ဧဝံဂေလိတရားတော် ဟောကြားခြင်းပင် ဖြစ်သည်။ ခရစ်ယာန်အများစုမှာ မြို့နေလူတန်းစားများ ဖြစ်သည်။ ဗာဟီရဝါဒီဖြစ်သော ထာ၀ရဘုရားကို မကိုးကွယ်သောသူ ဟု အဓိပ္ပာယ်ရသော ပေဂန် (Pagan)ဟူသော စကားလုံးသည် ပါဂန်နီ(Pagani)မှ ဆင်းသက်လာ၍ မြို့နေလူတန်းစားများဟု အဓိပ္ပာယ်ရသည်။ မာတင်သည် သူတို့၏ နတ်ဘုရားပူဇော်ရာ ပလ္လင်များနှင့် သန့်ရှင်းသော သစ်ပင်များကို ဖြိုချပျက်စီး၍ လူအုပ်ကြီးကြား တိုး၀င်၍ သူတို့အား ခရစ်တော်ကို လက်ခံယုံကြည်လာရန် အယုံသွင်းနိုင်ခဲ့သည်။
မာတင်သည် အေဒီ ၃၉၇ ခုနှစ်တွင် ပြင်သစ်ပြည်၊ ကန်ဒက် (Candes, France)၌ ကွယ်လွန်ခဲ့ပြီး သူ့အား တူရင် (Tours)မြို့တွင် မြေမြှပ်သင်္ဂြုံလ်ခဲ့ကြသည်။
တောင်ကတုံး (နှင်းပွင့်)
No comments:
Post a Comment