နို၀င်ဘာလ ၁၀ ရက်
Leo the Great (461)
လေအို
တည်ငြိမ်သောလက်
လေအိုသည် (၅) ရာစု အစောပိုင်းကာလတွင် ရောမမြို့ တပ်စ်ကန် (Tuscan family)မိသားစုမှ မွေးဖွားလာသူ ဖြစ်သည်။ အေဒီ ၄၄၀ ခုနှစ်တွင် သူသည် ပုပ်ရဟန်းမင်းကြီးအဖြစ် အရွေးခံပြီး ထိုအချိန်တွင် ရောမအင်ပါယာသည် ပျက်စီးယိုယွင်းနေသည်။
လူရမ်းကားများနှင့် လူရိုင်းများသည် ရောမမြို့ကို လုယက်တိုက်ခိုက်ရန်နှင့် ပျက်စီးရန် စိတ်စွဲတေမှတ်ထားကြသည်။ ထိုအချိန်တွင် ခရစ်ယာန်သာသနာထဲသို့ လွဲမှားသော အယူဝါဒများ ထိုးဖောက်၀င်ရောက်လာသည်။ အသင်းတော်သည် ဒုက္ခတွင်းနက်ထဲ ကျရောက်နေချိန်ဖြစ်၍ လေအို၏ ခိုင်မာပြတ်သားသော ချုပ်ကိုင်ထိန်းသိမ်းမှုနှင့် အခြေအနေကို နားလည်သိမြင်တတ်မှုတို့သည် လိုအပ်နေသည်။
လေအိုသည် ခရစ်တော်၏ အဖြစ်တော်နှင့်ပတ်သက်သော ရှည်လျားကြာညောင်းသည့် အငြင်းအခုံဖြစ်ရပ်များကို ဖြေရှင်းရန် အထောက်အကူ ဖြစ်စေသည့် စကားအသုံးအနှုန်းကို ရှာတွေ့ခဲ့သည်။ အေဒီ ၄၅ ခုနှစ်တွင် ကျင်းပသော ချာလ်စီတုန်ကောင်စီ (Council of Chalcedon)သို့ တင်သွင်းသော သူ၏ စာလွှာ၌ အဖြစ်နှစ်ပါးရှိသော ပုဂ္ဂိုလ်တစ်ပါး (One person with two natures) အကြောင်းကို ရှင်းပြထားသည်။ ခရစ်တော်၌ ရှိသော လူအဖြစ်နှင့် ဘုရားအဖြစ်တော်သည် ရှုပ်ထွေးခြင်းမရှိဘဲ ပေါင်းစည်းသည်ဟု တင်ပြခဲ့သည်။ လေအို၏ အမြင်သဘောထားသည် အများက လက်ခံသော ယုံကြည်ရာအချက် ဖြစ်လာသည်။
သည်းထိတ်ရင်ဖိုဖြစ်သော အချိန်ကာလတစ်ခုဖြစ်သည့် ညှိနှိုင်းအဖြေရှာရာ သမိုင်းကြောင်းသည် လေအို၏ ပင်ကိုအစွမ်းအစကို ပေါ်လွင်စေခဲ့သည်။ ဟန်လူမျိုး အာတီလာ (Attila the Hun) ခေါင်းဆောင်သော စစ်တပ်သည် အေဒီ ၄၅၂ ခုနှစ်တွင် ရောမကို ကျူးကျော်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသည်။ လေအိုသည် ရောမလွှတ်တော် အမတ်နှစ်ဦးနှင့်အတူ မည်သည့် အကာအကွယ်လက်နက် တစ်စုံတစ်ခုမျှ မပါဘဲ ညှာတာ စာနာမှုကင်းမဲ့သော စစ်သူကြီးနှင့် သွားရောက် တွေ့ဆုံခဲ့ကြပြီး သူ့အား တပ်ပြန်ခေါက်ရန် နားချနိုင်ခဲ့သည်။ နိုင်ငံတော်တစ်ဝှမ်းရှိ ယဉ်ကျေးဖွံ့ဖြိုးပြီး တိုးတက်ကောင်းစားနေသော မြို့ကြီးပြကြီးများကို မီးရှို့ဖျက်စီး၍ လုယူတိုက်ခိုက်ကြသည့် အင်အားကြီးလှသော စစ်တပ်ကြီးသည် အယ်လ်(Alps) တောင်တန်းများကို ဖြတ်၍ ဟန်ဂေရီသို့ တပ်ဆုတ်သွားကြသည်။
လေအိုသည် လူထုအစိုးရ ပြုတ်ကျသော အချိန်၌ မပျက်မစီး ကျန်ရှိနေသေးသော ဘုရားကျောင်းတစ်ဆောင်ကို ချန်ထားရစ်ခဲ့၍ အေဒီ ၄၆၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ အမှန်မှာ အသင်းတော်သည် အလယ်ခေတ်တွင် တည်ငြိမ်အေးချမ်း၍ သြဇာအာဏာ အရှိဆုံးသော နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်လာသည်။
တောင်ကတုံး (နှင်းပွင့်)
No comments:
Post a Comment