အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Thursday, November 26, 2020

#ဘုရားသခင်သည် အဘယ်ကြောင့် မကောင်းသောအရာ (Evil) တို့ကို အခွင့်ပြုတော်မူသနည်း။

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့်လည်းကောင်း၊ တန်ခိုးအနန္တနှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့်လည်းကောင်း ပြီး ပြည့်စုံတော်မူသည်ဆိုပါလျှင် အဘယ်ကြောင့် မကောင်းသောအရာတို့ဖြစ်ပျက်စေရန် အခွင့်ပြုတော်မူသနည်း။ ယောဘသည် မိမိကိုယ်တိုင် ဘေးဒုက္ခများကြုံတွေ့ရစဉ်က ထိုကဲ့သို့ပင်တွေးတောခဲ့ဖူးသည်။ နောက်ဆုံးတွင်မူ သူသည် ထိုမေးခွန်းကို ဖြေဆိုနိုင်စွမ်းမရှိကြောင်း ဝန်ခံသွားခဲ့လေသည်။ "...အကျွနု်ပ်သည် နားမလည်သောအရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍မကုန်နိုင်သောအရာ တို့ကိုလည်းကောင်း ပြောမိပါပြီ။" (ယောဘ ၄၂း၃)
 ခရစ်ယာန်များဖြစ်ကြသော ကျွနု်ပ်တို့အတွက်လည်း ထို"မကောင်းသောအရာ"(Evil)မှာ အဖြေရှာရခက်သော ပြဿနာတစ်ခုဖြစ်လာသည်။ သို့သော် ယင်းအတွက် အထောက်အကူပြုမည့် သဲလွန်စအတော်များများကို ကျွနု်ပ်တို့၏ ယုံကြည်ခြင်းအားဖြင့် ရရှိလေသည်။
 ပထမဦးစွာ ကျွနု်ပ်တို့သိရှိထားရမည်မှာ "မကောင်းသောအရာတို့သည် အပြစ်ကြောင့် ဖြစ်ပေါ်လာသည်"ဟူသောအချက်ပင် ဖြစ်သည်။ လွတ်လပ်စွာဆုံးဖြတ်ခွင့် (Free will) ရှိသော ဖန်ဆင်းခံသတ္တဝါများဖြစ်သည့် လူသားနှင့် ကောင်းကင်တမန်တော်တို့သည် အသက်၊ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်ခြင်းနှင့် ဉာဏ်ပညာတို့၏အစမူလဖြစ်တော်မူသော ဘုရားသခင်ထံမှ ဖယ်ခွာသွားခဲ့ကြသည် (ရောမ ၃း၁၂၊ ဂျုဒ ၁း၆)။ ထိုသို့ဖယ်ခွာခြင်းအားဖြင့် သူတို့သည် သေခြင်းသို့ ကျရောက်ပြီး အတ္တ၊ ဒုက္ခနှင့် အသိတရားမဲ့ခြင်း တို့၏လွှမ်းမိုးမှုကို ခံရကာ ကမ္ဘာမြေကို အကြီးအကျယ်ထိခိုက်ပျက်စီးစေလေတော့သည်။
 ဘုရားသခင်သည် မကောင်းသောအမှုအရာတို့ကို တစ်ပိုင်းတစ်ကဏ္ဍခွင့်ပြုတော်မူခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အပြစ်ကြောင့် ဖြစ်ပေါ်လာသည့် မကောင်းမှုများ မည်မျှပင်ဆိုးရွားနေစေကာမူ ဘုရားသခင်သည် ကြီးမြတ်ပြီး ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသည့်အလျောက် ထိုမကောင်းမှုထဲမှပင် ပို၍ကြီးမြတ်သောကောင်းမှုကို ဖြစ်ပေါ်စေတော်မူလေသည်။ (ကမ္ဘာ ၅၀း၂၀၊ ရောမ ၈း၂၈) ခရစ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်းမှာ အံ့ဖွယ်ကြီးကျယ်သောဥပမာတစ်ခုပင်ဖြစ်ပေသည်။
သို့ဆိုလျှင် မကောင်းမှုကျူးလွန်နေကြသူအပေါင်းတို့ကို ဘုရားသခင်သည် အဘယ်ကြောင့် အဆုံးစီရင်ခြင်းမပြုသနည်း။ အဖြေကား ကိုယ်တော်၏သနားကြင်နာတော်မူခြင်းပင်တည်း။ ကိုယ်တော်သည် ဆိုးယုတ်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေမည့်အခွင့်အလမ်းမှန်သမျှကို ချပေးလိုသောကြောင့်ဖြစ်သည်။ (၂ ပေ ၃း၉- ၁၀) ထိုအချိန်ကာလမတိုင်မီအထိ ကိုယ်တော်သည် မကောင်းမှုကြောင့် ဖြစ်ပေါ်လာသောဆင်းရဲဒုက္ခများကို ကျွနု်ပ်တို့အား သန့်ရှင်းစင်ကြယ်စေရာတွင် အသုံးပြုတော်မူ သည်။ (၁ ပေ ၁း၆-၉)
 နောက်ဆုံးဆိုရလျှင် ဘုရားသခင်သည် မကောင်းသောအမှုတို့ကြောင့် ဖြစ်ပေါ်လာသောဆင်းရဲဒုက္ခများကို သတိပြုလျက် ရှိတော်မူကြောင်း၊ ကျွနု်ပ်တို့နှင့်အတူတကွ ဝေဒနာခံစားပေးနေကြောင်းကိုမူ ကျွနု်ပ်တို့သိမှတ်ထားရပေလိမ့်မည်။ (ဟေရှာယ ၅၃း၁-၁၂)
 (မျိုးကြဲသူ) 

(Ref: The New Catholic Answer Bible)
Crd to #Sower CBCM(မျိုးကြဲသူဝိညာဉ်ရေးစာစောင်)

No comments:

Post a Comment