ယေဇူးဘုရင်ပွဲကို ခရစ်သက္ကရာဇ် ၁၉၂၅ ခုနှစ်မှာ ရဟန်းမင်းကြီး န၀မမြောက်ပီအူးက အသင်းတော်အတွင်း ကျင်းပဖို့ ပြဌာန်းခဲ့ပါတယ်။ ဒီပွဲကို ကျင်းပဖို့ သတ်မှတ်တဲ့အချိန်ဟာ ဘုရားမဲ့ ဝါဒတွေ ကြီးစိုးတဲ့အချိန် (သို့) ခရစ်တော် မပါလည်း ဖြစ်ပါတယ်ဆိုပြီး နိုင်ငံပေါင်းများစွာက တွေးထင်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ လူတွေဟာ ထင်သလိုတွေး၊ ထင်သလိုရေး၊ သဘောရှိလုပ်နေကြပြီး၊ မာနတရားကြောင့် ဘုရားတရားရဲ့ သြဇာ အာဏာအောက်မှာ မနေလိုကြတော့ပါဘူး။ ဘုရားပညတ်တော်များနဲ့ သီလပါရမီများကို ဥပေက္ခာပြုပြီး၊ ဘုရားရဲ့ အလိုတော်ကို မိမိအလိုဆန္ဒနဲ့ အစားထိုးနေကြတဲ့အချိန်၊ မျက်မှောက်ကမ္ဘာကြီးဟာ ဗြောင်းဆန်နေပြီး တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးလည်း အရေးနိမ့်နေရတဲ့ အချိန်ဖြစ်နေပါတယ်။ အထူးသဖြင့် အဲဒီအချိန် မူဆိုလိုနီဆိုသူဟာ အီတလီမှာ စစ်အင်အားနဲ့ ဖက်ဆစ်ပါတီကို အစိုးရအဖွဲ့မှာ အာဏာ တည်မြဲအောင် လုပ်နေတဲ့ အချိန်၊ ဂျာမဏီ တစ်၀န်းမှာ နာဇီပါတီရဲ့ ဟစ်တလာကလည်း စစ်အင်အား သုံးပြီး သောင်းကျန်းနေတဲ့အချိန်၊ စီးပွားရေးဟာလည်း အဖတ်ဆည် မရအောင် ကျနေတဲ့အချိန်ဖြစ်ပါတယ်။ သူ့ထက်ငါ အာဏာရဖို့ ရူးနေကြတဲ့အချိန်မှာ အသင်းတော်က သမ္မာကျမ်းစာ သွန်သင်ချက်အတိုင်း လူတွေဟာ မိမိတို့ရဲ့ဘ၀မှာ ဘုရားတရားကို နေရာပြန်ပေးပြီး ကိုယ်တော်ရဲ့ အစိုးတရပြုခြင်းကို ခံယူမှသာ ကမ္ဘာမှာ မေတ္တာတရားနဲ့ အေးချမ်းသာယာမှုကို ရရှိမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ခရစ်တော်ကသာ ဘုရင်တို့ရဲ့ ဘုရင်ဖြစ်တယ်၊ မိမိတို့ ကိုးကွယ်တဲ့ ဘုရားကသာ ဘုရင်တကာတို့ရဲ့ ဘုရင် (အရှင်) ဖြစ်တယ်၊ ခရစ်တော်ဟာ စကြ၀ဠာရဲ့ ဘုရင်ဖြစ်တယ်၊ သူ့ရဲ့ နိုင်ငံတော်ဟာ ထာ၀ရတည်မယ် ဆိုတဲ့အချက်ကို သတိပေးဖို့ ယေဇူးခရစ်တော် ဘုရင်ပွဲတော် ကို ကျင်းပဖို့ ရဟန်း မင်းကြီးက ကြေငြာခဲ့တာဖြစ်ပါတယ်။
ရဟန်းမင်းကြီးက ဒီပွဲကို သတ်မှတ်ကျင်းပ စေခြင်းရဲ့ အကြောင်းရင်းနှစ်ခုကတော့ -
(၁) ငါတို့သည် ကိုယ်တော်အားဖြင့် သက် ရှင်၊ လှုပ်ရှား၊ ရပ်တည်လျက်ရှိကြ၏ (တ မန် - ၁၇း၂၈) လို့ ဆိုထားတဲ့အတိုင်း လူတွေ ဘယ်လောက်ပဲကြိုးစားကြိုးစား ဘုရားသခင်ရဲ့ လွှမ်းမိုးမှုအောက်က ဘယ် တော့မှ ထွက်ပြေးလွတ်မြောက်လို့ မရနိုင် ဘူးဆိုတဲ့အချက်နဲ့၊
(၂) လူတွေဟာ မိမိကိုးကွယ်တဲ့ ဘုရား သခင် (သို့) ယေဇူးဘုရင်အား ကျိုးနွံလက်ခံ ဖို့ မငြင်းဆန်သင့်ဘူး။ ဘာကြောင့်လဲဆို တော့ အဲဒီကျိုးနွံနာခံခြင်းအားဖြင့်သာ ကယ်တင်ခြင်း ချမ်းသာကိုရရှိမှာ ဖြစ်တာကို နားလည် လက်ခံကြစေရန်ဆိုတဲ့ ရည်ရွယ်ချက်များ ဖြစ်ပါတယ်။
တစ်နည်းပြောမယ် ဆိုရင်တော့ လူမှုရေးရာများမှာ ဘုရားတရားကို လစ်လျူရှုပြီး ဘုရားမရှိသလို နေထိုင်လှုပ်ရှားချင်တဲ့ အတွေးအခေါ်များကို တန်ပြန်ဆန့် ကျင်တဲ့ အနေနဲ့ရော၊ ခရစ်တော် ဘုရားရှင်ဟာ လူ့အဖြစ် ဇာတိကိုယူဆောင်ပြီး လောကကိုကယ်တင်ခဲ့တဲ့ ဘုရားသားတော်ဖြစ်လို့ လူ့ဘောင်တစ်ခုလုံးအပေါ်မှာ နည်းမျိုးစုံ နဲ့သြဇာလွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့ အချက် ကိုပါ ထင်ရှားစေဖို့ဖြစ်ပါတယ်။
(ဒံလေယ အနာဂတ္တိကျမ်း- ၇း၁၄) မှာ အရပ်ရပ်တို့၌နေ၍ အသီးအသီး၊ အခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက် တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့မရောက်နိုင် ဆိုတဲ့ ဟောချက်က ခရစ်တော်ရဲ့ အရှင် သခင်၊ ဘုရင်ဖြစ်ခြင်းကို ရည်ညွှန်းထားပါတယ်။
ယုံကြည်ခြင်းအချုပ်မှာ ကျွန်တော်တို့က ရှင်သူ၊ သေသူတို့ကို စီရင်စစ်ကြောတော်မူရန် ကြလာတော်မူလိမ့်မည် လို့ ၀နျခံကွပါတယျ။ တစ်ချို့သော တရား ဟောသူများကြောင့်နဲ့ စီရင်စစ်ကြောခြင်း ဆိုတဲ့စကားကြောင့် ကြောက်မက်ဖွယ်ရာလိုဖြစ်နေပါတယ်။ တကယ်တမ်းခရစ်တော်ကြလာခြင်းရဲ့ အကြောင်းရင်းက သူကိုယ်တိုင် အကန့်အသတ်မရှိ ချစ်ခြင်းမေတ္တာနဲ့ ဒုက္ခစရိယာခံပြီး အစပြုခဲ့တဲ့ ကယ်တင်ခြင်းလုပ်ငန်းကို ပြီးပြည့်စုံစေဖို့သာ ဖြစ်ပါတယ်။ (ယောဟန်-၁၂း၄၇ ) မှာ လောက သားတို့ကို စီရင်အပြစ်တင်ရန်မဟုတ်၊ လောကသားတို့ကို ကယ်တင်ရန်သာ ကြ လာသတည်း လို့ ခရစ်တော်က အာမခံခဲ့ ပါတယ်။
နောက်ဆုံးသောနေ့မှာ ခရစ်တော်ဟာ ရှင်ဘုရင်အဖြစ် ထင်ရှားစွာ ကြလာမယ်လို့ဆိုပါတယ်။ ဒါပေမဲ့လို့ ကျမ်းစာထဲက ပုံပမာအရ ခရစ်တော်ဟာ မထင်မရှားနဲ့ ဖုံးကွယ်မှုအောက်မှာ ကျွန်တော်တို့နဲ့အတူရှိနေပါတယ်။ မထင်မရှားနဲ့ ဖုံးကွယ်မှုအောက်မှာဆိုတာ ခရစ်တော်ဟာ ဆင်းရဲနွမ်းပါးတဲ့သူတွေ၊ အစာရေစာ ငတ်မွတ်နေတဲ့သူတွေ၊ ဖျားနာပြီး ဒုက္ခဝေဒနာခံစားနေရတဲ့ သူများမှာရှိနေပါတယ်။ သူတို့နဲ့ ထပ်တူပြုထားပါတယ်။ ဆိုလိုတာက စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေတဲ့ သူကို အစားအသောက်ပေးကမ်းခြင်း၊ အ၀တ်ဆင်းရဲသူကို ဆင်မြန်းခြင်း၊ မတရားခံရသူတို့ဖက်မှ ရပ်တည်ပေးခြင်း၊ ဒုက္ခရောက်သူကို နှစ်သိမ့်အားပေးခြင်း၊ ဒီလို လူ့အခြေခံလိုအပ်ချက်တွေကို စေတနာ သန့်သန့်နဲ့ လုပ်ပေးရပါလိမ့်မယ်။ ကိုယ်နာမည်ကြီးဖို့၊ လူသိများဖို့ဆိုတာထက် လူသားတစ်ယောက် အတိဒုက္ခရောက်နေ တာကို မေတ္တာကရုဏာနဲ့ ကူညီလိုက်ခြင်း ဟာ မင်္ဂလာရှိပါတယ်။
ဒီလို ရက်ရောမှု၊ စေတနာမျိုးကို ခရစ်တော်က သူ့ကို ပြုလုပ်ပေးတာနဲ့ အတူတူပဲလို့ လက်ခံသတ်မှတ်တယ် ဆိုတာဟာ အင်မတန် အားရစရာ ကောင်းလှပါတယ်။ လူသားအချင်းချင်း ဆင်းရဲနွမ်းပါးမှု ကို လျော့နည်းစေခြင်း၊ ပျော်ရွှင်မှုတို့ကို တိုးပွားစေခြင်းဆိုတဲ့ လူ့လောက ကိစ္စရပ်တွေအားဖြင့် ထာ၀ရ ဘုန်းဂုဏ်တော်ဆီ အရောက်ပို့ပေးနိုင်ပါတယ် ဆိုတာဟာ ဒီနေ့ကျမ်းစာရဲ့ သတင်းကောင်း တစ်ရပ်ပင်ဖြစ်ပါတယ်။ ခရစ်တော်ဟာ အမှန်ကယ်ပဲ ဆင်းရဲနွမ်းပါးသူ၊ ချို့တဲ့သူတွေအားဖြင့် ကျွန်တော်တို့နဲ့ အတူရှိနေပါတယ်။
လူတွေဟာ မိမိနေထိုင်တဲ့တိုင်း ပြည်ရဲ့ ဥပဒေအတိုင်း တရားစီရင်ခံရမှာ ဖြစ်တယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်မှာတော့ ဥပဒေသတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ (ယောဟန်-၁၃း၃၄) ကပြောပြတဲ့ သင်တို့ အချင်းချင်းချစ်ကြပါ ဆိုတဲ့ ဥပဒေပါပဲ။ လူ့လောကရဲ့ စာမေးပွဲတွေမှာတော့ ထူးချွန်တဲ့ ကျောင်းသားဟာ မထူးချွန်တဲ့ ကျောင်းသားထက် အခွင့်အလမ်း အများကြီးပိုပါတယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ နောက်ဆုံး စာမေးပွဲကတော့ လူတစ်ဦး ချင်းစီတိုင်းဟာ အဆင့်အတန်း အတူတူပင်ဖြစ်ပါတယ်။ ဘယ်သူကမှ တခြားတစ်ဦးကို ချစ်ခြင်း မေတ္တာပြဖို့ ငါ့မှာ အရည်အချင်း မရှိဘူးလို့ ပြောလို့မရပါဘူး။ အယုတ် အလတ် အမြတ် မရွေး၊ အသက် ဘယ်လောက်ကြီးကြီး ငယ်ငယ် အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် လောကမှာ ဘာပဲလုပ် ကိုင်လုပ်ကိုင် လူသားတိုင်းဟာ ခြင်းချက်မရှိ မိမိနဲ့ နီးစပ်သူတွေကို ချစ်ခြင်းမေတ္တာ ပြနိုင်ပါတယ်၊ ချစ်နိုင်ပါတယ်။
ဟန်ဂေရီနိုင်ငံမှ စိန့်ဧလိဇဘက် (အေဒီ ၁၂၀၇-၁၂၃၁)ဟာပေးကမ်းစွန့်ကြဲ တဲ့အခါတိုင်းမှာဆင်းရဲသားတွေကို သူတို့ ကိုယ်တိုင်လည်းပေး ကမ်းစွန့်ကြဲမှု ပြုဖို့ အမြဲတမ်းနှိုးဆော်တတ်ပါတယ်။ ချို့တဲ့ သူတွေက သူတို့မှာပေး စရာငွေကြေး မရှိဘူး၊ ဘယ်လိုလုပ်ပြီး ပေးရ မှာလဲလို့ ဖြေတဲ့အခါမှာ ဧလိဇဘက်က သင်တို့ရဲ့ ငွေကြေးကိုပေးဖို့တော့သင်တို့ တတ်နိုင်ချင်မှ တတ်နိုင်မယ်။ ဒါပေမဲ့ဒုက္ခ အခက် အခဲ ရောဂါဝေဒနာရှိနေတဲ့ သူတွေကို မင်းတို့ရဲ့ မျက်စိနဲ့ မြင်နိုင်တယ်၊ ဆီကို သွားလည်ဖို့ မင်းတို့မှာ ခြေနှစ်ချောင်း ရှိတယ်၊ အားပေးနှစ်သိမ့်ဖို့ မင်းတို့ မှာ ပါးစပ်ရှိတယ် လို့ အမြဲတမ်း ပြောခဲ့ ပါတယ်။
ဒီပုံပမာမှာ ကျွန်တော်တို့ အမြဲတမ်း ဂရုမစိုက်၊ လျစ်လျူရှုတတ်တဲ့ အရေးကြီးတဲ့ အချက်တစ်ခုကို မီးမောင်း ထိုးပြ
ထားပါတယ်။ သူတို့ လုပ်ပြီးခဲ့တဲ့ အရာ အတွက် စစ်ကြောစီရင်ခံရတာမဟုတ်ဘဲ၊ မလုပ်ခဲ့လို့ ပျက်ကွက်ခဲ့မှုအတွက်သာ စီရင်ခြင်း ခံရတာဖြစ်ပါတယ်။ ဒီတော့ စဉ်းစားကြည့်ရင် ကျွန်တော်တို့ အများစုဟာ သိလျက်နဲ့ရော မသိလျက်နဲ့ပါ တွေးထင်ယုံကြည်လက်ခံ တတ်ကြတာက တစ်ပတ်တစ်ခါနဲ့ ပွဲလမ်းကလေး ရှိတဲ့အခါ ဘုရားကျောင်းကန်သွားမယ်၊ မကောင်းမှု ဒုစရိုက်ကို ရှောင်ကြဉ်မယ်၊ ကက်သလစ် ခရစ်ယာန်ဆိုရင်လည်း ကိုယ်တော်မြတ်ပင့်မယ်၊ စက္ကရမင်တူးခံမယ် ဆိုရင် ငါတို့ဟာ ဘုရားတရားရှိပြီလို့ တွေး ထင်တတ်ကြပါတယ်။ ဒီအတွေးအခေါ်လေးကို အကျဉ်းချုပ်ကြည့်ရင် ငါဘယ်သူ့ကိုမှ မတိုက်ခိုက်၊ မတရား မလုပ်ဘူး။
ဘုရားကျောင်းသွားတယ်၊ ဥပုသ်စောင့်တယ်၊ ငါ့အလုပ်ငါ့လုပ်ငန်းငါလုပ်တယ် ဆိုတဲ့ သဘောတရားမျိုးပါပဲ။ ဒီလို
ပုဂ္ဂိုလ်မျိုးက လူသတ်မှုမကျူးလွန်ဘူး၊ ခိုးလည်းမခိုးဘူး၊ သူတစ်ပါးရဲ့သားမယားလည်း မပြစ်မှားဘူး၊ မကောင်းတာရှောင် တယ်။ ကောင်းပါတယ်။ ဒါပေမဲ့လို့ တစ်ခြားတစ်ဖက်မှာ ကောင်းမှုကုသိုလ် တစ်ခုမှ မလုပ်ဘူး။ အပြုသဘော၊ အကောင်းသဘောရှိတာတွေမှာ ပါ၀င်မလုပ်ဆောင်ဘူး ဖြစ်နေတတ်ပါတယ်။ ကျမ်းစာမှာ ကောင်းမှုများကို လှည့်လည်ပြုလုပ် လျှက်ရှိ၏ (တမန်-၁၀း၃၈) ဆိုတဲ့ ခရစ်တော်ရဲ့ ပုံစံနမူနာကို ကျွန်တော်တို့က အတုယူရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ် ဘ၀အသက်တာအတွင်းမှာ နေ့တိုင်းပဲ ကျွန်တော်တို့ရဲ့ အကူအညီကို တစ်နည်းတစ်ဖုံ လိုအပ်တဲ့ သူတွေ အမြဲတမ်းပဲ တွေ့ရတတ်ပါတယ်။ ရရှိလာတဲ့ အခွင့်အရေးကို အသုံးချပြီး ကောင်းမှုကို ပြုလုပ်ရပါလိမ့်မယ်။ ကူညီတယ်လို့ဆိုတဲ့ နေရာမှာလည်း ခန္ဓာကိုယ်၊ ဒြပ်၀တ္ထုပစ္စည်းပစ္စယနဲ့ ဆိုင်တာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ဝိညာဉ်ရေး၊ လူမှုရေး၊ စိတ်ဓာတ်ရေးရာပိုင်း တွေမှာလည်းဖြစ်နိုင်ပါတယ်။ အသက်ကြီး တဲ့သူတွေ၊ ဖျားနာတဲ့ သူတွေဆီကို သွားရောက်လည်ပတ်ကြည့်ရှုမယ်။ သူတို့ကို နားထောင် ပေးမယ်။ အားနည်းချက်တွေ၊ မကောင်းအချက်တွေကို ခဏဖယ်ထားပြီး၊ အထင်လွဲခံရတဲ့သူတွေ၊ ပုံကြီးချဲ့ခံရတဲ့ သူတွေကို နားလည်မှုအားပေးမှုနဲ့ ဂရုစိုက် ပေးနိုင်ပါတယ်။ တစ်ခါတရံမှာ ကျွန်တော်တို့ ဖြစ်တတ်တာက သူစိမ်းတွေ အပေါ်၊ အပြင်လူတွေ အပေါ်ကျ ကောင်းတတ်ပြီး၊ ကိုယ့်မိသားစု အပေါ်မှာတော့ ကြမ်းတမ်းတဲ့ လူတွေရှိတတ်တယ်။ မိမိ အိမ်က အလုပ်သမားတွေ၊ အသိမိတ်ဆွေတွေအတွက်လည်း အသက်ကြီးတဲ့အခါ၊ အလုပ်ထွက်တဲ့ အခါမှာ လုံခြုံမှုရှိဖို့ စီစဉ်ပေးမယ် စသဖြင့် မိမိတတ်နိုင်တဲ့ လုပ်နိုင်တဲ့ ဘောင်တွင်းကနေ ကူညီ မှုပေးနိုင်ပါတယ်။
အလှူဒါနနဲ့ ပတ်သက်ပြီး (တိုးဘိယ၀တ္ထု- ၄း၇-၁၂) မှာ သင်ပိုင်ဆိုင်ရာထဲမှ အလှူဒါန ပြုလော့။ အဘယ်ဆင်းရဲသူ တစ်ဦးဦးကိုမှသင်မျက်နှာ မလွှဲလေနှင့်၊ ဤသို့ဖြင့်ဘုရားသခင်၏ မျက်နှာတော်သည်လည်း သင့်အားလွှဲရှောင် သွားမည် မဟုတ်ချေ။ ငါ့သား သင်ပိုင်ဆိုင်သည့် အရာများနှင့် အချိုးညီစွာ စွန့်ကြဲ ပေးကမ်းလော့။ သင်သည် ကြယ်၀လျှင် ဖောဖောသီသီ ပေးကမ်းလော့။ သင့် တွင် အနည်းငယ်မျှ ရှိလျှင်လည်း ထိုအထဲမှ အနည်း အကျဉ်းကိုပင်လျှင် ကျေနပ်အားရစွာ ဝေငှပေးကမ်းလော့။ လှူဒါန်းရန် မတွန့်တိုလေနှင့်။ ဤနည်းအားဖြင့်သာလျှင် သင်သည် ချို့တဲ့တောင့်တမည့် နေ့ရက်တွင် သင်အဖို့ ကြီးစွာသော ရတနာကို သိုလှောင်စုဆောင်းထားမည်ဖြစ်၏။ အကြောင်းမူကား အလှူဒါနပြုခြင်းသည် အပြစ်ဒုစရိုက်နှင့် သေခြင်းမှ ကယ်တင်၍ ဝိညာဉ်ကို ဘ၀အမှောင်၌ မထားရစေသော အကျိုးကျေးဇူးပေး၏။ လှူဒါန်းခြင်းသည် အမြတ်ဆုံးသော ဘုရားရှင် မျက်မှောက်၌ အဖိုးထိုက်သော ပူဇော်သက္ကာဖြစ်၏ ဆိုတဲ့ နှိုးဆော်ချက်ကို တွေ့ရပါတယ်။(ဖိလိပ္ပိ-၂း၆-၇) အရ မိမိရဲ့ ဘုန်းအသရေတော်စွန့်ပြီး အစေခံရဲ့ ဇာတိကို ခံယူကာ သူတစ်ပါးအတွက် ပေးဆပ် အစေခံရင်း ဦးဆောင်လမ်းညွှန်အုပ်စိုးသူဖြစ်တဲ့ ခရစ်တော်ရဲ့ အုပ်ချုပ်စိုးပိုင်ခြင်းကို လက်ခံကာ နီးစပ်သူများကို ချစ်ခြင်းမေတ္တာဖြင့် ထိုဘုရင်နဲ့အတူ အစေခံကြပါစို့။
လူ့လောက နောက်ဆုံးစာမေးပွဲရဲ့ သင်တို့အချင်းချင်း ချစ်ကြပါ ဆိုတဲ့ တစ်ခုတည်းသော မေးခွန်းကို လက်တွေ့ ဖြေကြားနိုင်အောင်ကြိုးစားရင်း ခရစ်တော်ရဲ့ စိုးပိုင်အုပ်ချုပ်လမ်းညွှန်မှုကို ခံယူရင်း ထိုဘုရင်နဲ့အတူ ကောင်းကင်ဘုံမှာ စံမြန်းနိုင်အောင် ကြိုးစားကြပါစို့။
ခွန်အား
Crd to ခွန်အား
No comments:
Post a Comment