ဘုရားရှင်တစ်ပါးတည်းကိုသာ ရှိခိုးကိုးကွယ်ရမည့်အကြောင်းကို ပညတ်တော်(၁၀)ပါး၏ပထမဆုံးပညတ်က ဆိုထားသည်။ တောလည်ရာကျမ်းတွင် ဘုရားသခင်သည် "ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်၊ ဦးမချ၊ ဝတ်မပြုနှင့်"ဟူ၍ မိန့်ကြားခဲ့သည်။ (တော ၅း ၇၊၉) လူသားဖြစ်သောသူတော်စင်ကို မဆိုထားနှင့် ကောင်းကင်တမန်တော်တို့ကိုပင် ဘုရားကဲ့သို့ ရှိခိုးကိုးကွယ်ခြင်း မပြုထိုက်ပေ။
ကက်သလစ်များအနေဖြင့်လည်း ဤအမှန်တရားကို လက်ခံကြသည်။ တစ်ချိန်တည်းမှာပင် ကျွနု်ပ်တို့သည် "ရိုသေထိုက်သူကို ရိုသေကြလော့။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုကြလော့"(ရောမဩဝါဒ ၁၃း၇)ဟူသောကျမ်းစကားကိုလည်း လိုက်နာကြသည်။ ကျွနု်ပ်တို့ သည် ရဟန္တာများနှင့် ကောင်းကင်တမန်တော်တို့အား ရှိခိုးကိုးကွယ်ခြင်းမပြုသော်လည်း ချီးမွမ်းဂုဏ်ပြုခြင်းအမှုကိုမူ ပြုလုပ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အထက်ပါကျမ်းစကားအရ သူတို့သည် ချီးမွမ်းဂုဏ်ပြုခံထိုက်၍ပင်ဖြစ်သည်။
အဘယ့်ကြောင့် ထိုသူတို့သည် ချီးမွမ်းဂုဏ်ပြုခြင်းခံထိုက်သနည်း။ အကြောင်းမှာ သူတို့သည် ဘုရားသခင်၏မျက်မှောက်တော် တွင် ရပ်တည်လျက်ရှိနေကြပြီး ဘုရားသခင်နှင့်အတူ ပေါင်းစပ်လျက်ရှိနေကြသောကြောင့်ဖြစ်သည် (၁ ယော ၃း၂)။ ထိုသူတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တော်၏ပုံသဏ္ဌာန်တော်အတိုင်း တိုးတက်ပြောင်းလဲလာကြပြီး (၂ ကော ၃း၁၈) ကိုယ်တော်၏ဘုရားသခင်အဖြစ်တော်တွင် ပါဝင်ခံစားရသူများဖြစ်လာကြ၏ (၂ ပေ ၁း၄)။ ထို့ပြင် သူတို့သည် ဘုရားသခင်၏ သန့်ရှင်း စင်ကြယ်ခြင်း၌ ပါဝင်ခံစားပြီး(ဟေဗြေဦး ၁၂း၁၀)၊ ဘုရား သခင်၏ဘုန်းစည်းစိမ်တော်ကို စံစား၍ (ရောမ ၈း ၁၁-၁၇၊ ၁ ပေ ၅း၁)၊ ဘုရားသခင်၏ဉာဏ်ပညာတော်နှင့် စီရင်ဆုံးဖြတ်ပိုင်ခွင့်တို့ကိုလည်း မျှဝေခံစားကြရလေသည်။ (၁ ကော ၆း၂-၃၊ ၁၃း၁၂၊ ၂ တီ ၂း၁၂၊ ဗျာဒိတ် ၃း၂၁)
ကျွနု်ပ်တို့သည် သူတော်စင်များကို ဂုဏ်ပြုချီးမွမ်းကြသောအခါ ဘုရားသခင်နှင့်သက်ဆိုင်သောဂုဏ်ပြုချီးမွမ်းခြင်းကို ကိုယ်တော် ရှင်အား မပေးရာရောက်သလော၊ မည်သို့မျှမရောက်နိုင်ပါ။ ထိုသူတို့သည် ဘုရားသခင်၏ပြီးပြည့်စုံသောလက်ရာတော်များဖြစ်သဖြင့် (ဧဖက် ၂း၁၀) ထိုလက်ရာတော်ကို ချီးမွမ်းသောအခါ ပြောဆိုပြုမူသမျှသောဂုဏ်ပြုခြင်းတို့သည် ဖန်ဆင်းရှင် (သို့) လက်ရာတော် ပိုင်ရှင်ဆီသို့သာ ရောက်ရှိလေသည်။ အကယ်၍ ကောင်းကင်နှင့် မြေကြီးသည်ပင်လျှင် ကိုယ်တော်ရှင်၏ဘုန်းဂုဏ်တော်နှင့် လက်ရာတော်ကို ချီးမွမ်းဂုဏ်ပြုကြလျှင် (ဆာလံ ၁၉း၂) ဉာဏ်ပညာနှင့် တရားမျှတခြင်းတို့၌ ပြီးပြည့်စုံပြီး ကောင်းကင်မျက် နှာကြက်၏ဂုဏ်ကျက်သရေကဲ့သို့ ထွန်းလင်းကြ၍ ကြယ်များကဲ့သို့ အစဉ်ထာဝရ ထွန်းလင်းကြသော (ဒါနီအဲလ် ၁၂း၃) ထိုရဟန္တာများကို ကျွနု်ပ်တို့လူသားများအနေဖြင့် ပို၍ပင်ချီးမွမ်းဂုဏ်ပြုသင့်ပေသည်။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် "ပုံတုယူလိုက်ကျင့်ခြင်းသည် အကောင်းဆုံးသောချီးမွမ်းဂုဏ်ပြုခြင်းပင်ဖြစ်သည်" ဟူသော ရှေးအဆိုအမိန့်ကို ကျွနု်ပ်တို့သတိချပ်သင့်သည်။ ရဟန္တာများကို ချီးမွမ်းဂုဏ်ပြုသည့်နည်းလမ်းများတွင် ဘုရားသခင်အပေါ် ထားရှိသော ၎င်းတို့၏ယုံကြည်ခြင်းကို ပုံတုယူလိုက်ကျင့်ခြင်းမှာ အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပေတော့သည် (ဟေဗြေဦး ၆း၁၁-၁၂၊ ၁၃း၇)။
(မျိုးကြဲသူ)
Crd!Sower CBCM(မျိုးကြဲသူ ဝိညာဥ်ရေး စာစောင်)
No comments:
Post a Comment