ကျွန်ုပ်တို့သည် အမိ၀မ်းထဲတွင် (၉)လတာမျှ ရှိနေခြင်းသည် လောက ကြီးထဲ ရောက်လာရန် ပြင်ဆင်နေခြင်းဖြစ်သလို လောကကြီးထဲ ရောက်လာ ကြသည့် လူတိုင်းသည် ကောင်းကင်နိုင်ငံတော်အတွက် ပြင်ဆင်နေကြရမည်။ သို့ဖြစ်၍ကောင်းကင်နိုင်ငံသွားရန် သေခြင်းကို ခံကြရမည်။ ထိုသေခြင်းသည် ကောင်းကင်သွားရာ တံခါး၀ပင်ဖြစ်သည်။
လူတစ်ဦးတွင် ခန္ဓာနှင့်ဝိညာဉ်ကို ခွဲခြားထား၍မရပေ။ လူသားခန္ဓာ ကိုယ်သည် ဝိညာဉ်နှင့် ကွဲကွာသွားရခြင်းကို သေခြင်းဟုတစ်ချို့ကအသိမှတ်ပြုကြ သည်။ သေခြင်းပြီးနောက် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် ပျက်စီး၊ပျောက်ကွယ် သွားလိမ့်မည်။ ထို့အပြင် လူတစ်ဦးသည် ခန္ဓာရှင်နေသော်လည်း သူ့ဝိညာဉ်သည် သေနေနိုင်သည်။
ဝိညာဉ်သေခြင်းဆိုသည်မှာ လူ့ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာ နေသောအခြေအနေဖြစ်သည်။ လူတစ်ဦးသည် ဝိညာဉ်ရှင်သန်ဖို့မကြိုးစားလျှင် ခန္ဓာသေပြီးသော် သူတို့သည် ဘုရားသခင်နှင့် ထာ၀ရကွဲကွာသွားရလိမ့်မည်။
ခန္ဓာကိုယ်သေဆုံးခြင်းသည် သဘာ၀တရားဖြစ်သော်လည်း ကျမ်းစာ တော်မြတ်တွင် သံပေါလူးက "အပြစ်၏ အဖိုးအခသည်ကား သေခြင်းပင်ဖြစ်၏" ဟုဆိုထားပါသည် (ရောမ ၆း၂၃)။ တနည်းအားဖြင့် သေခြင်းတရားဆိုသည်မှာ ကျွန်ုပ်တို့အားလုံး ပြန်ပေးဆပ်ရမည့် အကြွေးရှင်နှင့်တူနေသည်။ လူသည် သဘာ၀အားဖြင့် သေခြင်းနှင့်ကြုံတွေ့ရမည်ဖြစ်သော်လည်း သေပြီးလျှင်ဘာဖြစ်မည်၊ ဘယ်သွားရမည်ကို မသိကြပေ။တချို့သွန်သင်ချက်များ၌ လူသည် သေဆုံးပြီးနောက် တစ်ဘ၀မှ အခြား ဘ၀သို့ သံသရာလည်နေသေးကြောင်း၊ ခန္ဓာသေပြီးသော်လည်း သူ၏ဝိညာဉ် သည် တစ်ဦးပြီးတစ်ဦးဆီသို့ သွားရောက်နေသည်ဟု သွန်သင်ကြသည်။ သေခြင်း တရားသည် အခြေအနေတစ်ခုမှ တစ်ခုသို့ပြောင်းလဲသွားခြင်း ဖြစ်သော်လည်း အသင်းတော်၏သွန်သင်ချက်တွင် အသက်ရှင်ခြင်း၊သေခြင်းသည် တစ်ကြိမ် တည်းသာကြုံတွေ့ရမည်ဖြစ်ပြီး သေခြင်းပြီးနောက် တရားစီရင်ခြင်းနှင့် နောက်ဆုံးပန်းတိုင်ရှိ၏ဟူ၍ဖြစ်သည်။ "လူသည်ကား တစ်ကြိမ်တည်းသာသေပြီးနောက် တရားစီရင်တော်မူခြင်းကို ခံရမည်"(ဟေဗြဲ ၉း၂၇)ဟု သံပေါလူးကဆိုထား ပါသည်။ ကျွန်တော်တို့၏ သေခြင်းသည် ငရဲငယ်၊ ကောင်းကင်နှင့် ငရဲကြီးသို့ ဦးတည်နေသည်။ လူတစ်ယောက်သည် အခွန်ငွေကြေးမပေးဘဲနေ၍ ရကောင်း ရမည် သေခြင်းတရားအား မည်သူမျှရှောင်လွဲ၍မရပေ။
သေခြင်းသည် အပြစ်ပြုလုပ်ခြင်းဖြင့် ဆက်နွယ်မှုရှိနေသည်ဟု သိထား ကြသည်။ ကမ္ဘာဦးကျမ်းတွင် အာဒံ၏ အပြစ်အကျိုးဆက်ကြောင့်သာမက ယခုလက်ရှိ ကိုယ်တိုင်ပြုလုပ်သောအပြစ်ကြောင့် သေခြင်းကိုခံကြရသည်ဟု တနည်းအားဖြင့် မှတ်ယူနိုင်သည်။
ကမ္ဘာဦးကျမ်း ၂း၁၇ တွင် "ထိုအပင်၏ အသီးကိုကားမစားရ၊ စားသော နေ့တွင် ဧကန်အမှန်သေရမည်" အာဒံသည် မစားရဟုပညတ်ထားသောအသီးကို စားခြင်းဖြင့်ဘုရားသခင်၏ပညတ်တော်ကိုမနာခံခဲ့ပေ။ သူသည်ထာ၀ရကတည်ရှိ သောဘုရားသခင်နှင့်တူချင်သောကြောင့်ဖြစ်သည်။ အာဒံသည် အပြစ်လုပ်ပြီး သေခြင်းကိုရှောင်ရှားလိုခဲ့သည်။ ထိုအချိန်မှစ၍ပထမလူသားများသည် အသက် ၏အသီးကိုစားခြင်းဖြင့် ခန္ဓာသေခြင်းအဖြစ်အခြေအနေသို့ ရောက်ရှိသွားခဲ့ သည်။ ထို့ကြောင့် သေခြင်းတရားသည် လူသားအပြစ်နှင့် ဘုရားကိုမနာခံခြင်း ကြောင့်ဖြစ်ပေါ်လာသည်။ တနည်းအားဖြင့် အပြစ်လုပ်ခြင်းအကြောင်းနှင့် အကျိုးတရားကြောင့်ဖြစ်ပေါ်လာခဲ့သည်။ အပြစ်မတိုင်မီသေခြင်းရောက်လာ သည်မဟုတ် အပြစ်လုပ်ပြီးမှသေခြင်းသည်ရောက်လာခဲ့သည်။ (ကမ္ဘာဦး-၃း ၁-၇)။ ငှင်းအပြင် အပြစ်ထဲကျရောက်သွားခဲ့ရသော အကျိုးရလဒ်ကြောင့် လူသား များသည် ဘုရားသခင်၏စီရင်ဆုံးဖြတ်ခြင်းကို သေခြင်းအားဖြင့်ခံကြရမည်။ လူသည် သဘာ၀အားဖြင့် အပြစ်ကြောင့် သေကြေပျက်စီးနိုင်သော် လည်း ဘုရားသခင်၏ မူလဖန်ဆင်းခြင်းတွင် သေခြင်းတရား မရှိခဲ့ပေ။ "အဘယ့် ကြောင့်ဆိုသော် ဘုရားသခင်သည် သေခြင်းတရားကို ဖန်ဆင်းသည်မဟုတ်။ အသက်ရှင်သော သူတို့၏ ပျက်စီးခြင်းတွင် ကိုယ်တော်သည် ဝမ်းမြောက်ပျော်ရွှင် တော်မမူချေ" (ပညာပါရမီ ၁း၃)။
အပြစ်ရင်းကြောင့် လူသားမျိုးနွယ်အားလုံး သေခြင်းကိုခံကြရသော ကြောင့် ထိုအပြစ်ရင်းသည် လူသားအားလုံးနှင့်ဆိုင်ပြီး သေခြင်းသည် အပြစ် အတွက် အပြစ်ဒဏ်ပေးရခြင်းဖြစ်သည်။ ထို့ကြောင့် သေခြင်းသည် လူသား အားလုံးနှင့်ဆိုင်သည်။ "ထို့ကြောင့် မကောင်းမှုသည် တစ်ယောက်သောသူအား ဖြင့် ဤလောကအတွင်းသို့ ၀ငျရောကျလာခဲ့၍ ထိုမကောင်းမှုအားဖြင့် သေခြင်း တရား၀င်ရောက်လာခဲ့၏။ ဤသို့ဖြင့် လူအပေါင်းတို့သည် အပြစ်ကျူးလွန် ကြသောကြောင့် သေခြင်းသည် လူအပေါင်းတို့အပေါ်သို့သက်ရောက်လေ၏" (ရောမ ၅း၁၂)။
ထို့ပြင် လူသားအားလုံးနှင့် ဆိုင်သည်ဟုဆိုသော သေခြင်းနှင့်ပတ်သက် ၍ ကောင်းမြတ်သောအရှင်သခင်နှင့် သူ၏အမိတို့ ဖြစ်ရပ်များသည် ထူးခြား ဆန်းကျယ်လှပေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အပြစ်ရင်းနှင့် ကင်းလွတ်ကြသူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏သေခြင်းသည် အပြစ်၏ အကျိုးဆက်ကြောင့် မဟုတ်သလို အပြစ်အတွက် အပြစ်ဒဏ်ပေးဆပ်ရခြင်းဟု သတ်မှတ်၍မရပေ။
ထိုအရှင် ခရစ်တော်သည် အပျိုကညာမှ ဖွါးမြင်ခဲ့ပြီး သူ၏မိခင်သည် လည်း အပြစ်မဲ့သန္ဓေယူခဲ့သည်။ သူတို့သည် လူသားတစ်ဦးအနေဖြင့် သဘာ၀ တရားအရ သေခြင်းကိုခံခဲ့ကြသည်။ ကျန်သောလူသားများအတွက်မူ သေခြင်း သည် ရှောင်လွဲ၍မရသော အပြစ်ဒဏ်ဖြစ်သည်။
သေခြင်းအားဖြင့် ဝိညာဉ်သည် ခန္ဓာကိုယ်နှင့် ကင်းကွာသွားခဲ့ရသော် လည်း ရှင်ပြန်ထမြောက်သောနေ့တွင် ဘုရားသခငျသညျကြှနျုပျတို့ခန်ဓာကိုယျအား မပျက်စီးနိုင်သော အသက်ကိုပေးလိမ့်မည်။
ထို့ကြောင့် သေခြင်းနှင့်တွေ့ကြုံရသောလူသားတိုင်းသည် တစ်နေ့ သေခြင်းမှ ရှင်ပြန်ကြလိမ့်မည်ဖြစ်သော်လည်း ထိုသူတို့၏လုပ်ရပ်များကြောင့် စီရင်ဆုံးဖြတ်ခြင်းကိုခံကြရမည်။ "ကောင်းသောအကျင့်ကို ကျင့်ကြံသော သူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်း၊ မကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်းရောက်ကြလိမ့်မည်" (ယောဟန် ၅း၂၉)။
ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်သည် ကျွန်ုပ်တို့နှင့် အမြဲရှိနေ သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း နောက်ဆုံးသောနေ့တွင် ရှင်ပြန် ထမြောက်ရလိမ့်မည်။ "ယေဇူးကလည်း သူမအားမိန့်တော်မူသည်ကား ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေပြီးသော်လည်း အသက်ရှင်လိမ့်မည်" (ယောဟန် ၁၁း၂၅)။
ခရစ်တော်၏ကျေးဇူးတော်နှင့် သေဆုံးသောသူသည် ခရစ်တော်၏ စစ်မှန်သော သေခြင်း၌ပါ၀င်ကြသူများဖြစ်ကြသလို ခရစ်တော်၏ရှင်ပြန် ထမြောက်ခြင်းကိုလည်း မျှဝေခံစားကြရမည်။ "ထို့ကြောင့် ငါတို့သည် ဆေးကြော ခြင်းအားဖြင့် ကိုယ်တော်နှင့်အတူ သေခြင်း၌သင်္ဂြိုဟ်ခြင်းကိုခံခဲ့ကြ၏။ ဤသို့ဖြင့် ခရစ်တော်သည် ခမည်းတော်၏ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှထမြောက် တော်မူခဲ့သည့်နည်းတူ ငါတို့သည်လည်း အသစ်သောအသက်တာ၌လျှောက် လှမ်းနိုင်ကြမည်ဖြစ်၏" (ရောမ ၆း၄)။
ကျွန်ုပ်တို့ကယ်တင်ရှင် ယေဇူးသည် သေခြင်း၏အဓိပ်ပါယ်သစ်၊ ဘ၀သစ် ကိုပေးခဲ့သည်။ ရဟန္တာဖရန်စစ်က "သေခြင်းတရားသည် ထာ၀ရ အသက်ကို မွေးဖွါးပေးခြင်းဖြစ်သည်" ဟုဆိုထားသည်။ ခရစ်ယာန်များယုံကြည်ကြသော ဘ၀ဆိုသည်မှာ ပြောင်းလဲခြင်း၊ အဆုံးသတ်ခြင်းမဟုတ်ပေ။ ဘ၀ရှိလျှင် သေခြင်းရှိနေဦးမည်။ ထိုသေခြင်း သည်ရှောင်လွဲ၍မရသော ကြောက်မက်ဖွယ်ရာ အဆုံးသတ်မဟုတ်၊ အားလုံးပြီးဆုံးသွားခြင်းလည်းမဟုတ်ပေ။ ထိုသေခြင်း၌ သာလျှင် ကိုယ်တော်ရှင် ကတိထားသည့် ထာ၀ရသုခချမ်းသာကိုရရှိနိုင်ကြမည်။ ကျွန်တော် တို့သိထားရမည်မှာ ခရစ်တော်သည် သူ၏နာခံခြင်းဖြင့် သေခြင်း၏ ဆိုးကျိုးကို ကျေးဇူးတော်တစ်ခုအနေသို့ပြောင်းလဲပေးခဲ့သည်။
ကျွန်ုပ်တို့၏ လောကဆိုင်ရာနေအိမ်ဖြစ်သော ခန္ဓာကိုယ်သည် သေခြင်း နှင့်ကြုံတွေ့ရသောအခါ ကျွန်ုပ်တို့သည် ကောင်းကင်၌ ထာ၀ရအိမ်တော်မှ နေရာကိုရရှိကြလိမ့်မည်။ ထို့ကြောင့် သေခြင်းသည် လောကဆိုင်ရာ အဖြစ်အခြေအနေမှ ကောင်းကင်ဆိုင်ရာ အဖြစ်အခြေအနေသို့ ပြောင်းလဲသွား ခြင်းဖြစ်သည်။
သူငယ်တော်လေး၏သံတာထရေဇားက "သေခြင်းဆိုသည်မှာ လူသား ဝိညာဉ်သည် အသက်ရှင်သောဘုရားအား တွေ့ဖို့သွားခြင်းဖြစ်သည်" ဟု ဆိုထားပါသည်။
သေခြင်းတွင် ဘုရားသခင်သည် လူများအား သူ့ဆီသို့ ခေါ်နေခြင်း ဖြစ်ပြီး ခရစ်ယာန်များသည် ထိုအရာကိုသိ၍ သေရန်ဆန္ဒရှိလာနိုင်ကြသည်။ ဤလောကဘ၀အသက်တာ၏ ဒုက္ခများကိုကျော်လွန်၍ ပျော်ရွှင်သောပန်းတိုင် အတွက် ဘုရားသခင်သည် လူသားများကို ဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင် သည် ပျက်စီးခြင်းအားလုံး ကျော်လွန်၍ ဘုရားအသက်တာတွင် ထာ၀ရမျှဝြေခင်းအားဖြင့် လူသားတစ်ရပ်လုံးအား သူနှင့်ပေါင်းစပ်ရန်ဖိတ်ခေါ်နေသည်။
သေခြင်းသည် တစ်ခုတည်းသော ကောင်းကင်သွားရာ တံခါးဝြဖစ်ပြီး ထာ၀ရအိမ်တော်တွင် ကြှနျုပျတို့၏ အရှင်သခင်နှင့် အတူနေထိုင်ခြင်းဖြစ်သည်။ "ငါ၏အလိုဆန္ဒသည်ကား ဤနေရာမှ စွန့်ခွါ၍ ခရစ်တော်နှင့် အတူရှိရန်ဖြစ်၏။ အကြောင်းမူကား ထိုအရာသည် များစွာသာလွန်ကောင်းမွန်၏" (ဖိလိ ၁း၂၃)။
အာဗီလာမြို့မှ စိန်ထရေဇားက "ကျွန်မသည် ဘုရားကိုတွေ့ချင်သည်။ ဘုရားကိုတွေ့ရန် ကျွန်မသေရဦးမည်" ဟုဆိုထားပါသည်။
သေခြင်းသည် အားလုံးနှင့်ဆိုင်ပြီး သိခွင့်မရသေးသောဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထိုအရာသည် နက်နဲဖွယ်ရာများကို ဖုံးကွယ်ထားသောကြောင့် လူအ များစုသည် သေခြင်းကို ကြောက်ကြသည်။ ထိုသေခြင်းအား စမ်းသပ်ခွင့်လည်း မရှိပေ။ ထိုသေခြင်းတွင် လူသားအားလုံး ပါ၀င်ကြရမည်။ ရှောင်ရှား၍မရသော၊ သေချာသောအရာသည် သေခြင်းပင်ဖြစ်သည်။ ထိုသေခြင်းကို မဖိတ်ခေါ်သော် လည်း၊ စောင့်မနေသော်လည်း သေခြင်းသည်သင့်ထံသို့ရောက်လာလိမ့်မည်။
မည်သူမျှမသိရှိသေးသောသေခြင်းတွင် ကောင်းကြီးတော်များ ရရှိမည် ကိုလျစ်လျူပြီး မကောင်းဆိုးကျိုးများသာ ရရှိလိမ့်မည်ဟု ထင်ထားသောကြောင့် လူများသည် သေဖို့ရန်ကြောက်နေကြသည်။
လူတစ်ယောက်သည် ဘုရားနှင့် ဆက်သွယ်ရသော အဆုံးသတ်အခွင့် အရေးသည် သေခြင်းဖြစ်သည်။ ခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက် ခဲ့သည့်နည်းတူ ကျွန်ုပ်တို့သည်လည်း တစ်နေ့ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟု မျှော်လင့်ချက်ရှိကြသည်။ ထို့အတူ ခရစ်တော်က "ငါ့ကိုယုံကြည်သောသူသည် တစ်နေ့ရှင်ပြန်လိမ့်မည်" ဟု ကတိထားခဲ့သည်။ ထို့ကြောင့် သေခြင်းမှ ရှင်ခြင်းသို့ ရောက်ရှိဖို့ရန် ခရစ်တော်အား ယုံကြည်ခြင်းဖြင့် ကောင်းကင်၏တံခါးဝြဖစ်သော သေခြင်းမှ ကိုယ်တော်ကတိထားရာထာ၀ရအသက်ရှင်ခြင်း သုခချမ်းသာရရှိဖို့ အတူကြိုးစားကြပါစို့။
Refs:
=Catechism of the Catholic Church, 1006-1011
=Josehp T.Kelley,"The four last things", NY,2006,Pp.10-30
=Jose Mario B.Mazimiano, "The spiritual man", Manila,Feb 15,1996,Pp.241-255.
=Corey Keating,"Death: A Theological Position Statement",2002.
Crd-Luke Tushan
No comments:
Post a Comment