လယ်သမားကြီး ဦးမဲဟာ သူ့ခြံအပြင်နားမှာ သူတူးထားခဲ့တဲ့ ရေတွင်းကို အိမ်နီးချင်းဖြစ်သူ လယ်သမားကြီး ဦးဖြူကို ရောင်းလိုက်တယ်။
နောက်နေ့မနက်ရောက်တော့ ရေတွင်း၀ယ်လိုက်တဲ့ ဦးဖြူဟာ ရေတွင်းထဲက ရေကို ပုံမှာ ကြိုးတတ်ပြီး ခပ်ယူဖို့ လုပ်နေတယ်။ ဦးမဲဟာ အနားကို
ရောက်လာပြီး ဦးဖြူကို ရေခပ်ခွင့်မရှိဘူးလို့ ပြောလိုက်တယ်။ ဦးဖြူက ရေတွင်းကို သူဝယ်ပြီးလို့ သူ့ရေတွင်းဖြစ်နေပြီ။ သူ့ရေတွင်းထဲက ရေကို ဘာကြောင့် ခပ်ခွင့်မရှိတာလဲလို့ ပြန်မေးတော့ ဦးမဲက ခုလို ပြန်ပြောတယ်။
"ငါ ရေတွင်းကိုပဲ ရောင်းလိုက်တာပါ။ တွင်းထဲက ရေကို ရောင်းတာ မဟုတ်ဘူး။ ဒါကြောင့် တွင်းထဲက ရေဟာ ငါပိုင်နေသေးတာဖြစ်လို့ မင်းမှာ ငါ့ရေကို ခပ်ခွင့်မရှိဘူး။
အေး မင်း ရေခပ်ချင်ရင် ငါ့ကို ရေဖိုးပိုက်ဆံပေးရမယ်”
ဦးဖြူလည်း စိတ်ပျက်သွားတယ်။ ဒါပေမဲ့ ဒါဟာ ဦးဖြူက သူ့ကို မတရားအနိုင်ကျင့်လိုက်တာပဲလို့ ထင်တာကြောင့် တရားရုံးမှာ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တိုင်ကြားလိုက်တယ်။
တရားသူကြီးက ဦးမဲကို ရုံးတော်ကို လာဖို့ ဆင့်ခေါ်လိုက်တယ်။ ရုံးတော်ကို ရောက်လာတဲ့ ဦးမဲကို တရားသူကြီးက ခုလို မေးလိုက်တယ်။
"မောင်မင်း ဘာကြောင့် ဦးဖြူကို ရေတွင်းထဲက ရေကို ခပ်ယူခွင့်မပေးရတာလဲ။ မောင်မင်းက သူ့ကို ရေတွင်းကို ရောင်းထားပြီမို့ သူ့ရေတွင်းဖြစ်သွားပြီလေ"
"တရားသူကြီးမင်း ခင်ဗျာ၊ ကျွန်တော်က ရေတွင်းကိုသာ ရောင်းလိုက်တာပါ။ ရေကို ရောင်းတာ မဟုတ်လို့ ကျွန်တော်ပိုင်တဲ့ ရေဖြစ်နေပါတယ်။
ဒါကြောင့် သူ့မှာ ကျွန်တော့်ရေကို ခပ်ယူခွင့်မရှိပါဘူး။ သူ ခပ်ယူချင်ရင် ကျွန်တော့်ကို ရေဖိုးပေးရပါမယ်”
"ရေတွင်းထဲက ရေဟာ မောင်မင်းရဲ့ ရေတွေ မှန်တယ်နော်”
"အသေအချာ မှန်ပါတယ်။ ကျွန်တော်မျိုး ဦးပဲရဲ့ ရေတွေ ဖြစ်ပါတယ် ခင်ဗျာ” လို့ ဦးမဲက ရင်ကော့ပြီး ရဲရဲဝံ့ဝံ့ ဖြေလိုက်ပါတယ်။ တရားသူကြီးက ခုလိုအမိန့်ချလိုက်ပါတယ်။
"ဦးပဲဟာ တရားလို ဦးဖြူကို ရေတွင်းကို ရောင်းပြီးပါပြီ။ ဒါပေမဲ့ သူက ရေတွင်းထဲက ရေတွေကို ရောင်းတာမဟုတ်တဲ့အတွက် တွင်းထဲက ရေဟာ သူ့ရေလို့ပြောပါတယ်။ ဒါကြောင့် ဦးပဲဟာ ဦးဖြူးပိုင်တဲ့ ရေတွင်းထဲမှာ သူ့ရေတွေ ထားတဲ့အတွက် ဦးဖြူကို ရေထိန်းသိမ်းခအဖြစ် တစ်ရက်ကို ကျပ်တစ်သောင်း
တိတိ ပေးလျော်စေ။ ဦးဖြူကို ရေတွင်းရောင်းလိုက်တဲ့
နေ့ကစပြီး ယနေ့အထိ စုစုပေါင်းရက်ကို တွက်ပြီး ချက်ချင်း ပြန်ပေးရမယ်။ အကယ်၍ ဦးမဲဟာ အဲဒီရေထိန်းသိမ်းခကို မပေးချင်ရင် ရေတွင်းထဲက သူ့ရေတွေကို ယနေ့ နေမ၀င်ခင်မှာအပြီးစုပ်ယူထုတ်ပြီး
သူ့အိမ်ဝင်းထဲမှာ သိမ်းထားခွင့်ရှိပါတယ်”
ဦးမဲဟာ သူ့ကိုယ်သူ လည်လှပြီလို့ ထင်နေတာ မှန်ကန်စွာ ဆုံးဖြတ်တတ်တဲ့ တရားသူကြီးကိုတော့ သူ လှည့်စားလို့ မရဘူးဆိုတာကို အခု ကောင်းကောင်း သိလိုက်ပါပြီ။
(လူလိမ်ဆိုတာ အသိဉာဏ်ပြည့်စုံပြီး မှန်ကန်သူနဲ့ တွေ့ရင် ခံရတာပါပဲ။ )
(ဗန်မော်သိန်းဖေ၏မျှဝေလိုသောအတွေးများမှ)
No comments:
Post a Comment