ပညာရှိ
*******
သီကိုရှင်း
တစ်ချိန်တစ်ခါတုန်းက အတွေးအခေါ်ပညာရှင်ကြီး ဆိုခရေးတီးကို ကမ္ဘာပေါ်မှာ ပညာအရှိဆုံး ပုဂ္ဂိုလ်ကြီးဆိုပြီး တော့ အကြားအမြင်ဆရာ နတ်၀င်သည်တစ်ဦးဖြစ်သူ ဒယ်လ်ဖီမြို့မှ အော်ရာကယ်လ်က မိန့်ခဲ့ဖူးပါတယ်။ ဒီအကြောင်းကို ကြားတဲ့အခါမှာ ကြားတဲ့လူတချို့က ဆိုခရေးတီးဆီသွားပြီး အော်ရာကယ်လ်က သူ့ကို ကမ္ဘာပေါ်မှာ အမြော်အမြင်ပညာအရှိဆုံးလို့ မိန့်လိုက်တဲ့အကြောင်း ပြောပြကြတယ်။ သူတို့လာပြောပြတာတွေ ကြားတော့ ဆိုခရေးတီးက ရယ်ပါလေရောတဲ့။ ပြီးတော့ သူက ပြန်ပြောလိုက်တယ်။
"အော်ရာကယ်လ်ရဲကအကြောင်း ငါ့ကို အရင်ဆုံး လာပြောပြဖို့ ကောင်းတယ်ကွ၊ ငါ ငယ်ငယ်တုန်းက အခု သူထင်သလို ကိုယ့်ကိုယ်ကို ပညာအရှိဆုံး၊ သူများထက် အတော်ဆုံးလို့ ထင်ခဲ့မိတာ။ ဘာလို့လဲဆိုတော့ ငါ ဘယ်တုန်းကမှ ကိုယ့်ကိုကိုယ် ဘာမှ မသိတဲ့သူတစ်ယောက်လို့ မတွေးခဲ့မိဘူး။ လူ့အနေနဲ့ ဘုရားသခင်ရဲ့ ထူးဆန်းနက်နဲဖွယ်တည်ရှိခြင်းအကြောင်းတွေကို မသိနိုင်ဘူးဆိုတာလည်း မတွေးခဲ့မိဘူး။ ငါ ထင်တာက တည်ရှိသမျှ အရာရာတိုင်းကို ငါသိနိုင်တယ်။ အနည်းဆုံး မသိနိုင်ရင်တောင် အဲ့ဒီအရာတွေဟာ သိနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ ငါ ထင်ခဲ့တာ။ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ အသက်အရွယ် ရင့်ကျက်လာတဲ့အခါ ငါပိုပြီး သိလာလေလေ ငါမသိတဲ့အရာတွေ အများကြီး ရှိသေးပါလားဆိုတာကို သတိပြုမိ လာလေလေပဲ။ မင်းတို့ … အော်ရာကယ်လ်ဆီ ပြန်သွားကြ။ ပြီးတော့ ဆိုခရေးတီးဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဘာမှ မည်မည်ရရ သိတာမဟုတ်ဘူး။ သာမန်ပညာမဲ့တစ်ယောက်ထက် မပိုဘူးဆိုတဲ့အကြောင်း ပြောပြလိုက်ပါ" ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။
အဲ့ဒီလူတွေလည်း အော်ရာကယ်လ်ဆီပြန်သွားကြပြီး ဆိုခရေးတီး မှာလိုက်တဲ့ အကြောင်းတွေကို ပြောပြကြတယ်။ "ဆိုခရေးတီးက ကမ္ဘာပေါ်မှာ ပညာအရှိဆုံးပါလို့ ခင်များပြောတာကို ငြင်းချလိုက်တယ်။ သူက သူ့ကိုယ်သူ ဘာမှ မသိတဲ့ ပညာမဲ့လူသားတစ်ယောက်လို့ ခံယူထားတာဗျ" ။
သူတို့စကားဆုံးတော့ အော်ရာကယ်လ်က ခပ်ပြုံးပြုံးလေးနဲ့ "အဲ့ဒါ ပြောတာပေါ့။ ဆိုခရေးတီးက ပညာရှိတဲ့သူတစ်ယောက်ပဲ။ ပညာအမြော်မြင်ရှိတဲ့သူဆိုတာ ကိုယ့်ရဲ့မသိ နားမလည်မှုတွေကို လက်ခံအသိမှတ်ပြုတဲ့သူကို ခေါ်တာကွ" လို့ ပြန်ဖြေလိုက်ပါတော့တယ်။
သီကိုရှင်း
(Ref; Don Bosco's Madona, Nov.2010 မှ The Wise) ကို ဘာသာပြန်ထားသည်
No comments:
Post a Comment