ဟိုး .... ခပ်ငယ်ငယ်က
ကျွန်တော်ဘဝမှာ အရင်ဆုံး စစ်တုရင် ကစားနည်း သင်ပေးရင်းနဲ့ ဆုံးမခဲ့ဘူးတဲ့ အဖေစကားတွေကို အခုထိ သတိရမိသေးတယ် ။
အဖေရဲ့ စစ်တုရင်ပညာ အဆင့်အတန်းကလည်း တော်တော်လေးကောင်းတယ်ပြောရမှာပဲ ။ အဲဒီတုန်းက ၈၈ အရေးအခင်း ကာလဆိုတော့ အရပ်ထဲက လူကြီး ၊ လူငယ် တော်တော်များများ အဖေနဲ့ စစ်တုရင် လက်ရည် စမ်းချင်လို့ဆိုပြီး မိုးလင်းမိုးချုပ် မောင်ချမ်းတို့ အိမ်မှာပဲ တစ်ရုန်းရုန်းနဲ့ ဆုံဖြစ်ခဲ့ကြတာပေါ့ ။
အစပိုင်းတော့ အိမ်မှာ လူတွေက တဝုန်းဝုန်းနဲ့ ကျွန်တော်ဆို သိပ်ပျော်ခဲ့ရတာပေါ့လေ ။ စစ်တုရင်ခုံမှာ အခြားလူတွေသာ တစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားမယ် , အဖေကတော့ ပန်းပန်လျှက်ပဲ ။ နောက်တော့ အဲဒီလူတွေ တဖြည်းဖြည်းနဲ့ ပျောက်သွားလိုက်ကြတာ ၊ စစ်တုရင်ခုံမှာ ကျွန်တော်တို့ သားအဖ နှစ်ယောက်ပဲ နောက်ဆုံး ကျန်ရစ်ခဲ့တော့တယ် ။
အဲဒီတော့မှ အဖေက စစ်တုရင်ထိုးနည်း သင်ပေးရင်းနဲ့ ရှင်းပြတယ် ။
ဒီလူတွေက ကိုယ့်ပြိုင်ဘက်ကို နိုင်ချင်တဲ့စိတ် တစ်ခုကလွဲရင် ကိုယ့်ပညာကို မြှင့်တင်ဖို့ ဘယ်သော်အခါမှ လုံးဝမစဉ်းစားခဲ့ကြဘူး ၊ မကြိုးစားခဲ့ကြဘူး ....... ။ အဲဒါ အမှားဆုံးပဲ သားရဲ့ သတိထားကွ ။ သူတို့ရဲ့ မခံချင်စိတ်တွေနဲ့ တနေကုန်ဝိုင်းဆော့ကြတော့ အဖေလည်းအိမ်မှာ အလုပ်ပျက်တာပေါ့ ။ ဒါကြောင့် ..
ယတိပြတ်ကြီး မငြင်းလိုက်ချင်တာနဲ့ နောက်တဆင့်တက်ပြီး ပိုက်ဆံကြေး စမ်းထိုးကြည့်တယ် ။ ငွေကြေးပါလာတော့ ပိုဆိုးတာပေါ့ သားရယ် ။ ရှိရင်းစွဲအခင်အမင်တွေပါ ပျက်ကုန်ပါရောလား ။ နောက်ဆုံး အဖေဘက်က အလျှော့ပေးပြီး အရှုံးခံ ထိုးပေးလိုက်တော့မှ .... ဟားးးးး ဒီလူတော့ လက်ရည်ကျသွားပါပြီကွာလို့ တွေးပြီး လာကို မလာကြတော့တာ ။ လောကကြီးကိုက ဒီလိုပဲသား ။
အဖေကဆက်ပြောပြတယ် ....
“ ပြိုင်ဘက်တိုင်းကို နိုင်ချင်တာ လူ့သဘာဝပဲ သား ။ အေး ဒါပေမယ့် .... ကိုယ် ကျွမ်းကျင်မယ့် နေရာကို အရင်စဉ်းစား .. လောကကြီးမှာ နေရာဆိုတာ ဘယ်သူကမှ လာပေးတာ မဟုတ်ဘူး ၊ ကိုယ့်ဟာကိုဖန်တီးယူရတာ ။ အောင်မြင်တဲ့ နေရာတစ်နေရာကို လိုချင်ရင် ကိုယ်နဲ့သင့်တော်မယ့် နယ်ပယ်ကို ရွေးချယ်တတ်ဖို့လည်း လိုတယ် ”
“ နယ်ပယ်က အရမ်း အရေးကြီးတယ် ”
“ နယ်ပယ်တစ်ခုမှာ နေရာရနေတဲ့လူကို ဖြစ်နိုင်ရင် ဘယ်တော့မှ ခလုတ်သွားမတိုက်မိစေနဲ့ အဆုံးသတ်ရင် ကိုယ်ဘဲကွဲမှာ အဲဒါလေးကိုတော့ သတိထား သား ၊ ဥပမာကွာ ... အဖေ့ chess ခုံမှာ အဖေဘုရင်ပဲ ၊ ငါ့သားတို့ တောက်ခုံဝိုင်းကို အဖေဝင်ကြည့် အဖေကွဲပြီ ဒီသဘောပဲ သား ”
လောကကြီးမှာ ကိုယ့်ပြိုင်ဘက် (သို့) တဖက်မိတ်ဆွေရဲ့စိတ်ကို ထပ်တူနီးပါး ဖတ်နိုင်အောင် အမြဲ ကြိုးစားယူရမယ် ။ ဒီသဘောပဲ စစ်တုရင်မှာလည်း ကိုယ်က ရွှေ့ဖို့ထက် တဖက်လူ ရွှေ့လာတဲ့အကွက်က ပိုပြီးအဓိကကျတယ် ။
“ သူဘာဖြစ်လို့ ....
! ဒီအကွက် ရွှေ့ရတာလဲ ????
! ဒီလို ရွှေ့တာ ဘာလုပ်ချင်လို့လဲ ????
! သူဖြစ်ချင်တာက ဘာလဲ ????
တဖက်လူ ဖြစ်ချင်နေတဲ့ ဆန္ဒတွေကို ကိုယ်က ဘက်ပြောင်းပြီး ခံစားတတ်လာအောင် လေ့ကျင့်ယူရမယ် ။ အဲဒီအခါကျရင် ပြိုင်ဘက် (သို့) မိတ်ဆွေတွေနဲ့ ပတ်သက်ပြီး ..... ”
ပြင်ဆင်တာနဲ့ ၊ ဖြည့်ဆည်းတာကို သားဘဝမှာ ကောင်းကောင်း နားလည်သွားပါလိမ့်မယ် ထပ်ပြောရမယ်ဆိုရင်တော့ “ ပြင်ဆင်တာနဲ့ ၊ ဖြည့်ဆည်းတာဆိုတဲ့ ” ဒီစကားကို သားဘဝမှာ ဘယ်တော့မှ မမေ့ပါနဲ့ ... ဒီလောက်ပါပဲ သားရယ် ။
အဖေ့ရဲ့ ဒဿနတွေကို နားလည်ဖို့ခက်တဲ့အရွယ်ဆိုတော့လည်း .. ကလေးချင်း ကစားရင် ကိုယ်ပဲ အနိုင်ရမှ ၊ စာပြိုင်ဘက်ချင်း ယှဉ်ပြန်တော့လည်း ကိုယ်က အသာရမှ ၊ လုပ်ငန်းခွင်ဝင်တော့လည်း ကြည့် ကိုယ်က ခေါင်းတစ်လုံးသာမှ ... စသဖြင့် စသဖြင့် အဆိုးဆုံးက သေရည်သေရက်လေး ဝင်လာလို့များ လျှာသွက် ၊ အာသွက်လေးဖြစ်ရင် ပိုဆိုး ..
ကိုယ်သိသလောက် တတ်သလောက် နှမ်းစိလောက်လေးနဲ့ မိုးလုံးပြည့် မုသာဝါဒါ တွေသုံးပြီး အမုန်းခံ ငြင်းတော့တာပါပဲ ၊ ဘဝမှာ ပင်ပန်းခဲ့လိုက်တာဆိုတာ ။
အခုဆို ဒဏ်ရာဒဏ်ချက်တွေ ၊ အတွေ့အကြုံ အတွေးအခေါ်တွေနဲ့ နှစ် ၃၀ကျော်လောက် ဖြတ်သန်းခဲ့ရတော့ ၊ လူကပြောင်းလဲလာတယ် ။ ဘဝမှာ ကိုယ်ဖြစ်ချင်တာထက် ၊ တဖက်လူရဲ့ ဆန္ဒကိုပဲ အမြဲဦးစားပေးပြီး နေတတ်ဖို့ ကြိုးစားကြည့်ချင်လာတယ် ။ ပြိုင်ဘက်ဆိုတာ မရှိစေချင်သလောက် ဖြစ်ဖြစ်လာတယ် ၊ ရန်မူလိုသူထက် ချစ်ခင်နှစ်သက်သူ မိတ်ဆွေတွေပဲ တိုးတိုးလိုချင်လာမိတယ် ။ အခုဆို ဘဝက တဖြေးဖြေးနဲ့ နေပျော်သလောက်တော့ ရှိနေပြီလို့ပဲ ဆိုရတော့မှာပေါ့လေ ။
တကယ်ပါ......
မိတ်ဆွေတို့လည်း မိမိဖြစ်ချင်တဲ့ ဆန္ဒထက် ၊ တဖက်လူရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်သော ၊ နားလည်ပေးနိုင်သော ကိုယ်ချင်းစာ တရားထားနိုင်သော လူများဖြစ်နိုင်ပါစေလို့ အပြုသဘောဆောင် အကြံပြုတိုက်တွန်းရင်းဖြင့် ............................................... ။
မောင်ချမ်း ( ခရမ်းပြာ )
ရဟန်းပျိုများသမဂ္ဂ မဂ္ဂဇင်း
မေ ၂၁ ၊ ၂၀၁၃
" ရှိုက်သံမဲ့ သက်ပြင်းနှင့် အခြားရသစာစုများ " စာ/နှာ ၁၈ - ၂၂ မှ
No comments:
Post a Comment