အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, October 23, 2020

သည်းထိတ်ရင်ဖိုရသော အရိုးစုတို့ဘုရားကျောင်းငယ်


-----------------------------------------------
             Évora, Portugal (20.9.2019)

✍🏻ပြီးခဲ့တစ်ပတ်က ပေါတူဂီကိုအလည်ရောက်တုန်း Lisboa မြို့တော်ကနေ ၁၃၅ ကီလိုမီတာအဝေးမှာရှိတဲ့ vora ဆိုတဲ့မြို့လေးဆီ ရောက်ဖြစ်ခဲ့တယ်။ 



ဒီမြို့လေးမှာ အဲဒီဘက်ဒေသ Alentejo ဒေသရဲ့ ယဉ်ကျေးမှုတွေ၊ ဗိသုကာတွေ၊ ရှေးကျမှုတွေနဲ့အတူ စိတ်၀င်စားစရာတွေနဲ့ပြည့်နေတာပါ။ ဒီလိုစိတ်၀င်စားစရာတွေထဲမှာမှ ဒီနေ့ခရီးသွားဧည့်သည်တွေကို ဖမ်းစားနေတာက သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ ဘုရားကျောင်းလေးတစ်ခုလည်း ပါ၀င်နေပါတယ်။ 
သည်းထိတ်ရင်ဖိုစရာကောင်းဆို ဘုရားကျောင်းလေးရဲ့ အမည်ကိုက Capela dos Ossos ဆိုပြီး အရိုးစုတို့ဘုရားကျောင်းငယ်လို့ ပေးထားတယ်လေ။ ပြီးတော့ တကယ့်ကို လူရိုးစု အစစ်တွေနဲ့ တည်ဆောက်ထားတာလေ။ ဒီဘုရားကျောင်းငယ်လေးဟာ စိန်ဖရန်စစ်ဘုရားရှိခိုးကျောင်းကြီးဘေးမှာ ကပ်လျက်ရှိပါတယ်။ ဖရန်စစ္စကန်ဘုန်းတော်ကြီးကျောင်းနဲ့ တွဲလျက်ရှိနေတာပေါ့။ 

✍🏻ဒီအရိုးစုတို့ဘုရားကျောင်းငယ်လေးကို ၁၄၆၀-၁၅၁၀ ခုနှစ်ကြားမှာ တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က vora မြို့မှာရှိတဲ့ သင်္ချိုင်းနှစ်ခုဟာ ပြည့်လျှံလာလို့ နေရာမလောက်ဖြစ်လာနေခဲ့ပါတယ်။ နောက်ထပ် အသုဘအသစ်တွေကို သင်္ဂြီုလ်ဖို့ နေရာမရှိဖြစ်လာတာမို့ ဂူဟောင်းတွေကို ရှင်းပစ်ဖို့ လိုလာပြီလို့ မြို့ခံတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီသင်္ချီုင်းတွေမှာ သင်္ဂြီုလ်ထားတဲ့သူတွေရဲ့ ဝိညာဉ်တွေကို အဲဒီလို မဖြစ်စေချင်တဲ့ ဖရန်စစ္စကန်ကိုယ်တော်သုံးပါးက ဒီအရိုးစုတွေနဲ့ ဘုရားကျောင်းငယ်လေးတစ်ခုဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။
တစ်ချိန်တည်းမှာပင် မြို့ရဲ့ကြွယ်၀ချမ်းသာမှုတွေနဲ့အတူ လူတွေဟာ မောဟဒေါသလောဘတွေနဲ့ ရှင်သန်နေချိန် ဒီဘုရားကျောင်းငယ်လေးက သူတို့ကို သံဝေဂရစရာနဲ့သတိပေးနေတဲ့ တရားမှတ်စရာနေရာလေးအဖြစ်ပါ ဖန်တီးနိုင်ခဲ့တာပေါ့။ တရားမှတ်စရာဆိုလို့ ဘုရားကျောင်းငယ်လေးရဲ့ ၀င်ပေါက်မှာ ရေးထားတဲ့စာသားကိုက - Nos ossos que aqui estamos, pelos vossos esperamos, - ငါတို့ ဒီမှာရှိတဲ့အရိုးစုတွေဟာလည်း မင်းရဲ့(အရိုးစု)အလာကို စောင့်မျှော်နေပါတယ်တဲ့။ 

✍🏻ဒီဘုရားကျောင်းလေးကို ဆောက်တဲ့အခါ စုစုပေါင်းအရိုးစု ၅၀၀၀၀ ခန့်ပါ၀င်တယ်လို့ ဆိုပါတယ်။ဒီအထဲမှာ အဖြူရောင်အခေါင်းနဲ့ ဘုရားစင်ပေါ်မှာရှိနေတဲ့ အရိုးစုတွေကတော့ အဲဒီဖရန်စစ္စကန်ဘုန်းတော်ကြီးကို စတင်တည်ထောင်ခဲ့တဲ့ ဖရန်စစ္စကန်ဘုန်းကြီးသုံးပါးရဲ့ အရိုးစုတွေပါ။ 

✍🏻ကျနော်ကတော့ ဒီဘုရားကျောင်းလေးထဲကို ၀င်လိုက်တဲ့အခါ ဝါကြီး၀င်တဲ့ဗုဒ္ဓဟူးနေ့ (ပြာခံပွဲ)နေ့ကို သတိရမိသွားတယ်။ သင်သည်မြေကြီးမှလာ၍ မြေမှုန့်သို့ပြန်သွားရမည်ကို သတိပြုလော့ (ကမ္ဘာဦးကျမ်း ၃း၁၉)အတိုင်း ဘုရားကျောင်း၀င်ပေါက်ရဲ့ တံခါးက ရောင်ပြန်ဟပ်လို့ သတိပေးနေတာမဟုတ်လား။ ဒီကျောင်းလေးနဲ့ပတ်သက်ပြီး ကဗျာဆရာ ဘုန်းတော်ကြီး Fr. Antonio da Ascencao ကလည်း ဒီလိုရေးထားပြန်တယ်လေ။ 
"ဒီလောက် လောလော လောလောနဲ့ ဘယ်ကိုဦးတည်ပြီး သွားနေတာလဲ၊ အို လောကဧည့်သည်။ ရပ်ပါဦး . . . သင့်ခရီးကို မဆက်ပါနဲ့ဦး၊ သင့်မှာ ဒီ့ထက်အရေးကြီးတဲ့ ဦးစားပေးရမယ့်အရာရှိဦးမလား။- သင့်ရဲ့အမြင်ကို သင်အာရုံစိုက်ပါဦး။

✍🏻ကဲ- မိတ်ဆွေရေ... ဒီလောကကြီးထဲမှာ သင် ဘယ်လောက်ခရီးနှင်ပြီးနေပြီလဲ။ ဒီအရိုးစုတွေလိုပဲ အဆုံးသတ်ရဦးမယ်ဆိုတာ စဉ်းစားကြည့်ပါဦးလား။ အားလုံး ဒီလိုပဲ စဉ်းစားကြတယ်ဆိုရင်တော့ အလားတူအဆုံးသတ်ကို စဉ်းစားကြည့်တာ တန်ပါတယ်။

✍🏻ဒီလောကမှာ ကျနော်တို့ အရေးပေးစဉ်းစားတဲ့အရာတွေအများကြီးရှိပေမယ့် ကိုယ့်သေခြင်းတရားကို ကိုယ်စဉ်းစားတာတော့ နည်းလွန်းမှာပါ။

✍🏻အကယ်၍များ ဒီအရိုးစုတို့ဘုရားကျောင်းငယ်လေးကို လမ်းကြုံလို့ သင်ကြည့်မိသွားတယ်ဆိုရင်ဖြင့် ... ခေတ္တခဏ ရပ်ပါဦး။ သင့်ခရီးရှည်အတွက်ပါ။ သင်ကောင်းကောင်း နားလေလေ သင်ခရီးရှည်ရှည်သွားနိုင်လေပေါ့။

✍🏻အကယ်လို့များ သေခြင်းတရားက သင့်ကိုစိတ်ဓါတ်ကျစေမယ်ဆိုရင်တော့ ဒီဘုရားကျောင်းလေးရဲ့အဆုံးရှိ ဘုရားစင်လေးအပေါ်မှာ လာတင်လိုရေးထားတဲ့ စာကျောင်းလေးကို ဖတ်ကြည့်ပါဦး ...ရေးထားသည်က "အလင်းထဲမှာ ငါသေဆုံးခဲ့သည်" နဲ့ "ငါသေတဲ့နေ့ဟာ ငါမွေးတဲ့နေ့ထက် ပိုကောင်းမြတ်လှသည်"တဲ့။ 

မိတ်ဆွေ၊ သင်နဲ့ကျွန်ုပ်လည်း အလင်းထဲမှာ ရှင်သန်ခဲ့ပြီး နောက်ဆုံး "ငါသေတဲ့နေ့ဟာ ငါမွေးတဲ့နေထက် ပိုကောင်းမြတ်ရမည်"လို့ သံဓိဌာန်ချလိုက်ကြရအောင်လားဗျာ။

✍🏻ဒိုမီနီကန်ကိုရင်


No comments:

Post a Comment