■ သမီးတွေကို ပြောပြပေးပါ
ဟင်းချက်တတ်ခြင်းဟာ အိမ်ထောင်ကျတဲ့အခါ ယောကျာ်းသဘောကျအောင် အိမ်ထမင်းအိမ်ဟင်း ချက်ကျွေးနိုင်ဖို့ထက် ကိုယ်စားချင်တာလေးတွေ ချက်စားလို့ရဖို့၊ မိဘ မရှိတဲ့နေရာမှာ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ဖို့ဖြစ်တယ် ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
သူတို့ရှက်ကြောက်နေတဲ့ ရာသီသွေးဆင်းခြင်း ဆိုတဲ့ကိစ္စသာ မရှိရင် “လူ”ဆိုတာလည်း ဖြစ်လာစရာ အကြောင်းမရှိဘူး ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
တစ်ဦးတစ်ယောက်ရဲ့ယုတ်မာမှုကြောင့် ပျက်စီးသွားတဲ့ သူ့ရဲ့ အပျိုစင်ဘ၀ဟာ သူ့ကိုယ်ကျင့်တရား မဟုတ်သလို၊ မိသားစုရဲ့ ဂုဏ်သိက္ခာလည်း မဟုတ်ဘူး ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
မိန်းမဖြစ်ခြင်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတခုခု ချို့ယွင်းနေတာ မဟုတ်ဘူး ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
စိတ်ကောင်း၀င်နေချိန် ညှာတာရမယ့်လူတွေလို့ အမြင်ခံနေရတဲ့ သူတို့တွေဟာ စိတ်ကောင်းမ၀င်တော့တဲ့အချိန်မှာဆို အနိုင်ကျင့်စရာအဖြစ် ပြောင်းလဲရှုမြင်ခံကြရမယ် ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
နာမည်ကြီးခြင်းထက် ဂုဏ်သတင်းမွှေးခြင်းကသာ ပိုပြီး မက်လောက်စရာ ဖြစ်သလို၊ လူတိုင်းလည်း လိုက်မတုပနိုင်ဘူး ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
ယောကျာ်းတစ်ယောက်ရဲ့ တန်ဖိုးကို အသားပေါ် ထိုးထားတဲ့ တက်တူးထက် နှလုံးသားပေါ် ထိုးထားတဲ့ သူ့ခံယူချက်ကသာ အဓိက အဆုံးအဖြတ်ပေးတယ် ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
ယောကျာ်းတစ်ယောက်ရဲ့ သတ္တိဆိုတာ ရန်ဖြစ်ရဲခြင်း၊ အသားအနာခံရဲခြင်း မဟုတ်ဘဲ မှန်တာကို မှန်တဲ့အတိုင်း လုပ်ရဲပြီး မမှန်တာကိုလည်း မမှန်တဲ့အတိုင်း ရှောင်ကြဉ်ရဲခြင်းကို ခေါ်တယ်ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
အိမ်ထောင်ပြုတဲ့အခါ ကိုယ့်အတွက် အားကိုးရမယ့်ယောကျာ်း ဆိုတာထက် ကိုယ်လေးစားလောက်တဲ့ ယောကျာ်းမျိုးသာ ရှာသင့်တယ် ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
ငွေကြေးအရ အမှီအခိုကင်းခြင်းကသာ ပျော်ရွှင်တဲ့ ဘ၀တစ်ခုကို ရဖို့အတွက် အာမခံပေးနိုင်တယ် ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
ပိုက်ဆံရှိတဲ့သူတစ်ယောက်နဲ့ လက်ထပ်ရဖို့ဟာ ဘ၀ရဲ့ အန္တိမရည်မှန်းချက် မဖြစ်သင့်ဘူး ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
အမျိုးသမီးအခွင့်အရေး = ငါတို့က မိန်းမသားတွေ ဆိုပြီး နေရာတကာ အညှာတာခံချင်တာကို ပြောတာမဟုတ်ဘူး ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
လင်မရှိတဲ့မိန်းမ မျက်နှာမငယ်ရဘဲ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်စွမ်းမရှိတဲ့ မိန်းမကသာ မျက်နှာငယ်ရတယ် ဆိုတာကို။
■ သမီးတွေကို ပြောပြပေးပါ
မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အပျိုစစ်ခြင်းတစ်ခုတည်းနဲ့ မသက်ဆိုင်ဘဲ သူ့ရဲ့ အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်၀န်းကျင်ကို ဘယ်လောက်အကျိုးပြုနေသလဲ ဆိုတာတွေနဲ့ တိုင်းတာရတယ် ဆိုတာကို။
ဒေါက်တာ ဖြိုးသီဟ
၄.၁.၂၀၁၈
No comments:
Post a Comment