အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

လူနှင့် အစားစည်းစိမ်

🎯 လူနှင့် အစားစည်းစိမ်
      ••••••••••••••••••••• ✍️ ဇို(တီးတိန်)

တစ်ရက်မှာ ထမင်းသုံးနပ်စားတာ၊ ပြီးတော့ ကော်ဖီတစ်ခွက် ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက် ဒါမှမဟုတ် အချိုရည်တစ်ခွက်နဲ့ အဆာပြေ နှစ်ခါစားတာတွေဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အသက်ရှင်နေထိုင်မှုကို အတော်လေး ပြည့်ဝကျေနပ်စေတယ်ဆိုတာ ငြင်းမရပါဘူး။ ဒါပေမဲ့ အဲဒီအစားအသောက်ရဲ့ ပျော်ရွှင်မှုစည်းစိမ်အတွက်နဲ့ပဲဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ဘဝတွေဟာ တကယ့်ကို ပျင်းရိငြီးငွေ့ဖွယ်ဖြစ်မှာပဲ။


ကော်ဖီတစ်ခွက် ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက်ဟာ ဘယ်လောက်သောက်ကောင်းတယ်ဆိုတာ ကျွန်ုပ်တို့အားလုံး အသိပင်ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ တူရကီစကားပုံတစ်ခုက ဟောသလို ညွှန်းဆိုသတဲ့။
“ကော်ဖီဟာ ငရဲလို မည်းနက်၊ 
သေခြင်းလို ပြင်းရှပြီး 
ချစ်ခြင်းလို ချိုမြိန်သင့်တယ်”တဲ့လေ။

ဒါ့ကြောင့်ပဲ အိမ်ရှင်မတွေက မိသားစုဝင်တွေအတွက် သူတို့တတ်နိုင်သလောက် စားကောင်းသောက်ဖွယ်ရာများကို ပြင်ဆင်ချက်ပြုတ်ပေးနေကြတာဖြစ်တယ်။

အီတာလျံဖက်ရှင်ဒီဇိုင်နာဖြစ်တဲ့ အယ်လ်ဆာ စီကီယာပါရဲယ်လီ(Elsa Schiaparelli)က မှတ်ချက်ပြုခဲ့ဖူးတယ်။
“အစားအစာမှီဝဲခြင်းဟာ ရုပ်ပိုင်းဆိုင်ရာပျော်ရွှင်မှုစည်းစိမ်တစ်ခုမျှသာပဲမဟုတ်ဘူး။ အစားအစာမှီဝဲခြင်းက ဘဝကို ထူးခြားတဲ့ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးတယ်။ အစားအစာမှီဝဲခြင်းဟာ ကိုယ်ကျင့်တရားအတွက် အလွန်ပဲ အရေးပါတယ်”တဲ့။

ပြင်သစ်စာရေးဆရာ ဗော်လ်တဲယား(Voltaire)ကလည်း - “ဘုရားသခင်က အစားအသောက်ကို စည်းစိမ်တစ်ခုအဖြစ်၊ ပြီးတော့ လိုအပ်မှုတစ်ခုအဖြစ် မဖန်ဆင်းခဲ့ဘူးဆိုရင် စားတာသောက်တာထက် ပိုမိုပင်ပန်းတဲ့အရာ မရှိပါဘူး”လို့ ဆိုပါတယ်။

ဒါ့ကြောင့် အစားအစာမှီဝဲခြင်းကြောင့် ရရှိလာတဲ့စည်းစိမ်ချမ်းသာဟာ ဘုရားသခင်ပေးတဲ့ ကြီးမားတဲ့လက်ဆောင်တစ်ခုဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။  ဒါ့ကြောင့် အစားအစာမှီဝဲခြင်းရဲ့ စည်းစိမ်လက်ဆောင်အတွက်သာမက ငတ်မွတ်ဆာလောင်ခြင်းလက်ဆောင်အတွက်လည်း ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်သင့်ပါတယ်။

ဆာလောင်မွတ်သိပ်ခြင်းဟာ ကျိန်စာတစ်ခုမဟုတ်ပါဘူး။ ကြီးမားတဲ့ဆုလာဘ်တစ်ပါးဖြစ်ပါတယ်။ ဆာလောင်မွတ်သိပ်ခြင်းဟာ ဆင်းရဲဒုက္ခခံခြင်းရဲ့ သကေတတစ်ခုလည်းမဟုတ်ပါဘူး။ အဆုံးမရှိ ပျော်ရွှင်ဝမ်းမြောက်ခြင်းအတွက် အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။

ဆာလောင်မွတ်သိပ်မှုလည်းမရှိ၊ စားချင်စိတ်လည်းမရှိ၊ အရသာတစ်စုံတစ်ရာလည်းမရှိဘဲနဲ့ အစားအစာမှီဝဲခြင်းဟာ တွေးတာနဲ့တင် အတော့်ကို ကြောက်စရာကောင်းပါတယ်။ ဒါ့ကြောင့် Miguel de Cervantes က - “ဆာလောင်မွတ်သိပ်ခြင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအချဉ်ရည်ပါပဲ”လို့ ပြောခဲ့တာဖြစ်တယ်။

တစ်ဖက်မှာလည်း အစားအစာကို အလွန်အကျွံ မှီဝဲရင် မကြာခဏ ဖျားနာတတ်ကြပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်စာရေးဆရာ ရောဘတ်ဘာတွန်(Robert Burton)က - “အစားကျူးခြင်းဟာ ကျွန်ုပ်တို့ ဖျားနာမှုတွေအားလုံးရဲ့ မြစ်ဖျားခံရာဖြစ်တယ်။ ပြီးတော့ ကျွန်ုပ်တို့ ရောဂါအားလုံးရဲ့ မူလဇစ်မြစ်လည်းဖြစ်တယ်”လို့ မှတ်ချက်ပြုခဲ့တာဖြစ်တယ်။

အင်္ဂလိပ်စကားပုံဟောင်းတစ်ခုကလည်း - “ဖျားတဲ့အထိ အစာစားနေတဲ့လူဟာ နေကောင်းကျန်းမာတဲ့အထိ အစာရှောင်ရလိမ့်မယ်”လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်းပဲ ၁၈ ရာစု နာမည်ကျော် အမေရိကန်နိုင်ငံရေးသမား ဘင်ဂျမင်ဖရန်ကလင်း(Benjamin Franklin)က ခုလို သတိပေးတယ်။ 
“အသက်ကို ရှည်စေလိုရင် ထမင်းလျှော့စား”တဲ့။

သန့်ရှင်းဖြူစင်တဲ့ဘဝ၊ အပြစ်ကင်းတဲ့ဘဝကို ရှင်သန်ဖို့ စားသောက်ခြင်းအကျင့်ကို ကျင့်ကြံကြဖို့ လိုပါတယ်။ ကျွန်ုပ်တို့က စည်းစိမ်ခံစားဖို့အတွက်မဟုတ်ဘဲ ကျန်းမာရေးအတွက်သာ စားသောက်ကြတယ်ဆိုတာ သေချာဖို့ လိုပါတယ်။ သူတော်စင်တွေအားလုံးဟာ အစားအသောက်စည်းစိမ်ကို ထိန်းချုပ်ခြင်းအားဖြင့် သန့်ရှင်းဖြူစင်ခြင်းကို အရယူနိုင်ခဲ့ကြတယ်။

“ဘုရားသခင်ဟာ အစားအစာပုံစံထဲက ဆာလောင်မွတ်သိပ်နေသူတွေဆီ ကြွလာတော်မူတယ်”လို့ အိန္ဒိယရဲ့ဖခင်ကြီး မဟတ္တမ္မဂန္ဒီက အဲသလို ပြောခဲ့တယ်။ လူတွေဟာ သူတို့ရဲ့ဆာလောင်မှုကို ဖြေဖျောက်ဖို့ရန်အတွက် အစားအစာကို သုံးဆောင်ကြရပါတယ်။ အဲဒီလိုဆိုရင် မှန်ပါတယ်။ ဒါပေမဲ့ တချို့လူတွေက သူတို့ခံတွင်းတွေ့တဲ့အရာပေါ်မှာ ထိန်းချုပ်မှုမရှိဘဲ မှီဝဲစားသုံးတဲ့အခါ အစားစည်စိမ်အတွက်နဲ့ပဲ လမ်းဆုံးကြရတယ်။

အဲဒီလို လူတွေအတွက် ၁၄ ရာစု နာမည်ကျော်ကဗျာဆရာ ဆာဒီးရှီရားဇီ(Saadi Shirazi)က ခပ်ပြင်းပြင်း သတိပေးထားတယ်။ “သူ့ရဲ့ဝမ်းတစ်ထွာကို အစေခံနေတဲ့ကျွန်တစ်ဦးဖြစ်နေတဲ့လူဟာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခဲပါတယ်”တဲ့။

ဒါ့ကြောင့် သတိရလိုက်စမ်းပါ။
“ကျွန်ုပ်တို့ဟာ ဇိမ်ရှိရှိ စားသောက်နိုင်ပါတယ်။
ဒါပေမဲ့ ကျွန်ုပ်တို့ကို လှည့်ဖြားသွေးဆောင်ဖို့ကိုတော့
အဲဒီစည်းစိမ်ကို ခွင့်မပြုသင့်ဘူး” ဆိုတာကိုလေ။

“အစားကျူးသူနဲ့ အအိပ်ကြီးသူတွေဟာ ကြီးမြတ်တဲ့အရာတွေကို မလုပ်ဆောင်နိုင်ဘူး”ဆိုတဲ့ ပြင်သစ်ဘုရင် ဟင်နရီ(၄)(Henry IV of France)ရဲ့ သတိပေးချက်ကို နှလုံးသွင်းကြပါစို့။

ပြီးတော့ ဆိုကရေးတီး(Socrates)ကလည်း - “ငပေါတွေကသာ သောက်ဖို့၊ စားဖို့လောက်ပဲ မြတ်နိုးတာ။ လူ့အဖိုးတန်တွေကတော့ ရှင်သန်နေဖို့ကိုပဲ စားသောက်ကြတယ်”လို့ ဆိုပါတယ်။

နောက်ပြီး ပြင်သစ်စကားပုံတစ်ခုကလည်း ပြောထားလေရဲ့။
“အစားကျူးသူဟာ သူ့သေတွင်းကို သူ့သွားတွေနဲ့ တူးနေတဲ့သူပဲ”တဲ့။

နောက်ဆုံး အသက်ရှည်ရှည် အနာမဲ့ကြောင်း လျှို့ဝှက်ချက်တစ်ခုကတော့ -
“အစားအစာ သုံးဆောင်ဖို့ စားပွဲမှာ ထိုင်လိုက်တဲ့အခါတိုင်း
နည်းနည်းလေးပဲစားဖို့ ဆုံးဖြတ်ကြစို့။
ဒါမှ ဇိမ်ရှိရှိနဲ့ များများစားနိုင်ဖို့
ကျွန်ုပ်တို့တွေ ပိုပြီး ကြာကြာ ရှင်သန်နိုင်မှာ”တဲ့လေ။ ။

(မူရင်း။ ။ S. Devaraj ၏ EATING PLEASURE – A GREAT GIFT OF GOD TO HUMANKIND ကို မှီငြမ်းပါသည်။)

No comments:

Post a Comment