အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

စိန့်ပါဒြေပီအိုအကြောင်

❤️ စိန့်ပါဒြေပီအိုအကြောင်း
      •••••••••••••••••••••• ✍️ ဇို(တီးတိန်)

🎯 မိတ်ဆက်
      -----------
ပါဒြေပီအိုသည် ရိုးစင်းသောကာပူချင်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ခရစ်တော်သခင်၏ ဒဏ်ရာတော်(၅)ချက် ရရှိခဲ့သော သူတော်စင်ကြီးတစ်ပါးလည်းဖြစ်ပါသည်။ ၎င်းဒဏ်ရာဒဏ်ချက်များဖြင့် နှစ်ပေါင်း(၅၀)တိုင်အောင် ရှင်သန်နေထိုင်ခဲ့သူလည်းဖြစ်ပါသည်။
 
ဘုရားသခင်သည် ဘဝကို အသစ်တစ်ဖန် ပြန်လည်၍ တည်ဆောက်လို‌သောသူတို့အတွက် ပါဒြေပီအိုအား အသုံးပြုကာ မျှော်လင့်ချက်ကို ပေးအပ်‌တော်မူခဲ့ပါသည်။ 

🎯 မိသားစုနှင့် အစောပိုင်းနေ့ရက်များ
      -------------------------------------
သူ၏ မိဘနှစ်ပါးမှာ ဂရာဇီးအိုမာရီယိုဖိုဂျီအိုနယ်နှင့် မာရီယားဂျိုးစဲပါးဖိုဂျီအိုနယ်တို့ဖြစ်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အသက်မွေးမှု ပြုကြပါသည်။ သူတို့သည် အီတလီနိုင်ငံ၊ ကွမ်ပါးနီးယားပြည်နယ်ရှိ မြို့ငယ်လေးတစ်မြို့ဖြစ်သော ပီရာ(တ်)ရယ်(လ်)စီနာ၌ နေထိုင်ခဲ့ကြပါသည်။ ဖရန်စစ္စကိုသည် ၁၈၈၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ့၌ အစ်ကိုကြီး မီခဲလယ်နှင့် နှမသုံးယောက်ရှိရာ ၎င်းတို့မှာ ဖဲလိစီးတား၊ ပဲလီဂရင်းနာနှင့် ဂရာစီးယာတို့ ဖြစ်ကြပါသည်။ 

သူ၏မိဘနှစ်ပါးမှာ စာရေးစာဖတ် မကျွမ်းကျင်သော်လည်း သူတို့၏ သားသမီးများအား သမ္မာကျမ်းစာလာပုံပြင်များကို အလွတ်ရွတ်ဆိုကာ ပြောပြခဲ့ကြပါသည်။ ဖရန်စစ္စကိုသည် ငယ်စဉ်ကပင် တမူထူးခြားစွာ ဘာသာတရားကိုင်းရှိုင်းသော ယောက်ျားလေးတစ်ဦးဖြစ်ပါသည်။ သူသည် အသက် ၅ နှစ်အရွယ်၌ပင် သူ့ဘဝတစ်ခုလုံးကို ဘုရားရှင်ထံ အပ်နှံပူဇော်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်သည်။ 

သူသည် ကျောက်ခဲတစ်လုံးကို ခေါင်းအုံးအဖြစ်အသုံးပြု‌၍ ကျောက်ခဲကြမ်းပြင်ကို အိပ်ယာခင်းလုပ်ကာ အပြစ်များအတွက် ဒဏ်ဆပ်ဖြေခြင်းကို သူ့ကိုယ်ပေါ်၌ စတင်ပြုလုပ်ခဲ့သည်ဟုလည်း ပြောစမှတ် ပြုခဲ့ကြပါသည်။ 

သူသည် အသက် ၁၀  နှစ်အရွယ်အထိ သူတို့မိသားစုပိုင် သိုးစုငယ်လေးတစ်စုကို ထိန်းကျောင်းကြည့်ရှုခဲ့ရသည်။ ဤအရာက သူ၏ပညာရေးကို အတိုင်းအတာတစ်ခုအထိ နှောင့်နှေးစေခဲ့သည်။ နောက်မှ သူ့မိခင်ပြောပြထားသည်မှာ သူသည် ငယ်ရွယ်စဉ်အခါက သခင်ယေဇူး၊ အမိမေရီ၊ သူ၏ကိုယ်စောင့်သိကြားတို့နှင့် စကားစမြည်ပြောဆိုလေ့ရှိခဲ့သည်ဟု ဆိုပါသည်။ ထို့ပြင် နတ်ဆိုး၏ တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရသည်ဟု ပြောပြခဲ့ပါသည်။ 

အစိုးရကျောင်း၌ သုံးနှစ်သုံးမိုး ပညာသင်ကြားပြီးနောက် ဖရန်စစ္စကိုသည် ဖုန်အထပ်ထပ် ပေကျံလျက် သူတို့ရှိရာ ပီရာ(တ်)ရယ်(လ်)စီနာမြို့ကလေးသို့ အခါမလပ် ရောက်ရောက်လာတတ်သော ဘုန်းတော်ကြီး ကာမီလို၏ ပုံပန်းသဏ္ဌာန်က သူ့အား ညှို့ယူဖမ်းစားလိုက်လေသည်။ ကာမီလိုသည် အနီးအနားမြို့ကလေးဖြစ်သော မော်ကော်နယ်မြို့ရှိ ရသေ့ကျောင်းက ငယ်‌ရွယ်သောကာပူချင်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ထိုသို့ အလည်အပတ်ရောက်လာသည့်အခါတိုင်း ကလေးငယ်များထံ စိန့်ဖရန်စစ်အကြောင်း ပုံပြင်များကို ပြောပြလေ့ရှိတတ်ပါသည်။ ဤဘုန်းတော်ကြီး၏ ပြုံးရွှင်သောမျက်နှာနှင့် ရှည်လျားသော မုတ်ဆိတ်‌မွေးတွေက ကလေးငယ်များ၏ စိတ်ကူးအိမ်မက်များကို ရင်ခုန်လှိုက်မောစေခဲ့သည်။
ဖရန်စစ္စကိုသည် ကာပူချင်ရသေ့များမှာ မည်သူမည်ဝါဖြစ်သည်ကို မသိပါ။ သို့သော်၊ ကာမီလိုကဲ့သို့သော ကာပူချင်ရသေ့တစ်ပါး ဖြစ်ချင်‌နေခဲ့ပါသည်။ 

သူ၏ဆန္ဒကို သူ့မိဘများအား ဖွင့်ပြောသောအခါ သူ့မိဘများက သူ့သား ကာပူချင်ရသေ့ဂိုဏ်းဝင်ဖို့ သင့်တော်မည်လားဟု စုံစမ်းရန် မော်ကွန်းမြို့သို့ သွားရောက်ခဲ့ကြသည်။ ထိုနေရာရှိ ရသေ့ဘုန်းတော်ကြီးများက ဖရန်စစ္စကို လက်ခံဖို့ စိတ်ဝင်စားကြသော်လည်း သူသည် အစိုးရကျောင်း၌ သုံးနှစ်သာ ပညာသင်ကြားခြင်းမျှသာဖြစ်သောကြောင့် ဆက်လက်ပညာသင်ကြားဖို့ လိုအပ်ကြောင်း ပြောပြခဲ့ကြပါသည်။ သို့နှင့်၊ သူ့မိဘများက ဖရန်စစ္စကိုကို ပညာသင်ကြားပေးဖို့ ကျူရှင်ဆရာတစ်ယောက်ကို ငှားရမ်းပေးခဲ့ကြပါသည်။ 
သူ့ဖခင်က ကျူရှင်လခအတွက် အလုပ်တချို့ရှာ‌ဖွေရန် အမေရိကသို့ ထွက်ခွာသွားခဲ့သည်။ 
ဖရန်စစ္စကိုသည် ကျူရှင်ဆရာ၏ လက်အောက်၌ ပညာသင်ယူပြီး ကာပူချင်ရသေ့ကျောင်းသို့ ဝင်ခွင့်ရဖို့ လိုအပ်သောပညာရေးအဆင့်အတန်းတစ်ခုကို ရရှိခဲ့သည်။ 

🎯 ကာပူချင်ဘုန်းတော်ကြီးတစ်ပါးဖြစ်လာခြင်း
      -----------------------------------------------
အသက် ၁၅ နှစ်အရွယ်တွင် သူသည် မော်ကော်နယ်မြို့သို့ သွားရောက်ခဲ့ပြီး ထိုနေရာ၌ သူ့အား လှိုက်လှိုက်လှဲလှဲကြိုဆိုသူမှာ တခြားသူမဟုတ်ဘဲ ဘုန်းတော်ကြီးကာမီလိုပင်ဖြစ်ပါသည်။ 

သူသည် ၁၉၀၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဝတ်ရုံသင်္ကန်းကို ခံယူခဲ့ပြီး ပီရာ(တ်)ရယ်(လ်)စီနာစီရင်စု၏ ကိုးစားမှိုင်းမရာသူ‌တော်စင်ဖြစ်သော စိန့်ပီအို(၅)ကို ဂုဏ်ပြုသောအားဖြင့် ပီအိုနာမည်ကို ခံယူလိုက်လေသည်။ နောက်တစ်နှစ် ၁၉၀၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကိုရင်ပီအိုသည် ပထမဆုံးကတိသစ္စာကို ခံယူခဲ့လေသည်။ နောက် သူသည် ရဟန်းတစ်ပါးဖြစ်ဖို့ရန်အတွက် (၆)နှစ်စာ စာပေသင်ကြားခြင်းကို စတင်လေသည်။ 

၁၉၀၅ ခုနှစ်၊ ဇွန်လတွင် ကိုရင်ပီအို၏ ကျန်းမာရေးမှာ အလွန်အားနည်းသဖြင့် သူ့အကြီးအကဲများက သူ့အား ကုန်းမြင့်စာသင်ကျောင်းတစ်ခုသို့ စေလွှတ်ခဲ့ပြီး နောက်တွင် သူ့နေရင်းဌာနေမြို့သို့  ပြန်လွှတ်လိုက်ကြသည်။ သို့ရာတွင် သူ၏ကျန်းမာရေးအခြေအနေမှာ တိုးတက်မလာခဲ့ပေ။ သူ့ဘဝတစ်လျှောက်လုံးတွင် ကိုရင်ပီအိုသည် ပန်းနာရင်ကြပ်ကြောင့် အဆုတ်လေပြွန်ရောင်ရောဂါကို ခံစားခဲ့ရသည်။

သူသည် နောက်ပိုင်း ယင်းနာအဖြစ် ပြောင်းသွားသော အစာအိမ်အနာကြောင့် ဝမ်းဗိုက်နာကျင်မှုကိုလည်း မကြာခဏ ခံစားခဲ့ရသည်။ ထို့ပြင် သူသည် လည်ချောင်း၊ နှား၊ နှားခေါင်းနှင့် မျက်စိတို့တွင်လည်း အနာများ ခံစားခဲ့ရသည်။ 

ပီအိုသည် ၁၉၀၇ ခုနှစ်တွင် သူ၏  နောက်ဆုံးကတိသစ္စာပြုခြင်းကို ခံယူခဲ့သည်။ ၁၉၁၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် အသက် ၂၃ နှစ်ရှိပြီဖြစ်သော ကိုရင်ပီအိုသည် ရဟန်းသိက္ခာခံယူခဲ့ပြီး ပါဒြေပီအိုဖြစ်လာခဲ့သည်။ သူ၏ ရဟန်းသိက္ခာတင်ပွဲနေ့တွင် သူ့ဖခင်မှာ အမေရိကမှာ ရှိနေခဲ့သော်လည်း သူ့မိခင်၊ သူ့အစ်ကိုနှင့် နှမသုံးယောက်မှာ မစ္ဆားတရားတော်မြတ်၌ ပါဝင်နိုင်ခဲ့ကြပါသည်။

သူ၏ ကျန်းမာရေးချို့ယွင်းမှုကြောင့် အနားယူရန် အိမ်သို့ ပြန်လည်စေလွှတ်ခြင်းခံရသောကြောင့် ပါဒြေပီအိုသည် ၁၉၁၁ ခုနှစ်မှ ၁၉၁၆ ခုနှစ်အထိ သူ၏ ဘာသာရေးအသိုင်းအဝိုင်းနှင့် ကင်းကွာခဲ့ရသည်။ 

၁၉၁၆ ခုနှစ်၊ စက်တင်ဘာလတွင် သူ့အသင်းဂိုဏ်းသို့ ပြန်လာပြီး ဂျိုဝါးနီရိုတွန်ဒိုရွာကလေး၌ ဘုရားအမှုတော်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၁၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ထိုစဉ်က ယာယီဟူ၍ တွေးထင်ထားခဲ့သည့် တာဝန်ခန့်အပ်မှုတစ်ရပ်မှာ သူ ကွယ်လွန်ချိန်တိုင်အောင် ၅၂ နှစ်တာ ကြာညှောင်းသွားခဲ့ပါသည်။

စစ်ကြီးဖြစ်တော့ ရသေ့(၃)ပါးမှအပ ကျန်ရသေ့များအားလုံး စစ်မှုထမ်းရန် အမိန့်ကျရောက်လာခဲ့သည်။ ပါဒြေပီအိုလည်း သူ့ကျန်းမာရေးမကောင်းမှုကြောင့် လွတ်သွားခဲ့သည်။ သို့သော် နောက်ပိုင်း သူသည်လည်း ပထမကမ္ဘာစစ်အတွင်း သုံးကြိမ်သုံးခါတိုင်တိုင် စစ်မှုထမ်းရန် ခေါ်ယူခြင်းခံရသည်။ 

သို့ရာတွင် ထိုသုံးကြိမ်စလုံး၌ သူ၏ကျန်းမာရေးအကြောင်းပြချက်ဖြင့် အချိန်အနည်းငယ်ခန့်သာ စစ်မှုထမ်းပြီးနောက် အိမ်သို့ ပြန်ပို့ခြင်းခံရမြဲဖြစ်ပါသည်။ ဤသို့ ပြန်သွားခဲ့သော်လည်း သူသည် ဝိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီးတစ်ပါးအဖြစ် ဘုရားရှင်၏အမှုတော်မြတ်ကို စတင်ထမ်းဆောင်ခဲ့ရာ မရေမတွက်နိုင်သော ဖောက်သည်များ ရရှိခဲ့သည်။

သူသည် ဝိညာဉ်ရေးရာကြီးထွားမှုအတွက် စည်းမျဉ်း (၅)ချက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့သည်။ ၎င်းတို့မှာ -
၁။ အပတ်စဉ် အာပတ်ဖြေခြင်း
၂။ နေ့စဉ်ကိုယ်တော်မြတ်ပင့်ယူခြင်း
၃။ ဝိညာဉ်ရေးစာပေဖတ်ရှုခြင်း
၄။ ကမ္မဌာန်းရှုခြင်းနှင့်
၅။ ဩတ္တပ္ပစိတ်ကို ဆန်းစစ်ခြင်းတို့ ဖြစ်ပါသည်။

ပါဒြေပီအို၏ ဘဝဆောင်ပုဒ်မှာ -
“ဆုတောင်းပါ။ 
မျှော်လင့်ချက် ထားရှိပါ။
စိတ်ပူပန်ခြင်းမရှိပါနှင့်”ဟူ၍ ဖြစ်ပါသည်။

🎯 သခင်ယေဇူး၏ ဒဏ်ရာတော်(၅)ချက် ရရှိခြင်း
      -------------------------------------------------
၁၉၁၈ ခုနှစ်၊ ဇူလိုင်လတွင် ပုပ်ရဟန်းမင်းကြီးဘက်နဒက် (၁၅)က ကမ္ဘာစစ်ကြီးပြီးဆုံးဖို့ အပူတပြင်း ဆုတောင်းကြရန် ခရစ်ယာန်များအားလုံးကို တိုက်တွန်းနှိုးဆော်မူတော်ခဲ့သည်။ ပါဒြေပီအိုလည်း စစ်ကြီးအတွက် မိမိကိုယ်ကို ယဇ်ကောင်အဖြစ် ပူဇော်ပြီး အပြင်းအထန် စတင်ဆုတောင်းလေတော့သည်။

ထိုနေ့ရက်များနောက်ပိုင်း ဩဂုတ်လ ၅ ရက်နေ့တွင် သူသည် ရူပါရုံတစ်ခုကို မြင်မက်ခဲ့ရာ ထိုရူပါရုံ၌ ခရစ်တော်သခင် ပေါ်လာပြီး သူ၏နံဘေးကို  ထိုးဖောက်သွားပါသည်။ ဤသို့ တွေ့ကြုံခံစားရခြင်း၏ အကျိုးဆက်အနေဖြင့် ပါဒြေပီအိုမှာ သူ၏နံဘေး၌ အနာတစ်ခု ရရှိခဲ့လေသည်။ စက်တင်ဘာလ ၂၀ ရက်နေ့တွင် သူသည် ဂုဏ်ကျေးဇူးအပေါင်းတို့၏မယ်တော်သခင်မဘုရားကျောင်း၌ ဆုတောင်းနေစဉ် သခင်ယေဇူးသည် သူ့ထံသို့ တဖန် ပြန်၍ ပေါ်လာလေ၏။ ထိုသူမှာ ဒဏ်ရာအနာတရဖြစ်နေသော ခရစ်တော်ပင်ဖြစ်လေသည်။ 

ရူပါရုံမြင်မက်ခြင်းပြီးဆုံးသွားသည့်အခါ ပါဒြေပီအိုသည် ခရစ်တော်၏ ဒဏ်ရာတော်(၅)ချက်ကို ရရှိခဲ့လေသည်။
ပါဒြေပီအို၏သတင်းမှာ တစ်မဟုတ်ချင်း ပျံ့နှံ့သွားခဲ့သည်။ လူထောင်ပေါင်းများစွာက သူ့ကို တွေ့ဖို့၊ သူ့လက်တွေကို နမ်းဖို့၊ သူ့ဆီကို အာပတ်ဖြေဖို့နှင့် သူ၏မစ္ဆားတရားတော်ြမတ်ကို တက်ရောက်ဖို့ ဆန်ဂျိုဝါးနီရိုတွန်ဒိုသို့ အစုလိုက်အပြုံလိုက် ရောက်ရှိလာခဲ့ကြသည်။

သူသည် တစ်ရက်လျှင် (၁၉)နာရီခန့် မစ္ဆားတရားပူဇော်ခြင်း၊ အာပတ်ဖြေခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ကုန်ဆုံးစေခဲ့သည်။ ပုံမှန်အားဖြင့် သူ့၌ အိပ်ချိန် အလွန်နည်းပါးလျက် ရှိပါသည်။ မစ္ဆားတရားတော်မြတ်အတွက် အဆင်သင့်ဖြစ်နေစေရန် သူသည် မနက် အစောကြီး ထလေ့ရှိသည်။ မနက်တိုင်း ၄ နာရီခန့်ဆိုလျှင် ဘုရားကျောင်းဖွင့်ဖို့ တံခါးပေါက်မှာ စောင့်နေသူတွေက ရာနှင့်ချီ ရှိနေတတ်သည်။

သူ့ဝိညာဉ်ရေးလွှမ်းမိုးမှုက ကျယ်ပြန့်လာသည်နှင့်အမျှ ပါဒြေပီအိုအား ဆန့်ကျင်စွပ်စွဲချက်များ ပေါ်ထွက်လာသည်။ ၁၉၂၂ ခုနှစ်၊ ဇွန်လတွင် သူ့ထံသို့ သွားရောက်လည်ပတ်မှုတွေ တားမြစ်ခြင်း ခံရသည်။ သူ၏မစ္ဆားပူဇော်ကျင်းပချိန်ကိုလည်း ကြိုတင်အသိပေးကြေငြာခြင်းမပြုဘဲ နေ့တိုင်း အပြောင်းအလဲ လုပ်ပစ်လိုက်ကြသည်။ သူ့ထံ၌ ဝိညာဉ်ရေးလမ်းညွှန်မှုခံယူလိုသူတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းများမပြုလုပ်ရန် အမိန့်ပေးခြင်းခံရသည်။ ထို့ပြင် ဘုန်းတော်ကြီးပီအိုအား အဝေးတစ်နေရာသို့ ပြောင်းရွှေ့တော့မည်ဟု ကောလောဟလသတင်း ထွက်နေသည်။ 

🎯 အထီးကျန် ၁၀ နှစ်တာ
      -------------------------
ဗာတီကန်က သူ့အပေါ် တိုက်ရိုက်စုံစမ်းစစ်ဆေးဖို့ အလိုဆန္ဒရှိခဲ့သည်။ ထို့ကြောင့် ပုပ်ရဟန်းမင်းကြီးပီအို(၁၁)၏ မိတ်ဆွေလည်းဖြစ်၊ ဆရာဝန်လည်းဖြစ်နေသူ ဘုန်းတော်ကြီးဩဂုတ်စတင်းဂျီမဲလီအား ပါဒြေပီအိုကို စုံစမ်းစစ်ဆေးဖို့၊ တွေ့ဆုံဖို့ စေလွှတ်ခဲ့သည်။
သို့သော် ၎င်းဘုန်းတော်ကြီးသည် သူ၏ဒဏ်ရာများကို စစ်ဆေးဖို့ တရားဝင်စာရွက်စာတမ်းမပါဘဲ ရောက်ရှိလာသောကြောင့် ပါဒြေပီအိုက သူ၏ဒဏ်ရာများကို သူ့အား ပြသဖို့ ငြင်းဆိုလိုက်လေသည်။ 

ထိုအခါ ဘုန်းတော်ကြီးဂျီမဲလီလည်း စိတ်ဆိုးသဖြင့် ပါဒြေပီအို၏ ဒဏ်ရာတော်(၅)ချက်သည် အတုအယောင်သာဖြစ်ကြောင်း အစီရင်ခံစာ တင်ပြရေးသားလိုက်လေသည်။ ဗာတီကန်ရုံးတော်ကလည်း သူ၏အမြင်ကို အသုံးပြုကာ ပါဒြေပီအိုအား အရေးယူလေတော့သည်။ ထို့ကြောင့် သူသည် ၁၉၂၄ ခုနှစ်မှ ၁၉၃၁ ခုနှစ်အထိ ဗာတီကန်ရုံးတော်မှ ပေးအပ်သည့် အပြစ်ဒဏ်များ ခံယူခဲ့လေတော့သည်။

“အသင်းတော်က ကျွန်တော့်ကို ပါးရိုက်နားရိုက်လုပ်နေတာတောင် သူ့လက်က ချိုမြိန်နေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါဟာ မိခင်တစ်ယောက်ရဲ့လက် ဖြစ်နေလို့ပါပဲ”ဟု သူ ပြောလေ့ရှိပါသည်။

၁၉၃၃ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးပီအို(၁၁)က သူ့အပြစ်ဒဏ်တွေအားလုံး ပြန်လည်ရုပ်သိမ်းပြီး “ပါဒြေပီအိုအပေါ်  အဲဒီလို အပြစ်ပေးလိုတဲ့သဘော ကျွန်တော့်မှာ မရှိပါဘူးကွာ။ ကျွန်တော်ဟာ ဆိုးဆိုးရွားရွား သတင်းပေးခြင်းခံနေရလို့ပါဗျာ”ဟူ၍ မိန့်ဆိုခဲ့ပါသည်။

၁၉၃၉ ခုနှစ်တွင် ပီအို(၁၂)သည် ပုပ်ရဟန်းမင်းကြီးအဖြစ် အရွေးခံရသည့်အခါ သူသည် လူတို့အား ပါဒြေပီအိုထံ သွားရောက်လည်ပတ်ကြရန် အားပေးတိုက်တွန်းခဲ့သည်။

🎯 အံ့ဖွယ်တန်ခိုးလက္ခဏာများ
      ------------------------------
ဤဘုန်းတော်ကြီး၏ ကြားဝင်ဖြန်ဖြေဆုတောင်းပေးခြင်းအားဖြင့် ဘုရားသခင်သည် အံ့ဖွယ်တန်ခိုးလက္ခဏာများစွာကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

၎င်းတို့အထဲမှ အထင်ရှားဆုံးတစ်ခုကို ဖော်ပြရမည်ဆိုလျှင် -
ဂျဲမာဒယ်ဂျီအိုဂျီဆိုသော သူငယ်မလေးသည် မွေးရာပါ မျက်မမြင်တစ်ဦးဖြစ်ပါသည်။ မျက်စိအထူးကုဆရာဝန်ကြီးများက သူငယ်မသည် မျက်စိသူငယ်အိမ်မပါဘဲ မွေးဖွားလာသည့်အတွက်ကြောင့် မည်သည့်အခါမှ မျက်စိမြင်နိုင်မည်မဟုတ်ဟု တွေ့ရှိခဲ့ကြသည်။ သူ့အသက် ၆ နှစ်ခွဲတွင် သူသည် ပထမကိုယ်တော်မြတ်ကို ခံယူခဲ့သည်။ ထိုအချိန်၌ သူ့အဖွားက အံ့ဖွယ်တန်ခိုးလက္ခဏာများ ပြုလုပ်ဆောင်ရွက်နိုင်သော ရသေ့ဘုန်းတော်ကြီးတစ်ပါးရှိရာ ဆန်ဂျိုဝါးနီရိုတွန်ဒိုသို့ ဤသူငယ်မလေးကို ခေါ်ဆောင်လာခဲ့သည်။ သူ့အဖွားက ဤသူငယ်မအား အာပတ်ဖြေနေစဉ်အတွင်း ပါဒြေပီအိုထံ  မျက်စိကုသခြင်းခံရဖို့ ကြားဝင်ဆုတောင်းပေးပါရန် တောင်းလျှောက်ပါဟု လမ်းညွှန်မှာကြားခဲ့သည်။ သို့သော် သူငယ်မက ၎င်းကို မေ့လျော့သွားခဲ့သည်။ သို့သော် ပါဒြေပီအိုက သူငယ်မ အာပတ်ဖြေပြီးနောက် သူ့လက်ကို မျက်စိပေါ်မှာ တင်လျက် ခရူးစူးအမှတ်အသားကို ပြုလုပ်ပေးခဲ့ပါသည်။ ကိုယ်တော်မြတ်ပင့်ယူချိန်၌လည်း သူသည် ဂျဲမာ၏မျက်စိများပေါ်တွင် ခရူစူးအမှတ်အသားကို ထပ်မံ ပြုလုပ်ပေးခဲ့ပါသည်။ အိမ်အပြန်လမ်းတွင် သူငယ်မသည် မျက်စိပြန်မြင်ခဲ့ရလေသည်။

ဘုန်းတော်ကြီးပီအို၏ ထူးခြားသောစွမ်းအင်တစ်ခုမှာ နှစ်ကိုယ်၊ သုံးကိုယ်ခွဲနေနိုင်ခြင်းပင်ဖြစ်ပါသည်။ တစ်ချိန်တည်း၌ သူ့အား နှစ်နေရာ၊ သုံးနေရာတွင် တွေ့မြင်ခဲ့ကြောင်း အထောက်အထားများ ရှိပါသည်။

🎯 ပါဒြေပီအို၏တစ်နေ့တာအချိန်
      ---------------------------------
များသောအားဖြင့် ပါဒြေပီအိုသည် တစ်ရက်လျှင် ၁၉ နာရီလောက် မစ္ဆားပူဇော်ခြင်းနှင့် အာပတ်ဖြေခြင်း၌ ကုန်ဆုံးစေခဲ့သည်။ သူသည် မစ္ဆားပူဇော်ရာ၌ တစ်နာရီခွဲ၊ နှစ်နာရီမှ လေးနာရီအထိ အချိန်ယူ၍ ပူဇော်လေ့ရှိသည်။ သူ၏ မစ္ဆားပူဇော်ခြင်းကို မနက်(၅)နာရီတွင် စတင်ခဲ့သည်။ 

🎯 ပါဒြေပီအို၏နောက်ဆုံးနေ့များ
      ---------------------------------
ကာပူချင်ဘုန်းတော်ကြီးများသည် ပါဒြေပီအို၏ ဒဏ်ရာတော်(၅)ချက်ရရှိခြင်းနှစ် ၅၀ ပြည့်(၁၉၁၈ - ၁၉၆၈) ပွဲ‌ကို ဂုဏ်ပြုပေးဖို့ စီစဉ်နေခဲ့ကြသည်။ 

အတိအကျနေ့ရက်ဖြစ်သော စက်တင်ဘာလ ၂၀ ရက်နေ့သည် သောကြာနေ့တစ်ရက်တွင် ကျရောက်ခဲ့သည်။ သို့ဖြစ်ရာ ဘုရားဖူး အမြောက်များပါဝင်ပြီး ပွဲတော်ကြီးလည်း ပိုမို၍ စည်ကားသွားစေရန်အတွက် ပွဲရက်ကို ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ တနင်္ဂနွေ့နေ့သို့ ရွှေ့လိုက်ကြသည်။ 

ပါဒြေပီအိုမှာ သက်တော် (၈၁)နှစ်ရှိပြီဖြစ်ပါသည်။ ခုတလော သူ့ကျန်းမာရေးက သိသိသာသာ ကျဆင်းလာသည်။ သူသည် အသက်ရှူရန် ခက်ခဲပြီး မူးဝေဝေဖြစ်သောကြောင့် အိပ်ယာထဲ လဲနေခဲ့သည်မှာ လေးငါးရက်ခန့် ရှိနေခဲ့ပြီလည်း ဖြစ်ပါသည်။

သူ၏ နှစ်ပတ်လည်ပွဲရက်ဖြစ်သော သောကြာနေ့ညနေခင်းတွင် ဘာသာတူများက စီတန်းလှည့်လည်ခြင်းပြုလုပ်ခဲ့ကြသည်။ ဘုရားဖူးသူများသည် ရသေ့ကျောင်း၏ပြတင်းပေါက်များအောက်တွင် ရပ်လျက် ပါဒြေပီအို ထွက်‌ပေါ်လာပြီး သူတို့ကို နှုတ်ဆက်လေမည်လားဟူ၍ အတန်ကြာ စောင့်ဆိုင်းနေခဲ့ကြသည်။ သို့သော် သူတို့၏စောင့်ဆိုင်းမှုမှာ အချည်းအနှီးသာ ဖြစ်ခဲ့ရသည်။ ပါဒြေပီအိုသည် ပွဲတော်ထဲ၌ ပါဝင်ဆင်နွှဲခြင်းမပြုနိုင်တော့ပေ။ ထိုညနေတွင် သူသည် ခါတိုင်းထက် အိပ်ယာစောစော ဝင်ခဲ့သည်။ သူ၏ပန်းနာရင်ကြပ်ရောဂါ ပြန်ထလာသဖြင့် ဆရာဝန်ပင် ခေါ်ပင့်ခဲ့ရသည်။

ပွဲတော်ရက်ဖြစ်သော တနင်္ဂနွေနေ့တွင် သူသည် ခါတိုင်းကဲ့သို့ မနက် ၄:၃၀ အချိန်၌ ၅ နာရီမှာ မစ္ဆားပူဇော်ဖို့ အဆင်သင့်ဖြစ်နေစေရန် သင်္ကန်းလဲခန်းသို့ ဝင်ရောက်လာခဲ့သည်။ အကြီးအကဲဘုန်းတော်ကြီးက မစ္ဆားပူဇော်နိုင်ရန် စီစဉ်ပေးခဲ့သည်။ မစ္ဆားပြီးသွားသည့်အခါ သူသည် အင်အားကုန်ခမ်းလွန်းသဖြင့် လှေကားမှာ ဆင်းဖို့ ပြင်ဆင်နေစဉ် လဲကျသွားခဲ့သည်။ ညသန်းခေါင်ယံ ၁ နာရီခန့်လောက်တွင် သူသည် အိပ်ယာမှ ထပြီး ဝရန်တာသို့ ထွက်လာကာ ကြယ်များကို ၅ မိနစ်ခန့် ငေးကြည့်နေခဲ့သည်။ ထို့နောက် သူ့အခန်းသို့ ပြန်လာပြီး ကုလားထိုင်ပေါ်တွင် အေးဆေးသက်သာ ထိုင်လိုက်သည်။

ပါဒြေပီအိုသည် နောက်ဆုံးအာပတ်ဖြေခြင်းကို ပြုလုပ်ပြီး သူ၏ကတိသစ္စာများကိုလည်း တစ်ဖန် ပြန်၍ ရွတ်ဆိုခဲ့သည်။ သူ့မျက်နှာမှာ ပို၍ ဖြူဖွေးလာပြီး သူ့နဖူးပေါ်တွင် အေးမြမြချွေးစက်က‌လေးများ ထွက်ပေါ်လာသည်။ သူ၏နှုတ်ခမ်းမှာ ဖြူဖတ်ဖြူရော်ဖြစ်လာပြီး ပါးစပ်မှလည်း “ယေဇူး၊ မာရီယား”ဟူ၍ ထပ်တလဲလဲ ရွတ်ဆိုနေသည်။ 

ပါဒြေပီအို နောက်ဆုံးအသက်ရှူလိုက်သည့်အချိန်သည် စက်တင်ဘာလ ၂၃ ရက်နေ့၊ ည ၂:၃၀ အချိန်ခန့်ဖြစ်ပါသည်။ “ယေဇူး၊ မာရီယား” သည် သူ နောက်ဆုံးရွတ်ဆိုခဲ့သော စကားလုံးများဖြစ်သည်။ တချို့က ပါဒြေပီအိုသည် သူ သေဆုံးမည့်နေ့ရက်အတိအကျကို သိနေခဲ့သည်ဟူ၍ သက်သေခံကြသည်။

၁၉၁၈ ခုနှစ် ဒဏ်ရာတော်(၅)ချက် ရရှိစဉ်က ပါဒြေပီအိုသည် သခင်ယေဇူးထံ ဤနိမိတ်လက္ခဏာများ သူ့ထံမှ ဖယ်ရှားပေးပါရန် ပန်ကြားလျှောက်ထားခဲ့ဖူးလေသည်။
“အကျွန်ုပ်ကို ဒုက္ခဝေဒနာ ခံစားစေတော်မူပါ။
ယင်းဝေဒနာကြောင့် အကျွန်ုပ်ကို သေဆုံးစေတော်မူပါ။
သို့ရာတွင် ဤနိမိတ်လက္ခဏာများကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါဘုရား”ဟူ၍ သူ၏ဆုတောင်းမေတ္တာထဲတွင် သူ တောင်းလျှောက်နေခဲ့ပါသည်။
“သင်သည် ဤဒဏ်ရာတော်(၅)ချက်ကို နှစ်ပေါင်း (၅၀) တိုင်တိုင် ခံထမ်းရမည်။ ပြီးလျှင် သင်သည် ငါ့ထံသို့ လာရမည်”ဟူ၍ သခင်ယေဇူးက ပြန်၍ ဖြေကြားခဲ့သည်။

အမှန်တကယ်ပင် နှစ်ပေါင်း (၅၀) ကြာပြီးသည့်နောက် ဒဏ်ရာတော်(၅)ချက်မှာ ပျောက်ကွယ်သွားခဲ့ပြီး ပါဒြေပီအိုသည်လည်း သခင်ယေဇူးထံသို့ ခေါ်ဆောင်ခြင်းခံရပါသည်။

သူ၏ရုပ်ကလာပ်ကို ဂုဏ်ကျေးဇူးအပေါင်းတို့၏မယ်တော်သခင်မဘုရားကျောင်း၌ မြှုပ်နှံသဂြိုဟ်ခဲ့ပါသည်။ အသုဘမစ္ဆားတရားတွင် လူပေါင်းတစ်သိန်းကျော် တက်ရောက်ခဲ့ကြပါသည်။

ပါဒြေပီအိုကို ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်(၂)က ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် သူတော်စင်တင်မြှောက်ခဲ့ပါသည်။

သူ၏ပွဲနေ့ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပလျက်ရှိပါသည်။

သူသည် ဆယ်ကျော်သက်ကက်သလစ်လူငယ်များနှင့် နိုင်ငံတော်ကို ခုခံကာကွယ်သော စေတနာ့ဝန်ထမ်းများ၏ ကိုးစားမှိုင်းမရာ သူတော်စင်ဖြစ်ပါသည်။

စိန့်ပါဒြေပီအို၊ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။

[မူရင်း။   ။ ST PADRE PIO By Fr. Jose Vetticket ကို ပြန်ဆိုပါသည်။]

No comments:

Post a Comment