🎯 သမ္မာကျမ်းစာကို ငြီးငွေ့နေပြီလား
••••••••••••••••••••••••••••••• ✍️ ဇို(တီးတိန်)
သမ္မာကျမ်းစာဟာ စာပေလက်ရာမွန်တစ်ခုအဖြစ် အမြတ်တနိုးထားပြီး လေ့လာသင်ကြားကြပေမယ့် ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ဟာ ကျမ်းစာခေတ်ရဲ့ စစ်နဲ့ငြိမ်းချမ်းရေးလို သမိုင်းဝင်ဝတ္တုတစ်ပုဒ်သာသာလေးပဲ မဟုတ်ပါဘူး။
သမ္မာကျမ်းစာဟာ ရှင်သန်လှုပ်ရှားလျက်ရှိပြီး သူ့ရဲ့နက်ရှိုင်းမှုဟာ မကုန်နိုင် မခမ်းနိုင်အောင်ပါပဲ။ လူသားမျိုးနွယ်တွေဟာ ဘုရားသခင်ရဲ့ နှုတ်တော်ကနေ ထွက်ပေါ်လာတဲ့ စကားလုံးတိုင်းအားဖြင့် အသက်ရှင်တယ်လို့ ယေဇူးဘုရားရှင်က နတ်ဆိုးကို မိန့်တော်မူခဲ့တယ်။
ကျွန်မတို့ရဲ့ နေ့စဉ်သမ္မာကျမ်းစာဖတ်ရှုခြင်းဟာ ချစ်သူနဲ့ အချစ်ခံရသူတို့နှစ်ဦးကြားက သီးခြားကိုယ်ပိုင်သဘောတူညီမှုတစ်ရပ်ဖြစ်ပါတယ်။
သမ္မာကျမ်းစာကို ဖတ်ရှုတဲ့အခါ ငြီးငွေ့မှုမရှိရလေအောင် ကျွန်မ ရှာဖွေတွေ့ရှိထားတဲ့ အောက်ပါအချက်တွေကို စမ်းသပ်ကြည့်စေချင်ပါတယ်။
၁။ သမ္မာကျမ်းစာကို အကျယ်ကြီး အော်ဖတ်ပါ။
အဲဒီလို ဖတ်ရှုတဲ့အခါ ဝိညာဉ်တော်ဘုရားက ယေဇူးသခင်ရဲ့အသံတော်ကို ကျွန်မတို့ကို ပေးတော်မူနိုင်ပါတယ်။ သူ ကျွန်မတို့ကို ကြားစေချင်တဲ့အတိုင်း သူ့ရဲ့မှတ်တမ်းတင်ထားတဲ့ စကားလုံးတွေကို ဝိညာဉ်တော်ဘုရားက ပြန်ပြီး အသက်သွင်းပေးပါတယ်။
တစ်စုံတစ်ရာက ကျွန်မကို ကျမ်းစာ အကျယ်ကြီးဖတ်ဖို့၊ ကျွန်မနား၊ ကျွန်မနှလုံးသား၊ ကျွန်မစိတ်တွေနဲ့ ဆတ်ဆတ်ကြားရဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။
ဒါနဲ့ ကျွန်မလည်း ဝိညာဉ်တော်ဘုရားက တိုက်ရိုက်လမ်းညွှန်ပေးဖို့ ခွင့်ပြုလိုက်တာနဲ့ သံသယစိတ်ဝင်နေတဲ့ နာသနေလဟာ ယေဇူးသခင်နဲ့ တွေ့တဲ့အခါ သူ့ရဲ့ ရယ်မောသံကို ကြားရတယ်။ နိကောဒေမူးရဲ့ လွမ်းဆွတ်ခြင်းကို ကိုယ်ချင်းစာ သိနားလည် လာခဲ့တယ်။ ရေတွင်းမှာ ရှိနေတဲ့ အမျိုးသမီးနဲ့ ထိပ်တိုင်ရင်ဆိုင်တွေ့ဆုံခြင်းရဲ့ နူးညံ့သိမ်မွေ့မှုကို ကြားယောင်လာတယ်။
ကျွန်မ ဖတ်ရှုနေရတဲ့ နှုတ်တော်ထွက်စကားဟာ ကျွန်မမျက်စိရှေ့မှာတင် တုံးတိတိနဲ့ တစ်ခါတစ်လေ ကြမ်းတမ်းသယောင်ထင်ရပေမဲ့ ခုတော့ အမှန်တရား၊ ကြင်နာခြင်းနဲ့ ပြည့်လျှံနေသလို ဖြစ်လာပါတယ်။
ဧဝံဂေလိသတင်းကောင်းကို မျှဝေဖို့ သူ့ရဲ့အိမ်နီးနားချင်းတွေဆီ ဆာမရိတန်အမျိုးသမီးကို ပြန်လွှတ်လိုက်တဲ့ ပျော်ရွှင်မှုကိုလည်း ကျွန်မ သိနားလည်လာနိုင်ခဲ့တယ်။
၂။ နှုတ်ကပတ်တော်ထဲမှာ လွတ်လပ်စွာ ပူးပေါင်းပါ။
အဓိကစကားလုံးတစ်လုံးကို ရွေးချယ်ပါ။
အဲဒီစကားလုံးနောက်ကို လိုက်ပါ။
ဒါမှမဟုတ် ကျမ်းစာထဲမှာ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားစကားလုံးကို ရှာဖွေပြီး ဘုရားရှင်က ကျွန်မတို့ဆီ ပေးအပ်လာတဲ့ အကြောင်းအရာကို သတိထား နားစွင့်ကြည့်ပါ။
၃။ သင် သွားလေရာရာမှာ ဗိမ္မာန်ကို တည်ဆောက်ပါ။
ဘုရားသခင်က အစ္စရေးလူမျိုးတွေကို အံ့ဖွယ်တန်ခိုးလက္ခဏာတွေ ဖြစ်ပျက်ခဲ့တဲ့နေရာဌာနတွေမှာ ဗိမ္မာန်တော်တွေ တည်ဆောက်ဖို့ ညွှန်ကြားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က လူတွေရဲ့ ကျေးဇူးသိတတ်မှုနဲ့ မှတ်ဉာဏ်ဟာ တိုတောင်းလွန်းတယ်ဆိုတာကို သိနေရလို့ပဲဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ရဲ့ စွန့်စားခန်းတွေကို မှတ်တမ်းတင် ရေးသားကြဖို့လည်း တိုက်တွန်းတော်မူခဲ့တယ်။
သင့်မှာ မှတ်စုစာအုပ်တစ်အုပ် ထားရှိဖို့ ခက်ခဲတယ်ဆိုရင်လည်း သမ္မာကျမ်းစာကို ဖတ်ရှုတဲ့အခါ ဘေးမှာ ဒါမှမဟုတ် အောက်မှာ မျဉ်းသားထားပါ။ ဒီလို ကိုယ်ပိုင်သီးသန့်မှတ်သားထားတာလေးတွေက သင့်ကို ဘုရားသခင်ရဲ့ သစ္စာရှိမှုကို လန်းလန်းဆန်းဆန်း သတိပေးကြပါလိမ့်မယ်။
တစ်နေ့ကျရင် အဲဒီသမ္မာကျမ်းစာဟာ တခြားလူတွေအတွက် ကောင်းကြီးမင်္ဂလာတစ်ပါး ဖြစ်လာပါလိမ့်မယ်။ သေဆုံးသွားပြီဖြစ်တဲ့ အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ဦးရဲ့အကြောင်းကို ကျွန်မ ဖတ်ရှုခဲ့ဖူးပါတယ်။ သူ သေပြီးတဲ့နောက် သူချန်ရစ်ထားခဲ့တဲ့ သမ္မာကျမ်းစာအုပ်ရဲ့အထဲမှာ သူ့ရဲ့သားသမီး၊ မြေးမြစ်တွေရဲ့ နာမည်တွေနဲ့ ပြည့်နှက်နေတာ ကျွန်မ တွေ့ရှိခဲ့ရတယ်။ ဒီလိုနည်းနဲ့ သူတို့တစ်ဦးချင်းစီအတွက် သူ ဆုတောင်းပေးခဲ့တဲ့ သမ္မာကျမ်းစာပိုဒ်တွေကို မှတ်သားထားခဲ့ပါတယ်။
ဗိမ္မာန်တွေနဲ့ ပြည့်နှက်နေပြီး ဒီလိုစုတ်ပြတ်နေတဲ့စာအုပ်က အကျင့်ဆိုးတဲ့ သူ့မြေးလေးရဲ့ နှလုံးသားကို ဖြိုခွင်းပစ်လိုက်တဲ့ ကိရိယာတန်ဆာပလာဖြစ်လာပြီး နောက်ဆုံးတော့ သူ့အဖွားရဲ့ ကယ်တင်ရှင်ကို သိလာဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
၄။ ကျမ်းစာထဲက ရှုခင်းရှုကွက်တွေကို မျက်စိထဲ မြင်ယောင်ကြည့်ပါ။
သူ့နာမည် ခေါ်သံကို ကြားရပြီး ရှင်ပြန်ထမြောက်တဲ့ သူ့ရဲ့သခင်ကို ချက်ချင်း မှတ်မိနေတဲ့ မာရိယမာဂဒလရဲ့ မျက်နှာကို ပုံဖော်ကြည့်ပါ။
ရောမစစ်သားနှစ်ယောက်ရဲ့ကြားမှာ သံကြိုးနဲ့ ချည်နှောင်ခံရပြီး သူ့ရဲ့ဖိလ္လိပ္ပိမြို့သူမြို့သားသို့ထံ ရေးသောစာကို လိုက်နာကြဖို့ အမိန့်ပေး စေခိုင်းနေတဲ့ ရှင်ပေါလုကို စိတ်ထဲ မြင်ယောင်ကြည့်ပါ။
စူးစမ်းတဲ့ကလေးငယ်လေးတစ်ယောက်ဆီ ဖတ်ပြသလို သမ္မာကျမ်းစာကို ဖတ်ရှုပါ။
အဲဒီလို မျှော်လင့်တကြီး ဖတ်ရှုတဲ့အခါ ဘုရားရှင်က ပညာဉာဏ်အရှိဆုံး ပေးစာတွေကိုတောင် ကျွန်မတို့ဆီ ဖွင့်ထုတ်ဖော်ပြပေးပါလိမ့်မယ်။
၅။ အပိုဒ်ငယ်တိုင်းမှာ ယေဇူးသခင်ကို ရှာဖွေပါ။
နှုတ်ကပတ်တော်တစ်ခုလုံးဟာ ငါတို့သခင်ဘုရားမျက်နှာတော်ရဲ့ အကွက်ပုံဖော်ခြင်းတစ်ခုဖြစ်ပါတယ်။ အကွက်တစ်ခုချင်းစီက သူ့ရဲ့ တန်ခိုးအာဏာနဲ့ ချစ်ခင်မြတ်နိုးဖွယ်ကောင်းခြင်းကို ဖွင့်ဟဖော်ထုတ်ပြနေပါတယ်။ သူ့ရဲ့ တရားမဥပဒေထဲမှာ သူ့ရဲ့ ဖန်ဆင်းခံသတ္တဝါတွေထံကို ဘုရားရှင်ရဲ့နှလုံးသားရဲ့ နူးညံ့သိမ်မွေ့မှုကို ကျွန်မတို့ မြင်တွေ့ပါလိမ့်မယ်။ ရွတ်ဆိုလို့မရတဲ့ နာမည်တွေထဲမှာတောင်မှ ကလေးတစ်ဦးတစ်ယောက်ချင်းအတွက် သူ့ရဲ့ချစ်ခင်မှုကို ကျွန်မတို့ ခံစားထိတွေ့နိုင်ပါတယ်။
ဧမောက်ရွာအသွား လမ်းမပေါ်မှာ တပည့်တော်ကြီးများအတွက် သူပြုလုပ်ဆောင်ရွက်ပေးခဲ့သလို ယေဇူးက ကျွန်မတို့အတွက် အနက်အဓိပ္ပာယ်ကို ဖွင့်ပေးပြီး ကျွန်မတို့ရဲ့ နှလုံးသားဟာ ကျွန်မတို့အထဲမှာ သူ့ရဲ့နှုတ်တော်ထွက်စကားကို အသစ်သော ဆာလောင်မှုနဲ့အတူ တဖန်ပြန်ပြီး လောင်ကျွမ်းနေတာကို ကျွန်မတို့ ရှာဖွေတွေ့ရှိရပါလိမ့်မယ်။
[မူရင်း။။ Elizabeth D. Mulloy ၏ ARE YOU BORED WITH THE BIBLE? ကို ပြန်ဆိုခြင်းသာ။]

No comments:
Post a Comment