🎯 နေ့ရက်တွေ လှပဖို့ နည်းလမ်း ၆ ခု
•••••••••••••••••••••••••••••• ✍️ ဇို(တီးတိန်)
တစ်နေ့တာကို သင် ဘယ်လို ဖြတ်သန်းပါသလဲ။
မနက် အိပ်ယာထထချင်း အရာရာဟာ ပိုဆိုးလာမယ်လို့ လုံးဝမတွေးဘဲ မနေ့ကထက် ဒီကနေ့ဟာ ပိုကောင်းလာရမယ်လို့ မျှော်လင့်ပြီး အသက်ရှင်ခဲ့ပါသလား။
သင့်နေ့ရက်တွေ လှပဖို့ အောက်ပါအချက်လေးတွေကို သတိရလိုက်ပါ။
၁။ တစ်နေ့တာကို ဘုရားရှင် ကူမပေးဖို့ ဆုတောင်းပါ။
ဖြစ်နိုင်တဲ့အရာတွေအပေါ်မှာ သင်အလုပ်လုပ်နေတာဖြစ်ပေမယ့် မဖြစ်နိုင်တဲ့အရာတွေမှာ ဘုရားရှင် တာဝန်ယူပေးဖို့ ခွင့်ပြုပါ။
သင့်ရဲ့တစ်နေ့တာဟာ ဆိုးဆိုးရွားရွားနဲ့ စနေရင် နောက်ဆုံးမိနစ်အထိ အကောင်းဆုံး တိုးတက်အောင် ကြိုးစားပါ။
ရေ (၈)ခွက်သောက်ပါ။
တိုတောင်းတဲ့ သမ္မာကျမ်းစာပိုဒ်တစ်ခုကို ကိုးကားပြီး အလွတ်ရွတ်ဆိုပါ။
တစ်ယောက်ယောက်ကို တင်းတင်းကျပ်ကျပ် ဖက်ထားပါ။
ရေခဲသေတ္တာထဲက လက်ကျန်တစ်ခုကို လွှင့်ပစ်လိုက်ပါ။
ဆုတောင်းမေတ္တာတစ်ပုဒ်ကို ရွတ်ဆိုပါ။
၂။ ကြိုတင်ပြင်ဆင်ပါ။
ဘဝက သင့်ကို တရစပ် တိုက်ခိုက်ချေမှုန်းတဲ့အခါ ပျက်စီးခြင်းမှ ကင်းလွတ်နိုင်အောင် ကြိုတင်ပြီး အစီအစဉ်ချထားပါ။
၃။ ရယ်ရွှယ်စရာတစ်ခုခုကို ရှာကြံပါ။
တခြား ဘာမှ စဉ်းစားမနေပါနဲ့ ဒါမှမဟုတ် အရာရာတိုင်းကို လေးလေးနက်နက် မထားပါနဲ့။
"မရယ်ရတဲ့နေ့ဟာ အချည်းနှီးအလဟဿအဖြစ်ဆုံးနေ့ပဲ"လို့ ၁၈ ရာစု ပြင်သစ်ပညာရှိကြီး ချမ်းဖို့သ်(Chamfort)က ပြောခဲ့ပါတယ်။
ငယ်ငယ်လေးကတည်းက မလုပ်ခဲ့ဖူးတဲ့ လှုပ်ရှားမှုတစ်ခု ဒါမှမဟုတ် သာမန်အရာတွေထဲက တစ်ခုခုကိုလုပ်ဖို့ ကြံဆောင်ပါ။
ကျစ်ဆံမြီးလေး လုပ်ကြည့်ပါ ဒါမှမဟုတ် ကလေးတွေနဲ့ ခုန်ပေါက်ပြေးလွှား ဆော့ကစားကြည့်ပါ။
အထက်တန်းဘဝတုန်းက အမှတ်တရ ရေးပေးခဲ့ဖူးတဲ့ အော်တိုစာအုပ်လေးကို ပြန်ဖတ်ကြည့်ပါ။
"စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား အရိုးတို့ကိုသွေ့ခြောက်စေတတ်၏"လို့ သုတ္တံကျမ်း ၁၇:၂၂ မှာ ပြောဆိုရေးသားထားပါတယ်။
၄။ သူတစ်ပါးအတွက် တစ်စုံတစ်ခုကို ပြုလုပ်ဆောင်ရွက်ပေးပါ။
ဒါက သင့်စိတ်ထဲက ပြဿနာဒုက္ခတွေကို ယူဆောင်သွားပေးပါလိမ့်မယ်။
သေးငယ်တဲ့ နည်းလမ်းတစ်စုံတစ်ခုနဲ့ ခရစ်တော်ကို မျှဝေပါ။ မိုးထဲရေထဲမှာ မညည်းမညူ တာဝန်သိသိနဲ့ စာပို့လုလင်ကို ကျေးဇူးတင်ပါ။
အလုပ်လက်မဲ့ဖြစ်နေသူ ဒါမှမဟုတ် မနေ့တစ်နေ့ကပဲ အိမ်ထောင်ပြုသူထံ အားပေးစကားအတိုအထွာလေးတွေ ရေးပြီး ပို့စကတ် ပို့လိုက်ပါ။
၅။ ကျေးဇူးတော်ကို ရေတွက်ပါ။
လူတော်တော်များများဟာ ကောင်းတာကိုကျရင် ပေါ့ပေါ့တန်တန် သဘောထားပြီး အဆိုးတွေပေါ်မှာပဲ ရပ်တည်လွန်းတတ်ကြပါတယ်။ သင့်ရင်ခုန်သံကို မြတ်နိုးတန်ဖိုးထားပါ။
သင့်အိမ်ထဲမှာ ပေးထားတဲ့ အရာရာတိုင်းအတွက် ဘုရားကို ကျေးဇူးတင်ပါ။
၆။ အာရုံစိုက်ပြီး လုပ်ရမည့်အလုပ်တစ်ခုကို ဆောင်ရွက်ပါ။
ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာဟာလည်း တစ်နေ့တာကို တိုးတက်စေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။
ခေါင်းအုံးတွေကို အိမ်အပြင်ထုတ်ပြီး ဖုန်တွေကို ခါချလိုက်ပါ။
ရေခဲသေတ္တာပေါ်ကို သန့်ရှင်းရေးလုပ်ပါ။
ကားထဲကို ဖုန်စုပ်ပါ။
[မူရင်း။။ Candace Walters ၏ SIX WAYS TO MAKE A BAD DAY NICE ကို ပြန်ဆိုပါသည်။]
No comments:
Post a Comment