အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Sunday, October 25, 2020

လက်ငါးချောင်းပုံပြင်

🎯 လက်ငါးချောင်းပုံပြင်
      ••••••••••••••••••• ✍️ ဇို(တီးတန်)

တစ်ခါတုန်းက လက်ငါးချောင်းဟာ ရန်ဖြစ်ကြသတဲ့။ တစ်ယောက်ချင်းစီက သူသာ အားလုံးရဲ့ ခေါင်းဆောင်ဖြစ်သင့်တယ်လို့ ယူဆတွေးထင်နေကြတယ်။ သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တဲ့အထိ အငြင်းပွားတိုက်ခိုက်နေကြတယ်။


“နားထောင်ကြပါဗျာ”လို့ လက်မက အမောတကော ပြောဆိုလိုက်ပါတယ်။
“ပညာရှိကြီးထံသွားပြီး သူ့ကို ခေါင်းဆောင်ရွေးခိုင်းကြစို့”
လက်ချောင်းကလေးတွေဟာ သူတို့ဘာသာ ပဋိပက္ခမဖြေရှင်းနိုင်တဲ့အတွက် တောင်ထိပ်တစ်ခုပေါ်မှာရှိတဲ့ ပညာရှိကြီးရဲ့ တဲကလေးဆီကို ရောက်လာခဲ့ကြတယ်။
“ကဲ… လက်ချောင်းကလေးတွေရေ….ဘာလို့ ဒီကို ရောက်လာကြတာတုံး”လို့ ပညာရှိကြီးက ဆီးကြိုပြီး မေးလိုက်တယ်။
“အားလုံးက သဘောမတူနိုင်ကြလို့ ဆရာကြီးဆီ အရောက်လာခဲ့ကြတာပါ”လို့ လက်မက ပြန်ဖြေလိုက်တယ်။ “ပြီးတော့ ငါတို့အထဲက ခေါင်းဆောင်တစ်ယောက်လောက် ရွေးပေးဖို့ ဆရာကြီးကို အကူအညီ လာတောင်းတာပါ။ သူတို့က ငါ့ကို ဘာလို့ မရွေးကြတာလဲဗျ။  ငါက တခြားလူတွေနဲ့ မတူဘူး။ ကွဲပြားတယ်။ ခြားနားတယ်။ သူတို့တွေက အနည်းအများ ခပ်ဆင်ဆင်လေးတွေလေ”

“ငါပဲ ခေါင်းဆောင်ဖြစ်သင့်တာ”လို့ လက်ညှိုးက ပြောလိုက်တယ်။ သူက ပညာရှိကြီးရဲ့ မျက်နှာရှေ့တည့်တည့်မှာ လက်ဝှေ့ယမ်းပြလိုက်တယ်။ “ငါမရှိရင် ကျောင်းဆရာတွေက စာသင်ကြားပေးနိုင်မှာမဟုတ်ဘူး။ ငါမရှိရင် တရားဟောဆရာတွေကလည်း ဩဝါဒပေးနိုင်မှာမဟုတ်ဘူးဗျ”

“မဟုတ်သေးဘူး၊ မဟုတ်သေးဘူးဗျ”လို့ လက်ခလယ်က ကြားဖြတ်ပြောလိုက်တယ်။ “ငါ့မှာ ပိုကောင်းတဲ့အကြံတစ်ခုရှိတယ်ဗျ။ ဘယ်သူ အရပ်အရှည်ဆုံးလဲဆိုတာ တန်းစီပြီး တိုင်းကြည့်ကြစို့။ အရှည်ဆုံးက ငါပါပဲကွာ။ ဒါ့ကြောင့် ငါပဲ ခေါင်းဆောင်ဖြစ်သင့်တာဗျ”

လက်သူကြွယ်က ဒေါသထွက်သွားတယ်။
“မေးခွန်းတစ်ခုလောက် မေးပါရစေခင်ဗျ။ လူတွေ ထိမ်းမြားလက်ထပ်တဲ့အခါ လက်ထပ်လက်စွပ်ကို ဘယ်မှာ စွပ်ကြသလဲ။ ငါ့ကိုယ်ပေါ်မှာပဲပေါ့။ ဒါ့ကြောင့် ငါပဲ ခေါင်းဆောင်ဖြစ်သင့်တာ”

“နေပါဦးကွာ”လို့ လက်သန်းက အော်ပြောလိုက်တယ်။
“ငါ့ကိုပဲ ခေါင်းဆောင်ခန့်ကွာ။ ငါ့ကိုပဲ ခန့်ကြပါဗျာ”
တခြားလက်ချောင်းကလေးတွေက သူ့ကို လှောင်ပြောင်ရယ်မောကြတယ်။
“ခင်ဗျားတို့ မဟုတ်သေးဘူးနော်။ နားထောင်ကြစမ်းပါဗျာ။
လူတွေ ဘုရားကျောင်းသွားတဲ့အခါ လက်အုပ်ချီးပြီး ဘုရားသခင်ကို ရှိခိုးကိုးကွယ်ကြတယ်မဟုတ်လား။ ဘုရားစင်နဲ့ အနီးကပ်ဆုံးဟာ ငါဖြစ်နေတော့ ဘုရားရှင်နဲ့ အနီးကပ်ဆုံးသူဟာ ငါပဲလေ။ အဲဒီတော့ ငါ့ကိုပဲ ခေါင်းဆောင်ခန့်ကြ”

လက်ချောင်းကလေးတွေက ပညာရှိကြီးထံ ပြန်လှည့်လာကြတယ်။ ပညာရှိကြီးက သူ့ရဲ့တဲအပြင်ဘက်ရှိ အဆုံးအစမဲ့ တောင်စဉ်တောင်တန်းတွေကို ငေးကြည့်လို့နေတယ်။
“ဘယ်သူက ခေါင်းဆောင်ဖြစ်သင့်သလဲဆိုတာ ငါတို့ကို ပြောပြပေးပါလားဆရာကြီး”
ပညာရှိကြီးက သူတို့ဘက်ကို လှည့်ပြီး ပြုံးပြလိုက်တယ်။
“ခေါင်းဆောင်တစ်ယောက်တည်းပဲ မရှိဘူး။ ခေါင်းဆောင်မှာ လေးယောက်ရှိတယ်ဗျ”
“ဟုတ်လားဗျ။ ဒါဆိုရင် ဘယ်တစ်ယောက်က ကျန်လေးယောက်ရဲ့ ငယ်သားလဲဗျ”လို့ သူတို့က ပြန်မေးလိုက်တယ်။
ဒါနဲ့ ပညာရှိကြီးကလည်း ပြန်ဖြေလိုက်တယ်။
“အယောက်စီတိုင်းဟာ ကျန်လေးယောက်ရဲ့အစေခံငယ်သားပဲ”တဲ့။

[မူရင်း။       ။ Rev. Sunny Abraham ၏ Five Fingers ကို ပြန်ဆိုပါသည်။]

No comments:

Post a Comment