အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

ပျော်ရွှင်မှုဆိုတာ သင် ရွေးချယ်တဲ့အရာ

🎯 ပျော်ရွှင်မှုဆိုတာ သင် ရွေးချယ်တဲ့အရာ
      ••••••••••••••••••••••••••••••••••• ✍️ ဇို(တီးတိန်)

စိတ်ပညာရှင်ကားလ်ဂျန်းက ဒီရာစုနှစ်အစောပိုင်းကာလမှာ ရေးခဲ့ဖူးတာလေးတစ်ခုရှိပါတယ်။ 
“ကျွန်ုပ်ရဲ့ လူနာသုံးပုံလောက်ဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့်မဟုတ်ဘဲ သူတို့ဘဝဟာ အဓိပ္ပာယ်မရှိဘူး၊ အနှစ်သာရကင်းမဲ့နေတယ်ဆိုပြီး ခံစားနေရလို့ ရောက်ရှိလာကြတာများပါတယ်”လို့ ရေးခဲ့ပါတယ်။


စိတ်ဆင်းရဲခြင်းဟာ ခေတ်သစ်ကပ်ရောဂါဆိုးတစ်ခုဖြစ်ပါတယ်။ ပျော်ရွှင်ခြင်းတွေ ရှာမတွေ့နိုင်တဲ့အခါ လူတွေဟာ စိတ်ပျက်လက်ပျက်ဖြစ်သွားတတ်ကြပါတယ်။

“ဘ၀ရဲ့ ရည်ရွယ်ချက်ဟာ ပျော်ရွှင်နေဖို့တင်ပဲ မဟုတ်ပါဘူး။ ရှင်သန်ရာကာလမှာ ထူးခြားမှုတွေ ဖန်တီးယူဖို့၊ အသုံးဝင်တန်ဖိုးရှိဖို့၊ အရေးကြီးတာတွေလုပ်ဖို့လည်း လိုသေးတယ်”လို့ စာရေးဆရာ လီအိုရိုစတင်းက ပြောခဲ့ပါတယ်။

“ကျွန်ုပ်တို့ကို စိတ်ရှုပ်ထွေးနောက်ကျိစေပြီး ဘဝရဲ့ပျော်ရွှင်မှုကို လုယူသွားတာဟာ ဒီအနှစ်သာရကင်းမဲ့ခြင်းဆိုတာကြီးပါပဲ။ ကျွန်တော်တို့ရဲ့ ဘဝတွေဟာ တစ်ရက်ပြီးတစ်ရက် ဆက်ပြီး သွားနေတယ်။ အဲဒီဘဝတွေဟာ ပျော်ရွှင်မှု ဒါမှမဟုတ် စိုးရိမ်သောကတွေ ပြည့်လျှံပြီး အောင်မြင်ချင်မှ အောင်မြင်မယ်။ ဒီကမ္ဘာမြေဟာ ကျွန်ုပ်တို့ ကုန်ဆုံးပျောက်ကွယ်သွားတဲ့အခါ ပိုပြီး ဆင်းရဲသွားမလား ဒါမှမဟုတ် လျော့နည်းသွားတာလောက်ပဲဖြစ်မလား၊ စဉ်းစားဆင်ခြင်စရာကောင်းပါတယ်”လို့ ရဗ္ဗိဟာရိုလ်ကူးစ်နာက မိန့်မြွက်ခဲ့ပါတယ်။ 

လူတိုင်းလူတိုင်းဟာ အောက်မှာ ဖော်ပြတဲ့ အခြေခံကျတဲ့ရွေးချယ်မှုတွေကို ပြုလုပ်ခြင်းအားဖြင့် အဓိပ္ပာယ်ပြည့်ဝတဲ့ဘဝကို ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။

၁။ ဘုရားကို ဗဟိုပြုတဲ့အသက်တာကို ရှင်သန်ဖို့ ရွေးချယ်ပါ။
ဘုရားသခင်နဲ့ ရင့်ကျက်ပြည့်ဝပြီး ကိုယ်ရေးကိုယ်တာဆန်တဲ့ ပေါင်းသင်းဆက်ဆံမှုဟာ လူသားတွေရဲ့ ပျော်ရွှင်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ တချို့လူတွေက ယုံကြည်ခြင်းနဲ့ ကြောက်ရွံ့ခြင်းကို ရောထွေးပစ်တတ်ကြပါတယ်။

ကျွန်ုပ်တို့ဟာ ဘဝရဲ့ တွန်းလှန်ထိုးနှက်တိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာအနာတရ ဖြစ်ကြရတယ်။ ဒါ့ကြောင့် ဘုရားသခင်ရဲ့  ကုသခြင်းကျေးဇူးတော်ကိုရဖို့ ယုံကြည်ခြင်းကို အလွန်အမင်း လိုအပ်နေကြပါတယ်။

ဘုရားကို ဗဟိုပြုတဲ့ဘဝအသက်တာက ကျွန်ုပ်တို့ဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကို သိရှိစေပါတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ သးသမီးများဖြစ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဟာ ညီအစ်ကို မောင်နှမတွေဖြစ်ကြပါတယ်။ ဘုရားသခင်နဲ့ သီးခြားပေါင်းသင်းဆက်ဆံခြင်းက အနှစ်သာရကင်းမဲ့လှတဲ့ ဘဝရှင်သန်ခြင်းရဲ့ စိုးရိမ်ပူပန်မှုကနေ လွတ်မြောက်စေပါတယ်။

ဘုရားရှင်ဟာ အဓိပ္ပာယ်ရှိတဲ့ဘဝကို ဖန်တီးတည်ဆောက်နိုင်ဖို့ တစ်ခုတည်းသော လုံခြုံရာအုတ်မြစ်ဖြစ်ပါတယ်။ 
ဘယ်အရာနဲ့ပဲ ကြုံတွေ့နေရပါစေ၊ ကျွန်ုပ်တို့ သိနားလည်ထားရမှာကတော့ - “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တစ်ညီတညွတ်တည်း ပြုစုကြကုန်၏”(ရောမဧဩဝါဒစာ ၈:၂၈)ဆိုတဲ့ ကျမ်းစကားပဲဖြစ်ပါတယ်။

အရာရာတိုင်းမှာ ဘုရားရဲ့အလိုတော်အတိုင်း ခေါ်တော်မူခြင်းခံရပြီး သူ့ကို ချစ်ခင်ကြတဲ့သူအားလုံးရဲ့ ကောင်းကျိုးအတွက် ဘုရားရှင်က လုပ်ဆောင်တော်မူခြင်းဖြစ်တယ်ဆိုတာပဲဖြစ်ပါတယ်။

၂။ ကျေးဇူးတင်ဖို့ ရွေးချယ်ပါ။
သူငယ်ချင်းတစ်ယောက်က ခုတလော ဒုက္ခတွေ ရောက်နေတယ်။ သားသမီး ၄ ယောက်ရဲ့ မုဆိုးမမိခင်က တစ်ကိုယ်တည်း မိဘတာဝန်ရော စီးပွားရေးဝန်ထိုးဝန်ပိုးကိုပါ ထမ်းရရှာတယ်။ အဲဒီလို ဒုက္ခနဲ့ကြုံရင် စာရင်းတစ်ခုပြုစုပါ။ အဲဒီစာရင်းစာအုပ်ရဲ့ ပထမစာမျက်နှာမျာ သင့်ရဲ့ပြဿနာတွေကို ချရေးလိုက်ပါ။ ပြီးတော့ အခြားတစ်ဖက်မှာ သင် ကျေးဇူးတင်ရမယ့်အရာများကို ရေးပါ။ ဒီလိုဆိုရင် သင့်မှာ ကျေးဇူးတင်စရာတွေများပြီး ပြဿနာတွေက အဲဒီလောက်ကြီး သိပ်ပြီး မကြီးကျယ်သလို ထင်ရပါလိမ့်မယ်။

၃။ ပျော်ရွှင်ဖို့ ရွေးချယ်ပါ။ 
 “ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့”လို့ ရှင်မဿဲခရစ်ဝင်ကျမ်း ၅:၁၂ မှာ ယေဇူးဘုရားရှင်က သူ့တပည့်တော်ကြီးတွေကို မိန့်မြွက်တော်မူခဲ့တယ်။ ရှင်ပေါလုကလည်း - “သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့”(ဖိလိပ္ပိဩဝါဒစာ ၄:၄)လို့ ခရစ်ယာန်ယုံကြည်သူတွေကို မိန့်ဆိုခဲ့ပါတယ်။ ဒုက္ခတွေ ခါးစည်းခံနေရရင်တောင် ပျော်ရွှင်ဖို့ ကျွန်ုပ်တို့ ရွေးချယ်နိုင်ပါတယ်။

ဂျူးလူမျိုးစိတ်ကုပညာရှင် ဗစ်တာဖရန့်ခ်ဟာ ဒုတိယကမ္ဘာစစ်ကြီးတုန်းက နာဇီမရဏစခန်းမှာ ဒုက္ခဝေဒနာတွေ ဖော်မပြနိုင်လောက်အောင် တွေ့ကြုံခံစားခဲ့ရတယ်။ သူ့နှမတစ်ယောက်ကလွဲလို့ သူ့မိသားစုတစ်ခုလုံး အသတ်ခံခဲ့ရတယ်။ လူနည်းစုတချို့မှာသာ စိတ်ပျက်အားငယ်မှု၊ ခါးသီးမှု၊ မုန်းတီးနာကြည်းမှုတွေကို ခံစားဖို့ ပိုကောင်းတဲ့အကြောင်းပြချက်တွေ ရှိကြတယ်။ ဒါပေမဲ့ သူကတော့ တမူကွဲပြားအောင် တုံ့ပြန်ဖို့ ရွေးချယ်ခဲ့တယ်။ “နာဇီတွေကတော့ လူတစ်ယောက်ဆီကနေ အရာတစ်ခုကလွဲလို့ ကျန်တာတွေအားလုံးကို ယူဆောင်သွားနိုင်ပါတယ်။ အဲဒီတစ်ခုတည်းသောအရာဟာ လူ့ရဲ့ နောက်ဆုံး လွတ်လပ်ခွင့်ပဲ။ ဘယ်အခြေအနေပဲကြုံလာကြုံလာ သူ့သဘောထားခံယူချက်ကို ရွေးချယ်ဖို့ သူ့ရဲ့နောက်ဆုံးလွတ်လပ်ခွင့်ပါပဲ”လို့ ဗစ်တာဖရန့်ခ်က ရေးသားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေဟာ ပျော်ရွှင်မှုကို ရွေးချယ်ဖို့ သူတို့ရဲ့ လွတ်လပ်ခွင့်ကို လက်လွတ်အဆုံးရှုံးခံရန် ငြင်းဆိုတတ်ကြပါတယ်။

၄။ ခွင့်လွှတ်ဖို့ ရွေးချယ်ပါ။
“သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကို စီရင်ကြ၏။ ထိုတရားအတိုင်း စီရင်ခြင်းကို ခံကြရမည်”လို့ ရှင်မဿဲ ၇:၂ မှာ ခရစ်တော်က မိန့်ဆိုထားပါတယ်။
ခွင့်မလွှတ်နိုင်တဲ့ ဂလဲ့စားချေလိုစိတ်နဲ့ အပြစ်မကင်းတဲ့စိတ်ဟာ ခံထမ်းဖို့ အခက်ခဲဆုံး ဝန်ထုပ်ဝန်ပိုးနှစ်ခုဖြစ်ပါတယ်။
ခွင့်လွှတ်ခြင်းဟာ သိမ်မွေ့ယဉ်ကျေးတဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။ တရားစီရင်ရေးဆိုင်ရာ ချိန်ခွင်လျှာညှိခြင်းတစ်ခု မဟုတ်ပါဘူး။

၅။ တခြားသူတွေကို ချစ်ဖို့ ရွေးချယ်ပါ။
တခြားသူတွေကို ချစ်ဖို့ဆိုတာဟာ စွန့်စားရပါတယ်။
အမျိုးသမီးတစ်ဦးဟာ ဘဝမှာ ခါးသီးမှုတွေကို နာနာကျင်ကျင် ခံစားခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းက လိင်အကြမ်းဖက်ခြင်းကို ခံရပြီး အသက်ကြီးလာလို့ တစ်အိုးတစ်အိမ်ထူထောင်တဲ့အခါ အိမ်ထောင်ရေးဟာလည်း အဆင်မပြေပြန်ပါဘူး။

နှစ်တွေ၊ လတွေကြာလာလို့ ဒဏ်ရာတွေ မကျက်သေးပေမဲ့ အဲဒီအမျိုးသမီးဟာ ထူးထူးခြားခြား ပြောင်းလဲလာပါတယ်။ ဘဝအပေါ် သူ့အမြင်တွေလည်း ပြောင်းသွားတယ်။ ဘဝကို အကောင်းဘက်ကနေ မြင်တတ်လာတယ်။ အတိတ်မှာ ခံစားခဲ့တဲ့ နာကျင်မှုဝေဒနာတွေကို အသုံးချပြီး ဝမ်းနည်းပူဆွေးနေတဲ့လူတွေကို နှစ်သိမ့်အားပေးတတ်လာခဲ့တယ်။

၆။ ရယ်မောပျော်ရွှင်တတ်တဲ့ စိတ်သဘောထားကို ရွေးချယ်ပါ။
ဟာသဉာဏ်ရွှင်ခြင်းဟာ ခက်ခဲကြမ်းတမ်းတဲ့ကာလတွေမှာ နှလုံးသားရဲ့ အကောင်းဆုံးလက်နက်ထဲက တစ်ခုဖြစ်ပါတယ်။ “ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်လက်ပဲ”လို့လည်း ပြောဆိုကြပါတယ်။
တကယ်စစ်မှန်တဲ့ ရယ်ရွှင်စရာဟာသတွေဟာ တင်းမာမှုတွေကို ဖြေလျှော့ပေးတဲ့ နည်းတစ်နည်းဖြစ်ပါတယ်။
ပျော်ပျော်နေတတ်တဲ့လူတွေက တစ်ချိန်လုံးတော့ ခပ်တည်တည်နဲ့ လေးလေးနက်နက် မရှိတတ်ကြပါဘူး။

၇။ အဓိပ္ပာယ်ရှိတဲ့အရာတွေကို လုပ်ဆောင်ဖို့ ရွေးချယ်ပါ။
ဒေါက်တာအဲလ်ဘတ်ရွှိုက်ဇာက တစ်ခါမှာတော့ လူငယ်‌လေးအဖွဲ့တစ်ဖွဲ့ကို ပြောပြဖူးပါတယ်။ 
“သင်တို့အထဲမှာ အမှန်တကယ်ပျော်ရွှင်ချင်တဲ့သူဟာ သူတစ်ပါးကို ဘယ်လိုအစေခံရမလဲဆိုတာ သိနားလည်တဲ့သူပါပဲ”တဲ့။

ဒေါက်တာအဲလ်ဘတ်ရွှိုက်ဇာလို လူအများစုဟာ သာသနာပြုလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ ခေါ်တော်မူခြင်း မခံကြရပါဘူး။ ဒါပေမဲ့ အပျော်ရွှင်ဆုံးလူတွေဟာ သူတစ်ပါးကို ကူညီရိုင်းပင်းတတ်ကြတဲ့သူတွေ ဖြစ်ကြပါတယ်။

၈။ အကောင်းမြင်တတ်ဖို့ ရွေးချယ်ပါ။
“ကျွန်တော်ဟာ အကောင်းမြင်သမားပါ”လို့ ဒုတိယကမ္ဘာစစ်ရဲ့ အမှောင်နေ့တွေမှာ ဝန်စတန်ချာချီက ပြောခဲ့ပါတယ်။ ပျော်ပျော်နေတတ်တဲ့သူတွေဟာ ဘဝမှာ မျှော်လင့်ချက် အမြဲတမ်း ထားရှိကြပါတယ်။

ဘဝက လိမ္မော်သီးတစ်လုံးပေးလာတဲ့အခါ အကောင်းမြင်သမားက လိမ္မော်သီးဖျော်ရည် လုပ်ပစ်လိုက်ပါတယ်။      

[Jeris E. Bragan ၏ HAPPINESS IS A CHOICE YOU MAKE ကို ပြန်ဆိုပါသည်။]

No comments:

Post a Comment