ဘဝမှာ တစ်ခါတစ်လေ ကိုယ့်အတွက်ကိုယ် ဆိုတဲ့အတွေးနဲ့ တစ်ရက်လောက် အနားကောင်းကောင်းယူသင့်တယ်။
ဥပမာ တစ်နေကုန် မထ ပဲ အိပ်ရာထဲ ခွေနေတာမျိုးပေါ့။ ကိုယ်စားချင်တဲ့မုန့်ကို တစ်ယောက်တည်း ထွက်စားပြီး ကိုယ်ကြည့်ချင်တဲ့ရုပ်ရှင်ကို ကိုယ့်ဘာသာ သွားကြည့်တာမျိုးပေါ့။
ကျောင်းမှာ ပင်ပန်း၊ အလုပ်မှာပင်ပန်းပြီး ဘာအတွက်နဲ့မှ ကိုယ့်ခန္ဓာကိုယ် ကို အနားမပေးခဲ့ကြတဲ့လူတွေရှိမှာပဲ။ စီးပွားရေး လူမှုရေး အပူအပင်တွေနဲ့ ငွေကို ဇောတိုက် ရှာနေကြသူတွေ လည်း ရှိမှာပဲ။
ရုတ်တရက် ဖျတ်ကနဲ သေသွားတဲ့အခါ ကိုယ့် လောဘတွေ ဒေါသတွေက ထားခဲ့ ကျန်ခဲ့ရမှာ။ အဲ့လိုပြောလို့ နေ့တိုင်း ပျင်းပြီး ကိုယ်ကောင်းဖို့ပဲ တစ်ကိုယ်ကောင်းဆန်နေဖို့ပြောတာမဟုတ်ပါဘူး။
ကြိုးစားသင့်တဲ့အချိန်မှာ ကြိုးစားခဲ့ပါ။
ချစ်သူကို ဂရုစိုက်ပါ။ မိသားစုကို အချိန်ပေးပါ။ သူများအတင်းတွေ ထိုင်ပြောရင်း ဘဝကို ပေါ့ပျက်ပျက် ဖြတ်သန်းခဲ့တယ်ဆိုလည်း အဲ့အချိန်တွေ ရှိခဲ့မှာပါ။ ဒါ
မှမဟုတ် သူများအတွက်ပဲ စဉ်းစားပေးရင် ကိုယ့်အတွက်အချိန်တွေ မပေးနိုင်ခဲ့တာတွေလည်း ရှိခဲ့မှာပါ။
အဲ့ဒါကြောင့်...
ဘဝမှာ တစ်ရက်လောက်ဖြစ်ဖြစ်
အိပ်ရေးဝဝ အိပ်ပါ။
ချစ်ရတဲ့သူတွေကို မတွေးပဲ ကိုယ် ကျန်းမာရေးကိုယ် စဉ်းစားပြီး စိတ်အေးအေးချမ်းချမ်း အပူအပင်မရှိပဲ နေပါ။
ကိုယ့်အတွက်ကိုယ် အင်္ကျီလှလှ ဝယ်ပြီး စာအုပ်တွေဖတ်ပါ။
တစ်နေကုန် သီချင်းအော်ဆိုချင်ဆို ပါ။ ဒါမှမဟုတ် ချောင်မှာ ကုပ်ရင်း တွေးချင်တာကိုတွေးပါ။ ဘာအတွက်မှ ဝမ်းနည်းပူဆွေးမနေပဲ အဲ့ဒီတစ်ရက်ကိုတော့ဖြင့် ခေါင်းဗလာ ထားပြီး စိတ်ချမ်းသာအောင်နေပါ။
ကောင်းကင်ပြာကြီးကို ကြည့်ပါ။ သစ်ပင်စိမ်းတွေကို ငေးပါ။
တစ်ရက်ပါပဲ။
လူဆိုတာ ကိုယ့် ခန္ဓာနဲ့ ကိုယ့် စိတ်အေးချမ်းအောင် အိပ်ရေးဝ ပြီး ကျန်းမာအောင်လုပ်ဖို့
အချိန်တစ်ရက်တော့ ကိုယ့်အတွက်ကိုယ် လေးလေးစားစား အကျိုးရှိအောင် အသုံးချသင့်ပါတယ်။
ဒါမျိုး ကို အတ္တကြီးတယ်လို့မခေါ်ပဲ လောကကြီးကလည်း ခွင့်ပြုပါတယ်ကွယ်။
******
သုတေးစစ်
No comments:
Post a Comment