#စစ္စတာရ် ရိုဇားဆီးလ်ဗီယာ (SFX)
လုကာ ၁၃း ၁ - ၉ (ထောက်ရှုချက်)
သခင်ယေဇူး ဥပမာကိုမိန့်တော်မူသည်ကား လူယောက်သည် ဥယျာဉ်၌စိုက်ထားသောသဖန်းပင်တစ်ပင်ရှိ၏။
သုံးနှစ်လုံးလုံး ပြုစုပျိုးထောင်ထားသောသဖန်းပင်သည် အသီးတစ်လုံးမှမသီးသည်ကို တွေ့သောအခါ သခင်သည်မည်မျှစိတ်ပျက်မည်နည်း။ သခင်သည် အပင်ကိုခုတ်ပစ်လိုက်မည်။ မြေသြဇာအလဟသကုန်သည်ဟုဆို၏။ ထိုအခါဥယျာဉ်စောင့်သည် သခင်ကို တစ်နှစ်ဆက်ထားပါဦး၊ ကျနော်အပင်ခြေရင်း၌တူးဆွပြီး မြေသြဇာထပ်ထည့်ပေးပါမည်။ ထို့နောက် အသီးများစွာ သီးလာဖွယ်ရာရှိပါသည်။ အကယ်၍ မသီးခဲ့သော် ကျွန်ုပ်ကိုယ်တိုင် ခုတ်လှဲမည်ဟုဆို၏။ ကျွန်ုပ်တို့ တစ်ဦးစီသည် သဖန်းပင်ဖြစ်၏။ ကျွန်ုပ်တို့အပင်ကို သခင်ဘုရားလာကြည့်သောအခါ အသီးတွေ့ပါမည်လော။ ခုတ်လှဲမည့်စာရင်းထဲပါနေပြီလား။ ဘုရားသခင်သည် အလွန်စိတ်ရှည်တော်မူ၏။ ကျွန်ုပ်တို့ကို နောက်ထပ်အခွင့်အရေး ထပ်ပေးတော်မူသည်။ ထပ်မံဂရုစိုက်ပြုစုနေပါသည်။ နောင်ကိုအသီး၊ သီးနိုင်ပါမည်လော။ကျွန်ုပ်တို့၏ဘဝကို အသီးဝေဆာစေမည့်သူ၊ မေတ္တာစစ်နှင့်ပျိုးထောင်ပေးမည့်သူကို အမြဲတမ်းတနေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏ပင်မရေသောက်မြစ်တွင် သံသယစိတ်များ၊ အမုန်းတရားများ၊ လက်စားခြေလိုစိတ်များ၊ လောဘမောဟစိတ်များ၊ ကိလေသာလိုက်စားလိုသောစိတ်များ ပြည့်နှက်နေခဲ့သော် သခင်ဘုရားမျှော်လင့်သော အသီးကောင်းသီးနိုင်မည်မဟုတ်ပါ။ သို့သော် ဥယျာဉ်မှုးက အသီးကောင်းသီးဖို့ အနှောက်အယှက်ဖြစ်စေသော ကျောက်တုံး၊ ကျောက်ခဲများ၊ မြေရိုင်းများနှင့်တူသော ကျွန်ုပ်တို့၏ မကောင်းသောဗီဇများကို တူးထုတ်မည်၊ အသီးကောင်းဖြစ်စေမည့် မြေဆီလွှာကောင်းကို ပြန်ထည့်မည်၊ ဆက်လက်ပြုစုပေးမည်ဟု အခွင့်အရေးပေးနေသောကြောင့် ပြုစုခွင့်သာပေးပါက အသီးကောင်းသီးမှာ သေချာပါသည်။
#စစ္စတာရ် ရိုဇားဆီးလ်ဗီယာ (SFX)
No comments:
Post a Comment