မျှော်လင့်ခြင်း၏ မိခင်
- - - - - - - - - - - - - -
ကျမ်းစာမှာ တွေ့ရတဲ့ မယ်တော့်ရဲ့ ခေါ်တော်မူခြင်းကို ထောက်ရှုကြည့်ရင် အင်မတန် ပြဇာတ်ဆန်လွန်း ပါတယ်။ သိကြားတမန်တော်က အမိမယ်တော်အား ဘုရားရဲ့ မိခင်ဖြစ်ဖို့ ကမ်းလှမ်းဖိတ်ကြားချက်ကို တုန့်ပြန်ဖို့ ဆိုတာ တကယ် မလွယ်ပါဘူး။ အသက်ကလေးကလည်း ငယ်၊ အရွယ်ကလေးကလည်း နု။ ဖိတ်ကြားချက်ကို လက်ခံလိုက်ရင် နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာလည်း မသိရဘူး။ အဲ့ဒီကြားထဲမှာမှ သတ္တိရှိရှိနဲ့ ရက်ရောစွာတုန့်ပြန်ခဲ့လိုက်တယ်။
YES ဆိုတဲ့စကားတစ်ခွန်းက နာခံတတ်ခြင်းပေါင်းများစွာရဲ့ အကောင်းဆုံး စံနမူနာဖြစ်ခဲ့ပါတယ်။ အဲ့ဒီ စကားတစ်ခွန်းနဲ့ပဲ ဘုရားရဲ့ မိခင်ဖြစ်ခဲ့ရပြီး ယနေ့ထက်ထိ လူသားများရဲ့မိခင်လည်းဖြစ်နေရပါတယ်။ သိကြား တမန်ပြောတာတွေ၊ သူမအနားမှာဖြစ်ပျက်နေတာတွေေ
ကာင်းကောင်းနားမလည်ခဲ့သော်လည်း တိတ်ဆိတ်စွာ နဲ့ ဘုရားရဲ့ စကားကို ယုံကြည်ပြီး အရာရာကို နှလုံးသွင်းနိုင်ခဲ့တဲ့သူပါ။ နောက်တစ်ခု စိတ်ဝင်စားဖို့ကောင်းတာက အမိမယ်တော်ရဲ့ စိတ်နေစိတ်ထားကို တွေ့ရတာပါပဲ။ မသေချာ၊ မရေရတဲ့ အနာဂတ်ကို မြင်နေရပေမဲ့ အလွယ်တကူ စိတ်ဓါတ်ကျ အရှုံးမပေးခဲ့တဲံစိတ်ဓါတ်ပါ။ အမျိုးသားမရှိဘဲ သန့်ရှင်းသော ၀ိဉာဉ်တော်အားဖြင့် သန္ဓေလွယ်ခဲ့ရတာကြောင့် လူဘုံအလယ်မှာ အထင်အမြင်လွဲ အရှက်ရစရာအကြောင်းရှိပါတယ်။ အဲ့ဒါနဲ့ မယ်တော်ဘာလုပ်ခဲ့လဲ။ ရိုးရိုးလေးပါပဲ။ ဘုရားရဲ့စကားကို မြေ၀ယ်မကျအောင် ယုံကြည်နားထောင်လိုက်ပါ တယ်။ မှန်တယ်။ မျှော်လင့်ခြင်းဆိုတာ နားထောင်တတ်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ တကယ်တော့ မယ်တော်သခင်ဟာ နားထောင်တတ်သော အမျိုးသမီးတစ်ဦးပါ။ ဘုရားပေးလာတဲ့ ဘ၀တာဝန်ကို ပျော်ရွှင် ယုံကြည်စွာ တုန့်ပြန်ခဲ့တဲ့သူပါ။
သားတော်ဘုရား ဒေသနာတရားတော် စတင်ဟောကြားချိန်ကစပြီး သူမရဲ့ အခန်းကဏ္ဍက တဖြေး ဖြေး ငြိမ်သက်သွားပါတယ်။ ဘယ်လောက်ထိ ငြိမ်သက်သွားခဲ့လဲဆိုရင် ကားတိုင်ပေါ်မှာ သားတော်ဘုရား အသက်စွန့်ချိန်မှာတောင် ငြိမ်သက်စွာနဲ့ ကားတိုင်ခြေရင်းမှာ ရပ်နေခဲ့ပါတယ်။ ကားတိုင်ပေါ်က သားတော်ရယ်၊ ကားတိုင်ခြေရင်းက မယ်တော်ရယ် သားအမိနှစ်ယောက်လုံး ခမည်းတော်ဘုရားရှင်ရဲ့ အလိုတော်ကို ငြိမ်သက်စွာနားထောင်ခဲ့ကြပါတယ်။ သားတော်ရဲ့ နောက်ဆုံးအချိန်မှာ ကြောက်အားလန့်အားနဲ့ ထွက်ပြေးနေ တဲ့သူတွေကြားထဲမှာ သတ္တိရှိစွာ သားတော်နဲ့အတူ အားပေးရပ်တည်ပေးခဲ့ပါတယ်။ အမိမယ်တော်ဟာ ကားတိုင်ခြေရင်းမှာရပ်လျှက်ရှိတယ်လို့ ကျမ်းစာက ဆိုထားပါတယ်။ ငိုကြွေးနေတယ်လို့ မဆိုထားပါဘူး။ သား တော်နဲ့အတူရပ်လျှက် ဝေဒနာတွေကို ပူဇော်ခံထမ်းပေးနေခဲ့တာပါ။ သုံးရက်မြောက်နေ့မှာ သားတော်ဟာ ပြန်ရှင် မယ်ဆိုတာကိုလည်း မသိသေးပါဘူး။ သားတစ်ယောက်ရဲ့ ဝေဒနာကို ၀မ်းနဲ့လွယ်ပြီး မွေးခဲ့တဲ့ အမေကသာ ပိုသိ ပါတယ်။ သားကို ချစ်တဲ့စိတ်၊ ဘုရားကို သစ္စာရှိတဲ့စိတ်တွေနဲ့ပဲ ကားတိုင်ခြေရင်းမှာ မျှော်လင့်ခြင်းကြီးစွာ ရပ်နေခဲ့ပါတယ်။
မျှော်လင့်ခြင်းကြီးတဲ့ ဒီမိခင်ကို သန့်ရှင်းသောဝိဉာဉ်တော်ဘုရားဆင်းကြွလာတဲ့နေ့၊ အသင်းတော်ကို မွေးဖွားပေးလိုက်တဲ့နေ့မှာ ပြန်တွေ့ရပြန်ပါတယ်။ ဆရာသခင်ဖြစ်တဲ့ ခရစ်တော်ကို ငြင်းဆိုခဲ့တဲ့သူ၊ ထွက်ပြေး ထားရစ်ခဲ့သူ၊ ထိတ်လန့်ကြောက်ရွံ့နေသူတွေကြားမှာ မျှော်လင့်ခြင်းရဲ့မိခင်ကို တွေ့ရပါတယ်။
အဲ့ဒီအတွက်ကြောင့် သူမကို မိခင်အဖြစ်နဲ့ ချစ်ခင်မြတ်နိုးစွာ အားကိုးနေကြပါတယ်။ မှတ်ထားပါ။ ငါတို့ တွေဟာ ဘယ်တော့မှ မိဘမဲ့တွေဖြစ်မှာ မဟုတ်ဘူး။ ကောင်းကင်နိုင်ငံတော်မှာ ဘုရားရဲ့မိခင်ဖြစ်တဲ့ တို့ရဲ့ အမေက တို့နဲ့အမြဲရှိနေပါတယ်။ ဘ၀ဟာ အဓိပ္ပါယ်တွေမဲ့နေခဲ့ရင်တော့ စောင့်ဆိုင်းတတ်ခြင်း ပါရမီကို တို့အမေ က သင်ကြားပေးနေတယ်။ ဘယ်လောက်ပဲ အခက်ခဲတွေကြုံကြုံ မယ်တော်လိုမျိုး ဘုရားရှင်ကို ယုံကြည်အားကိုး မျှော်လင့်တတ်ဖို့လိုပါတယ်။ ယေဇူးဘုရားရှင်ကိုယ်တော်တိုင်ကလည်း သူ့အမေရဲ့ အကျင့်ပါရမီတွေကို အတုယူ နိုင်အောင် လူတွေနဲ့အတူ ခရီးပြုလျှောက်လှမ်းဖို့ အမေအဖြစ်နဲ့ ပေးထားခဲ့ပါတယ်။ မျှော်လင့်ခြင်းရဲ့ မိခင် မယ်တော်သခင်မ တို့အားလုံးကို လမ်းပြ ဦးဆောင်ပေးပါစေ။
သီကိုရှင်း
(ပုပ်ဖရန်စစ်၏ ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား သွန်သင်ချက်)

No comments:
Post a Comment