သိန်းငှက်
**********
စူးရှတဲ့ မျက်လုံးတွေနဲ့ ကိုယ်ရဲ့ သားကောင်ကို ဝေဟင်ကနေ ကိုသိန်းငှက်က စိုက်ကြည့်လိုက်ပါတယ်။ ဘယ်အရာမဆို တစိုက်မတ်မတ်နဲ့ လိုချင်တဲ့အရာကို ပစ်မှတ်ထားတတ်တာက သူ့ရဲ့ ပင်ကိုအကျင့်တစ်ခုလိုပါပဲ။ သူ့ရဲ့ မျက်လုံးတွေက ကြည်လင်ပြတ်သားပြီး စူးရှတည်ငြိမ်နေတယ်။ သူ့ရဲ့ တောက်ပစူးနစ်တဲ့ မျက်လုံးတွေနဲ့ ချိန်ရွယ်ပြီး ချီသုတ် လိုက်တဲ့ သားကောင်မှန်သမျှက နောက်ဆုံးတော့ သူ့ရဲ့အစာပဲ ဖြစ်သွားရတယ်။ ဒီလိုထူးခြားတဲ့ သူ့ရဲ့ မျက်လုံး၊ ချွန်ထက်တဲ့ နှုတ်သီး၊ ခိုင်မာကျစ်လျစ်တဲ့ ခြေသည်းတွေနဲ့ ဖျတ်လတ်မြန်ဆန်တဲ့ အတောင်ပံတွေကို ပိုင်ဆိုင်နေရတာကိုက သူ့အတွက် ဂုဏ်ယူဝင့်ကြွားစရာတစ်ခုပေါ့။
သြော် မေ့လို့ . . နောက်ထပ် ဂုဏ်ယူစရာတစ်ခု ရှိသေးတယ်။ အဲ့ဒါကတော့ ငှက်မျိုးနွယ် အုပ်စုတွေထဲမှာ အသက်ရှည်ကြာဆုံး ငှက်ဆိုရင်လည်း ကိုသိန်းငှက်ပဲဗျ။ အေးပေါ့လေ သူ ဂုဏ်ယူချင်လည်း ယူလောက်ပါပေတယ်။ အသက် (၇၀)ထိ ရှင်သန်နိုင်တယ်ဆိုတာ နည်းတာ မှတ်လို့ ။ မဟုတ်ဘူးလား။ သူများတွေက သိန်းငှက်ဆိုတဲ့ အမျိုးက အသက်ရှည်တယ်၊ သန်စွမ်းတယ်၊ ကုန်ကုန်ပြောရရင် ငှက်တို့ရဲ့ ဘုရင်လို့သာ သိကြတာပါ။ ဘာကြောင့် ဒီလောက်ထိ အသက်ရှည်ရှည်နဲ့ ကြံ့ခိုင်သန်စွမ်းရတာလဲဆိုတဲ့ လျို့ဝှက်ချက်ကို သိချင်မှလည်း သိကြမှာပါ။
သူကိုယ်တိုင်တောင်မှ ဒီအဖြစ်ကို ကောင်းကောင်း နားမလည်နိုင်သေးပါဘူး။ ခုဆိုရင် သူရှင်သန်လာတာ အသက်က (၄၀) နား ရောက်တော့မယ်။ အသက် (၇၀) ထိ နေနိုင်တဲ့ လျို့ဝှက်ချက်ကို ခုထိ သူ သေချာမသိသေးတာတော့ အမှန်ပါ။
ဝေဟင်မှာ တစ်ချက်လောက် အတောင်ပံဖြန့်ကာ ကိုသိန်းငှက်က အတွေတွေ ပျံဝဲလို့နေပါတယ်။ အတွေးပဲ တွေးနေ လို့ မဖြစ်သေးဘူး။ အစာကိုလည်း စောင့်ကြည့်ရဦးမယ်ဆိုတာ သိန်းငှက်က သတိဝင်လာတာမို့ သားကောင်ကို စူးရှစွာ စောင့်ကြည့်ရင်း အလစ်ကို ချောင်းနေပါတော့တယ်။ တအောင့်လောက်နေတော့ သိန်းငှက်ဖို့ အခွင့်က သာလေပြီ။ မျှားတံကို လေးကိုင်းကနေ ချိန်ရွယ်ပစ်ခွင်းလိုက်သလို သူ့ရဲ့အတောင်ပံတွေကို အားထည့်ကာ အစာကို လှမ်းသုတ်ဖို့ ဝေဟင်ကနေ ထိုးဆင်းလိုက်ပါတယ်။ အစာကို ခြေသည်းတွေနဲ့ ကုတ်မိပြီးခါမှ မြေပေါ်ကို ဘုတ်ခနဲ ပြန်ကျသွားပါတယ်။ စားရခါနီးမှ ပါးစပ် ကနေ ရိုက်ချခံလိုက်ရတာမို့ သူ့ရဲ့ခံပြင်းစိတ်က သူ့ဒေါသကို လာဆွတယ်။ သိန်းငှက်ရာဇ၀င် ရိုင်းလို့ကွာ ။ ဒီလိုအဖြစ်မျိုး တစ်သက်နဲ့ တစ်ကို သူ မကြုံခဲ့ရဖူးဘူး။ ဘာမဟုတ်တဲ့ ကြက်ကလေးတစ်ကောင်ကို ထိုးသုတ်ပြီး အမိအရ မချီနိုင်လောက် အောင် ငါရဲ့ သိန်းငှက်အစွမ်းက မဲ့နေပြီလားဆိုတဲ့ မခံချင်တဲ့ မာနစိတ်လေးက ပြန်ဝင်လာပြန်တော့တယ်။
နောက်တစ်ချီ ဝေဟင်မှာ ပျံဝဲကာ သားကောင်ကို ရှိသမျှ အားအင်တွေ စုစည်းပြီး အမိအရထိုးသုတ်လိုက်ဖို့ ကြိုးစားပါတယ်။သိန်းငှက်ရဲ့အစာ ကြက်ကလေးက ကြောက်ကြောက်နဲ့ မြေပေါ်မှာ ၀ပ်နေရှာတယ်။ သိန်းငှက်က ပစ်မှတ်ကို သေချာချိန်၊ သားကောင်ကို စူးကနဲ စိုက်ကြည့်ပြီး လစ်ကနဲ ထိုးသုတ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုသိန်းငှက်က အရမ်း အံ့အားသင့်သွားရပါတယ်။ ကြက်ကလေးဆီကို မရောက်ခင် လမ်းတစ်ဝက်မှာတင် သူ့ရဲ့အတောင်ပံတွေက ခါတိုင်းလို မပေါ့ပါးနေဘဲ လေးလံဆုတ်ယုတ်လာသလို ခံစားလိုက်ရတယ်။ ကိုသိန်းငှက်ရဲ့ စူးရှရှ မျက်လုံးတွေ ပြူးသထက်ပြူးသွား ရကာ အတောင်ပံကို ခက်သွက်သွက်လေး ပြန်ခက်ကြည့်တယ်။ ဘုရားရေ . . ဘယ်လိုတွေများ ဖြစ်ကုန်ပြီလဲ။ ခြေသည်း တွေကလည်း ကုတ်အားမရှိ၊ အတောင်ပံကလည်း ခက်အားမရှိတော့။ စိတ်ပျက်စွာနဲ့ မြေပြင်ထိမဆင်းတော့ဘဲ နီးစပ်ရာ သစ်ပင်တစ်ခုမှာ နားလိုက်ရင်း ခြေသည်းတွေကို ငုံ့ကြည့်လိုက်တယ်။ သူပိုပြီးအံ့သြသွားရတာက သူ့နှုတ်သီးတွေက အရင်လို ချွန်ထက်မနေဘဲ အောက်ကို အနည်းငယ် ကိုင်းညွတ်နေတာကို သူတွေ့လိုက်ရတာပါပဲ။ အမွှေးတွေကလည်း အိုဟောင်းရုံတင်မကတော့ဘဲ၊ ထူပြီးလေးလာတယ်ဆိုတာ သူ စပြီး သတိပြုမိလိုက်တယ်။
ကိုသိန်းငှက်ခမျာ . . သူ့ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုကို လက်မခံနိုင်ဘဲ ခေါင်းတွေတခါခါနဲ့ စိတ်အကြီးကျယ်ညစ်နေ ရှာတယ်။ အဲ့ဒီအချိန်မှာ ဗြုန်းကနဲ သူ့အဖေရဲ့ မှာတမ်းစကားက သူ့နားထဲမှာ ပဲ့တင်ထပ်သလို တုန်ခါပြီး ၀င်လာပါတယ်။ "သား . . အဖေတို့ သိန်းငှက်မျိုးဆိုတာ သက်တမ်းရှည်ရှည်နေလို့ ရတဲ့ ငှက်မျိုးကွ။ ဒါပေမဲ့ အဲ့ဒီ အသက်ရှည်ခြင်းစည်းစိမ်ကို လွယ်လွယ်နဲ့တော့ မရနိုင်ဘူး သား . . ။ အသည်းနင့်အောင် နာကျင်ရတဲ့ ပြောင်းလဲခြင်းဖြစ်စဉ်ကြီးကို ကျော်လွှားနိုင်မှ ရမှာ။ သား အသက် (၄၀) ပြည့်ခါနီးရင် သား တဖြေးဖြေးနဲ့ သိလာပါလိမ့်မယ်။ သားမှာ ရွေးချယ်မှု နှစ်ခု ရှိတယ်။ အဲ့ဒီနာကျင်ရတဲ့ ဖြစ်စဉ်ကြီးကို အနာခံပြီး ရင်ဆိုင်ဖြေရှင်းမလား၊ ဒါမှမဟုတ်ရင်တော့ သားရဲ့ အသက် အဆုံးရှုံးပဲ ခံယူမလား . .။ သားရွေးချယ်ပါ . . ။ အနာခံပြီးရင်တော့ အသာစံရတယ်ဆိုတာ သားဘယ်တော့မှ မမေ့ပါနဲ့ကွယ် . . "
အဖေ့ရဲ့ နောက်ဆုံးစကားတွေကို ကိုသိန်းငှက်ပြန်ကြားလိုက်တဲ့အခါ သူသဘောပေါက်သွားလေတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချဖို့ကို သူ ၀န်လေးနေမိတာတော့ အမှန်။ ဘ၀နဲ့ ရင်းပြီးဆုံးဖြတ်ချက်ကို ချရတဲ့အခါတိုင်း သူ့မှာ အလိုလို မျက်ရည်ဝိုင်းရတယ်။ ကြီးမားခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေရဲ့နောက်ကွယ်မှာ ပေးဆပ်နာကျင်မှုတွေစောင့်နေတယ်ဆိုတာ ကိုသိန်းငှက် ရင်ထဲကနေ အလိုလို သိနေပါတယ်။ သိန်းငှက်ဆိုတာ ငှက်ဘုရင်၊ ငှက်သူရဲကောင်း၊ တော်ဝင်ငှက်တစ်ကောင် ဆိုတာ သူ့ရင်ထဲမှာ ငယ်ကတည်းက ရိုက်ထည့်ခဲ့လို့ သိနှင့်ပြီးသား။ ဒါဆိုရင် ဘာကြောင့်မို့ သူ ကြောက်ရွံ့တုန့်နှေး နေရတာလဲ။ ဟေ့ကောင် . . ချစမ်းပါ . . သတ္တိရှိစမ်းပါ . . မရှင်သန်ချင်တော့ဘူးလား . . ဟိုးအမြင့်ဆုံး ကောင်းကင်ထိကို ထိုးဖောက်မပျံသန်းချင်တော့ဘူးလား . .။ သိန်းငှက်လေးက သူ့ကိုယ်သူ ပြန်လည်အာပေးကာ နောက်ဆုံးမှာ ရဲရဲကြီး ဆုံး ဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်ပါတော့တယ်။
သိန်းငှက်ရဲ့မျက်လုံးတစ်စုံဟာ ဟိုးအဝေးက မှုန်ပြာရီမှိုင်းကာ ဝေသီမြင့်မားတဲ့ တမျှော်တခေါ်တောင်တန်းကြီးတွေ ဆီ လှမ်းကြည့်လိုက်တယ်။ အမြင့်ဆုံးဆိုတဲ့ တောင်ထိပ်ခေါင်ကို သူ့မျက်လုံးတွေက သေချာစိုက်ကြည့်နေတယ်။ အတောင်ပံ ကို ဖြန့်ကျက်ကာ ဆုံးဖြတ်ချက်အသစ်နဲ့ တောင်ထိပ်ဆီကို အားကုန်ပျံသန်းလိုက်တယ်။ တောင်ပေါ်ရောက်တာနဲ့ သူ့ရဲ့ နှုတ် သီးအိုကြီးကို အရင်ဆုံး ကျွတ်ထွက်သွားအောင် ကျောက်ဆောင်နဲ့ ဆောင့်ရိုက်ပြီးတော့ စတင်ချွတ်ခွာတယ်။ ပြီးတာနဲ့ သူ့ရဲ့ နှုတ်သီးအသစ်ထွက်လာတဲ့ အချိန်ထိ စောင့်ရှာတယ်။ နှုတ်သီးအသစ်ထွက်ပြီး ခိုင်မာလာတဲ့အရွယ်ရောက်မှ သူ့ရဲ့ခြေသည်း တွေကို ဆွဲနှုတ်တယ်။ ခြေသည်းအသစ်တွေ ပြန်ထွက်လာပြီဆိုတာနဲ့ ထူပိတ်လေးလံလှတဲ့သူ့ရဲ့ အမွှေးအတောင်တွေကို တမျှင်ချင်း စတင်ဆွဲနှုတ်ပါတော့တယ်။ နှုတ်သီးကိုရိုက်ချိုးတဲ့အခါတိုင်း၊ ခြေသည်းတွေကို ဖဲ့ချိုးရတဲ့အခါတိုင်း၊ အမွှေးတွေကို ဆွဲနှုတ်ရတဲ့အခါတိုင်း သိန်းငှက်လေးခင်မျာ တဆစ်ဆစ်နဲ့ ပြင်ထန်လွန်းတဲ့ နာကျင်ခြင်းဝေဒနာကို လိမ့်နေအောင် ခံစား ရပါတယ်။ ဒါပေမဲ့ ဒီလို မိမိကိုယ်ကို ချိုဖဲ့၊ဆွဲနှုတ် အသစ်ပြုပြင်ပြီးတဲ့နောက်မှာတော့ သိန်းငှက်လေးဟာ အသစ်မွေးဖွားခြင်း ခံလိုက်ရသလို ချွန်ထက်စူးရှတဲ့ နှုတ်သီး၊ ကျစ်လျစ်ခိုင်မာတဲ့ ခြေသည်းတွေ၊ အားအင်ပြည့်ဝတဲ့တောင်ပံတွေနဲ့ အရမ်းလှတဲ့ ရွှေသိန်းငှက်လေး ဖြစ်သွားပါတယ်။ လေထန်မိုးသည်း တိမ်ညိုမဲလည်း ခုတော့ သူ မမှုတော့ပါ။ နောက်ထပ် နှစ်ပေါင်း (၃၀)ကြာအောင် ဝေဟင်ယံမှာပျံသန်းတဲ့ တော်ဝင်ငှက်တစ်ကောင်အဖြစ် ဆက်လက်ရှင်သန်နေတော့မှာပါ။
သိန်းငှက်တစ်ကောင်ဟာ သူ့ရဲ့ ရှင်သန်ရပ်တည်ရေးအတွက် ပြောင်းလဲခြင်းကို ပြုလုပ်ရသလို လူသားတွေမှာလည်း ပြောင်းလဲခြင်းဖြစ်စဉ်တွေကို နေ့စဉ်နဲ့အမျှရင်ဆိုင်နေရပါတယ်။ အတိတ်က အရိပ်မဲတွေ၊ မကောင်းမှန်းသိသိနဲ့ လုပ်ဖြစ်နေတဲ့ အကျင့်ပုံစံတွေ၊ တသတ်မတ်ထဲရှိနေတဲ့ တစ်ယူသန်စိတ်ဓါတ်တွေကို ပြောင်းလဲချွတ်ခွာရမှာပါ။ အတိတ်ရဲ့ ၀န်ထုတ်ဝန်ပိုး တွေကနေ လွတ်မြောက်နိုင်မှ လက်ရှိပစ္စပ္ပန်မှာ အကျိုးရှိရှိနဲ့ ဘ၀ကို ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်ဘ၀ခရီးသစ်ကို အစပြုချင်တယ်ဆိုရင် အဖျက်သဘောဆန်စိတ်ထားတွေ၊ ကျဉ်းမြောင်းတဲ့ အမြင်ဝါဒီတွေကို တဖြေးဖြေးနဲ့ ဆွဲနှုတ်ပစ်ဖို့ လိုပါတယ်။ ကိုယ်ရဲ့ကမ္ဘာကျဉ်းကျဉ်းလေးထဲကနေ ရုန်းထွက်ပြီး သိန်းငှက်တစ်ကောင်လို ရဲဝံ့စွာနဲ့ အမြင့်ဆုံးထိ ထိုးဖောက် ရှင်သန်လိုက်ပါ။ ပြောင်းလဲရတာ ပေးဆပ်နာကျင်ရပေမဲ့ မိမိကိုယ်ကို လွတ်လပ်ပေါ့ပါးစွာ မြင့်မြင့်ပျံသန်းနိုင်အောင် ထောက် ပံ့ပေးပါတယ်။ လူတိုင်းလူတိုင်းမှာ ရွေးချယ်စရာလမ်းတွေ ရှိပါတယ်။ အနာခံပြီး ဘ၀ကို ပြောင်းလဲတိုးတက်လာအောင် လုပ်ယူမလား . . ဒါမှမဟုတ် နာမှာကြောက်လို့ ဘ၀ကို စောစောစီးစီး အသေခံ ပျက်စီးစေမှာလား။ ဆုံးဖြတ်ချက်ကတော့ လူတစ်ဦး ဆီနဲ့ပဲ ဆိုင်ပါတယ်။ လူတိုင်းလူတိုင်းကိုတော့ သိန်းငှက်တစ်ကောင်လို အမြင့်မှာ ပျော်ရွှင်အားရစွာ ပျံသန်းနေ တာကိုပဲ မြင်ချင်နေမိပါတော့တယ်။
သီကိုရှင်း

No comments:
Post a Comment