သူတော်စင် နီကော်လပ်စ်ဘွန်ကာထ်ကို ၁၈၉၅ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင်မွေးဖွားခဲ့ပြီး ဖေဖော်ရီဝါရီ ၅ ရက်နေ့တွင် နာခွန်ပါသွန်နယ်၊ စန်ဖရမ်ရှိ စိန်ပီတာဘုရားကျောင်းတွင် ဆေးကြော်ခြင်းပေးခဲ့ပါတယ်။ သူသည် ရဟန်းတို့တတ်အပ်သောပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး ၁၉၆၂ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင် ကက်သီဒြယ်ဘုရားကျောင်းကြီးတွင် ရဟန်းသိက္ခာကို ဆရာတော်ကြီးရမ်ပဲရော့စ်လက်တော်မှ ခံယူခဲ့ပါတယ်။
ဖာသာရ်နီကော်လပ်စ်၏ ပထမဆုံးသာသနာလုပ်ငန်းမှာ ဘန်နာခူအက်ဒေသရှိ မေရီ၏မွေးဖွားခြင်းကျောင်းတော်ပင် ဖြစ်ပါတယ်။ ထို့နောက် ဖီဒ်စန်းနူလော့ခ်ရှိ စိန်နီကော်လပ်စ်ဘုရားကျောင်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထို့အပြင် ချင်းမိုင်တွင်လည်းကောင်း၊ လန်ပန်တွင်လည်းကောင်း၊ ခေါရက်နှင့် နွန်ခေအိုတွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အချိန်ကာလဟာ ထိုင်းနိုင်ငံအတွက် ပြင်သစ်မုန်းတီးရေးစစ်ဆင်နွှဲချိန်ဟု ဆိုရပါလိမ့်မယ်။ ထိုအချိန်အခါက ထိုင်းလူမျိုးများဟာ နိုင်ငံရေးစိတ်ဓါတ်အလွန်ပြင်းထန်လျက်ရှိပြီး ခရစ်ယာန်ဘာသာကိုလည်း ပြင်သစ်ဘာသာဟူလွဲမှားစွာသဘောထား၍ ညှင်းပမ်းနှိပ်စက်ပါတော့တယ်။ ၁၉၄၂ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ဘုန်းတော်ကြီး နီကော်လပ်စ်ကိုလည်း ပြင်သစ်သူလျှိုအဖြစ်အထင်မှားကာ ဖမ်းခေါ်သွားပါတယ်။ ထို့နောက် ဘုန်းတော်ကြီးနီကော်လပ်စ်အား ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ပါတယ်။ ဘန်ခွာမ်ထောင်အတွင်း ဘုန်းတော်ကြီးနီကောလပ်စ်ဟာ သိုးထိန်းပီသစွာဖြင့် အခြားသောအကျဉ်းသားများကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းပြီး ခရစ်တော်၏သတင်းကောင်းများကို ဆက်လက်ဟောပြောသွန်သင်ပေးခဲ့ပါတယ်။
အသက်တော် ၄၉ နှစ်၊ ၁၉၄၄ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ဘုန်းတော်ကြီး နီကော်လပ်စ်ဟာ အဆုတ်ရောင်ရောဂါကူးဆက်ခံရပြီး ပျံလွန်တော်မူခဲ့ပါတယ်။
သူ၏အလောင်းတော်ကို ထောင် ၀ါတ်ဘမ်ပရက်ရှိ ထောင်အနီးမှ ဗုဒ္ဒဘုရားကျောင်းတစ်ခု၏ မြေကွက်လပ်တွင် မြုပ်နှံခဲ့ကြပါတယ်။ ထို့နောက် ဆရာတော်ကြီး ပဲရော့စ်သည် အာဏာပိုင်များထံမှ ခွင့်တောင်းကာ အလောင်းတော်ကို ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်မ ကက်သီဒြယ်ကြီး၏ မြေအောက်ခန်းတွင် မတ်လမှာ ပြောင်းရွေ့မြုပ်နှံထားခဲ့ပါတယ်။
ဘုန်းတော်ကြီးနီကော်လပ်စ်သည် အသက်ရှင်စဉ်ကာလအတွင်း ဆင်းရဲသားများအတွက် အထူးစိတ်နှလုံးကြီးမားသူအဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။ ထို့အပြင် ဘယ်နေရာဘယ်ဒေသမှာ အတာဝန်ထမ်းဆောင်စေကာမူ သူ၏ခရစ်တော်၏သတင်းကောင်းကို သူ၏လူမျိုးများအား မမောမပန်းဟောပြောသက်သေခံသည့် သာသနာပြုကြီးအဖြစ်လည်း ထင်ရှားပါတယ်။ ထောင်အတွင်းကျရောက်နေစဉ်ကာလမှာလည်း ဧ၀ံဂေလိသတင်းကောင်းကို ဟောပြောသက်သေခံဖို့ ဇွဲလုံလကြီးသူဖြစ်ပြီး အကျဉ်းသူအကျဉ်းသားများအား ကိုယ်တော်မြတ်စက္ကရမင်တူးနှင့် အခြားသောသိုးထိန်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးနေခဲ့ပါတယ်။ အကျဉ်းကျနေစဉ်ကာလအတွင်း အကျဉ်းသူအကျဉ်းသာ ၆၈ဦးအား တရားမှန်သို့ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ သူဟာ နောက်ဆုံးထွက်သက်ထိ ဟောပြောသက်သေခံနေသည့် သာသနာပြုကြီးပါ။
သူပျံလွန်တော်မူသည့်အချိန်မှစ၍ လူများစွာဟာ သူ့အား ဓမ္မအာဇာနည်ကြီး တစ်ဦးအဖြစ်အသိမှတ်ပြုခဲ့ကြပါတယ်။ ထိုင်းလူမျိုးများကိုယ်စား ကာဒီနယ်ကြီး မိုင်ကယ်မီချိုင်ကီဘု့ချူဟာ သူ့အား ရဟန္တာတင်မြှောက်ရန် အဆိုပြုပေးခဲ့ပါတယ်။ ထို့နောက် သူ၏အကြောင်းများနှင့် သူရဲကောင်းဆန်သည့် ဟောပြောသက်သေခံချက်များကို လေ့လာသုံးသပ်ကာ သူအား သူတော်စင်အဖြစ်တင်မြှောက်ရန် အောင်မြင်ခဲ့ပါတယ်။
၂၀၀၀ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ဘုန်းတော်ကြီး နီကော်လပ်စ်အား သူတော်စင်အဖြစ်သို့တင်မျြောက်ရန် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ မှ အတည်ပြုလက်မှတ်ထိုးခဲ့ပါတယ်။ ၂၀၀၀ခုနှစ် မတ်လ ၅ ရက်နေ့တွင် စိန်ပီတာရင်ပြင်မှာ ဘုန်းတော်ကြီးနီကော်လပ်စ်အား သူတော်စင်အဖြစ်သို့ တရားဝင်တင်မြှောက်ကြေငြာပေးခဲ့ပါတယ်။
သူတော်စင်နီကော်လပ်ဘွန်ကာထ်၏ပွဲနေ့သည် သူပျံလွန်တော်မူရာနေ့ဖြစ်သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့ဖြစ်ပါတယ်။
သူတော်စင် နီကော်လပ်စ်ဘွန်ကာထ် - ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။
ဒိုမီနီကန်ကိုရင်
No comments:
Post a Comment