အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, August 4, 2017

သေလွန်ပြီးသောအဘိုးအို လောကကို အလည်တစ်ခေါက်ပြန်သွားခြင်း


            ကောင်းကင်နိုင်ငံတော်မှ အဘိုးအိုတစ်ယောက် သည် လောကကိုအလည်သွားရန် ဆင်းသက်ခဲ့သည်။ အရင်ဦးဆုံးသူသည် တောတောင်သဘာဝကို လေ့လာခဲ့ သည်။ သစ်ပင်တို့သည် မြေသြဇာကောင်းလျက် အပင်များ ပြုန်းတီးနေသည့်အတွက် အကြောင်းရင်းကို ရှာဖွေခဲ့သည်။ ၄င်းတို့၏ အကြောင်းရင်းများသည် လူတို့၏လောဘကြောင့် ဖြစ်သည်ကို တွေ့ရှိခဲ့သည်။




            သူသည် မိုင်ထောင်ချီလျှောက်သောအခါ ပင်လယ် ကြီးကိုတွေ့ခဲ့သည်။ ပင်လယ်ပေါ်မှာ သင်္ဘောကြီးများရှိသည် ကို အံ့သြခြင်းကြီးစွာ သူတွေ့မြင်ခဲ့သည်။ ထိုသင်္ဘောများ ကို လူတို့၏နေအိမ်အဖြစ် သူ ယူဆခဲ့သည်။ လူတို့၏ပညာ ကိုလည်း လေးစားခဲ့သည်။ ပင်လယ်ကမ်းနံဘေးတွင်ရပ် နေစဉ် မိုးကောင်းကင်မှ လေယာဉ်တစ်စီးပျံသန်းသွားသော ကြောင့် ''ငှက်ကြီးတစ်ကောင်၏အသံသည် မကြားနိုင် လောက်အောင် အသံဆူစေပါလား'' ဟု သူ ပြောခဲ့သည်။ သေချာစွာစိုက်ကြည့်သောကြောင့် လူတို့ဖန်တီးတဲ့ အရာဖြစ်သည်ကို သူ နားလည်ခဲ့ရသည်။
            သူသည် ပင်လယ်ကမ်းခြေမှ နေ့ရက်များစွာ လျှောက်သောအခါ လယ်ကွင်းပြင်ကြီးကို တွေ့ရှိခဲ့သည်။ လယ်ယာထဲမှာ လူတစ်ယောက်သည် လယ်ထွန်စက်နှင့် အလုပ်လုပ်နေသည်ကို မြင်ခဲ့သည်။ လယ်ထွန်စက်သည် လူတို့၏ အသုံးခံဖြစ်သည်နှင့်အညီ အလုပ်မြောက်များစွာ ပြီးမြောက်အောင်လုပ်ပေးနိုင်သည်ကို သိခဲ့သည့်အတွက် လူတို့၏အသိပညာကို ချီးမွမ်းခဲ့သည်။ လယ်ထွန်စက်ကို ကျောက်တုံးကြီးနှင့်တူပါလားဟု ပြောခဲ့သည်။ လယ်တောမှ မြို့သို့ဦးတည်သောလမ်းမကြီးကို လျှောက်လာခဲ့သည်။ လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေသော ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များသည် မကုန်နိုင်အောင် များပြားသည့် အတွက် လူတို့၏ ပညာအရည်အချင်းကို ချီးကျူးခဲ့သည်။
မြို့သို့ရောက်သောအခါ လူတို့၏သန့်ရှင်းသပ်ရပ်မှုနှင့် အလှ အပတို့က သူ့အာရုံကို ဖမ်းစားခဲ့သည်။ အကြောင်းရင်းမှာ ရှေးလူတို့နှင့်အလွန်ခြားနားသောကြောင့်ဖြစ်သည်။ သူ၏ အမြင်အာရုံတွင် လူတို့၏နေအိမ်များသည် အလွန်ခန့်ညား ကောင်းမွန်လှသည်။ သူသည် လောကမှာ တစ်ခါ အသက် ပြန်ရှင်ဖို့ရန် ဆန္ဒရှိခဲ့ပါသည်။
            တနင်္ဂနွေနေ့ရောက်သောအခါ ဘုရားကျောင်း တစ်ကျောင်းသို့ တက်ရောက်ခဲ့သည်။ ဘုရားကျောင်းမှာ လူတို့စုရုံးကြသည်ကို မြင်သောကြောင့်လည်း ကျေနပ် အားရမိလေသည်။ ဘုန်းတော်ကြီးနှင့် သီလရှင်များကို မြင်သောကြောင့် ပို၍ဝမ်းသာခဲ့သည်။ ဘုန်းတော်ကြီး သြဝါဒပေးနေစဉ်အတွင်း ဖုန်းသံကိုကြားသောကြောင့် စိတ် မကောင်းဖြစ်ခဲ့သည်။ လူတို့သည် ဘုရားအတွက် အချိန် မပေးနိုင်သည်ကို သူသတိထားမိခဲ့သည်။ ကောင်းကင် ထာဝရအသက်ရဖို့ရန် လူတို့အတွက် ခက်ခဲသည့်အ ကြောင်းအရင်းမှာ လူတို့၏ပေါ့ဆမှုကြောင့်ဖြစ်သည်ဟု သူပြောခဲ့လေသည်။
            တစ်နေ့သောအခါ မိဘမဲ့ဂေဟာကျောင်းသို့ အလည်သွားခဲ့သည်။ ကလေးအုပ်ထိန်းသူတို့၏ ကြင်နာ ခြင်းနှင့် စေတနာစိတ်တို့သည် သူတို့၏အထဲမှာ ကောင်း ကင်နိုင်ငံတော်ရှိသည်ဟု ဆိုခဲ့သည်။ တစ်ချို့သောကလေး များသည် မိဘတို့ အသက်ရှင်လျှက်ပင် မိဘမဲ့ကျောင်းမှာ နေထိုင်လျှက်ရှိနေရသောကြောင့် မျက်ရည်ကျခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကလေးတို့သည် စိတ်အားငယ်စွာ နေထိုင်ရခြင်းကြောင့်ဖြစ်သည်။ အချို့ကလေးများသည် မိဘနှစ်ပါးထဲမှ တစ်ပါးကျန်ရှိသည်ကိုသိပြီး စိတ်မကောင်း ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကလေးများသည် ကျန်ရှိသောမိဘတို့ကို မေ့နေသောကြောင့်ဖြစ်သည်။ တစ်ချို့ကလေးများသည် မိဘနှစ်ပါးမရှိတော့ပေ။ သို့သော် တစ်ချို့သော ဆွေမျိုးသားချင်းများသည် အလွန်ချမ်းသာ လျှက်ပင် ကလေးတို့၏ ဘဝရှေ့ရေးကို မစဉ်းစားပေးခဲ့သည့် အတွက် စိတ်ပျက်ခဲ့သည်။
            တစ်နေ့၌ အဘိုးအိုသည် ဆေးရုံကြီးသို့ လူနာ များကို ကြည့်ရှု့ရန်အတွက် သွားခဲ့သည်။ သူသည် လူနာများ စွာကို မြင်သောကြောင့် ကြင်နာသနားခြင်းစိတ် ဝင်ခဲ့သည်။ ဆေးရုံကြီးထဲမှာရှိသော အခန်းတစ်ခန်းသို့ ရောက်သော အခါ ကလေးမြောက်များစွာ၏ အသံကိုကြားခဲ့ရသည်။ ၄င်းအခန်း၏အမည်သည် သန္ဓေတားဆေးခန်းဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင် တို့သည် အကြောင်းအမျိုးမျိုးရှိသောကြောင့် မိမိတို့၏ ကိုယ်ဝန်များကို မလိုလားကြချေ။ သူသည် ကိုယ်ဝန်ဖျက်ချ သောမိခင်များကို အပြစ်တင်ခဲ့သည်။ အထူးသဖြင့် ကက်သလစ်ဘာသာထဲမှာရှိသော ကိုယ်ဝန်ဖျက်ချသော မိခင်တို့သည် ပို၍ ဒုက္ခငရဲကြီးခံရလိမ့်မည်။ အဘယ် ကြောင့်ဆိုသော် ပညတ်တော်ဆယ်ပါးထဲမှာ ပါသော ''လူ့အသက်ကိုမသတ်ရ'' ဟူသောအရာကို ကျူးလွန်သော ကြောင့်ဖြစ်သည်။
            သူ ကောင်းကင်နိုင်ငံတော်သို့ မပြန်မီပြောသော စကားမှာ ''လူတို့သည် တိုးတက်သော်လည်း ဝိညာဉ်ရေး အတွက် အန္တရာယ်ရှိသည်။ လူတို့သည် ချမ်းသာသော် လည်း ကိုယ်ကျင့်စာရိတ္တများသည် ဆင်းရဲနွမ်းပါးကြသည်။ လူတို့သည် အသိတရားရှိသော်လည်း ကောင်းမှုကုသိုလ် လုပ်ဖို့ရန် နှောင့်နှေးတတ်ကြသည်။'' ထို့ကြောင့် အဘိုးအို သည် လောကအတွက် စိုးရိမ်ခြင်းရှိခဲ့သည်။ သူသည် လောကသားတို့၏ဘဝကို ထာဝရနိုင်ငံတော်အတွက် မထိုက်တန်ဟုပြောခဲ့ပြီး ကောင်းကင်နိုင်ငံတော်သို့ ပြန် သွားခဲ့သည်။

 ကြည့်မှန်


ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂) ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့  ။
မှတိုက်ရိုက်ကူးယူပါသည် ။ 


No comments:

Post a Comment