လူတစ်ဦး၏စစ်မှန်သောအလှသည် မွန်မြတ်သော စိတ်ထားပေတည်း။ လူကချောလျက်နှင့်
စိတ်ကယုတ်နေ လျှင်ခန္ဓာချောမောလှပခြင်းသည် အလကားသက်သက်ပင်။ ရုပ်မရှိလည်း စိတ်ထားလှနေလျှင်
သင်သည်လည်း လူချော လေးပါပဲ။ လူ့လောကသားတို့ တောင့်တသည်မှာ ရက်စက် သူ မဟုတ် စိတ်လှသူပါ။
ကမ္ဘာလောကထဲ ခြေချသူတိုင်း အဓိကထဲက အဓိကပိုက်ထွေးရမည်မှာ မွန်မြတ်နှလုံး၊ စိတ် အလှခန္ဓာပါပေတည်း။
မွန်မြတ်ခန္ဓာ ကောင်းမြတ်စိတ်ထား ရှိသူဖြစ်ဖို့ လွဲမှားအယူ၊ မှားယွင်းခံယူချက်၊ နာကျင်ဝေဒနာ
မေ့ရခက်အတိတ်၊ ချွတ်ယွင်းစိတ်ထားတွေ ကုစားပြုပြင် ရပေမည်။
ချွတ်ယွင်းစိတ်ထား ကုသပပျောက်ဖို့ စွဲကပ်တဲ့စိတ် အဆိုးမြင်စိတ်ကို
သတိကပ်လျှက် ပြန်ပြင်ဖို့လိုပေမည်။ ငယ်စဉ်ဘဝကမှားယွင်းတဲ့ အယူသွင်းခံလျှင် ကြီးပြင်း
လာသည့်အခါ ကုသဖို့ခဲယဉ်းပေမည်။ ငယ်စဉ်ဘဝက ခံယူ ထားတဲ့ အယူအဆ အတွေးအခေါ်တွေဟာ ကြီးပြင်းလာ
သည်အထိ ရိုက်ခတ်လာနိုင်သည်။ ငယ်စဉ်အတိတ်က ခံခဲ့ရတဲ့ ရက်စက်မှုတွေ၊ အနိုင်ကျင့်မှုတွေကြောင့်
ကြီးပြင်း လာချိန်မှာ ကလဲ့စားချေချင်စိတ် ပြင်းထန်နေမည်။ ရက်စက် လွန်းတဲ့လူမျိုးရေး
သတ်ဖြတ်မှုခံခဲ့ရမှုတွေကြောင့် အခွင့်ကြုံလို့ ရာထူးရလာတဲ့တစ်နေ့မှာ လူမျိုးရေးသတ် ဖြတ်မှုခေါင်းဆောင်
ဖြစ်လာနိုင်သည်။ လူ့လောကသား သည် ရက်စက်ယုတ်မာမှုခံခဲ့ရလျှင် နောင်တစ်ချိန် တွင်ရက်စက်ယုတ်မာသူ
ဖြစ်လာတတ်သည်။ မျက်စိ အစားမျက်စိ၊ သွားအစား သွားဟူသော ပညတ်သည် သူတို့ရဲ့ ပညတ်ပေတည်း။
ဤကဲ့သို့သော တုံ့ပြန်လို စိတ်၊နာကြည်းစိတ်သည် စိတ်ရောဂါပင် ဖြစ်သည်။ စိတ်မကျန်းမာသူသည်
လောကကြီးတစ်ခုလုံးကို မီးထဲ ရောက်ဖို့သာ တွန်းချလိုစိတ် စွဲကပ်နေသည်။ လောက ကြီးသည်
သူ့အတွက် နာကြည်းစရာပင်။ စွန့်ပစ်ခံကလေး အတွက် မိဘဟူသည် နာကြည်းစရာပင် ဖြစ်ပေမည်။ စာသင်ချင်လျှက်
ကျောင်းမနေရတဲ့ ပညာမတတ်ကလေး သည် ''ကျောင်းမထားရကောင်းလား'' ဟု မိဘကို အပြစ် တင်တတ်ပေမည်။
ဆင်းရဲလွန်းတဲ့ကလေးတစ်ယာက် အတွက် ''ညံ့ဖျင်းလိုက်တာ၊ အသုံးမကျလိုက်တာ'' ဟု မိဘကို အပြစ်မြင်နေတတ်မည်။
''သူများတွေဝတ် နိုင် စားနိုင်လိုက်ကြတာ ငါကျမှ ဘာဖြစ်လို့ ဒီလိုမိဘနဲ့ ဆင်းရဲနုံ ချာနေရတာလဲ''
ဟု ငရဲစကားပြောဆိုပေမည်။ သူများတွေ အိမ်တွေ၊ ကားတွေ၊ စည်းစိမ်တွေရှိနေလိုက်ကြတာ ငါ့မှာ
ဘာဖြစ်လို့ ဒီလိုမိဘတွေနဲ့ ဒီအခြေအနေ ရောက်နေရတာ လဲ'' ဟူ၍ အတွေးဆိုးနှင့် မိဘကို အပြစ်ပုံချနေပေမည်။
မိဘကို မိဘမှန်းမသိတတ်တော့တဲ့စိတ်ဟာ တွေ့လေရာ အပြစ်သာ မြင်နေတော့ပြီလေ။ သည်စိတ်မျိုးသည်
အလွန်ပဲ ကြောက်စရာပင်။ ဒါတင်မကသေးပါဘူး။ သိမ်ငယ်စိတ် သည်လည်း စိတ်ရောဂါတစ်ခုပင်။ ကျောင်းတွင်ဖြစ်စေ၊
အပြင်၌ဖြစ်စေ၊ ယှဉ်ပြိုင်ခြင်းအတွက် ''ငါအရွေးမခံရဘူး၊ ငါဘာမှမတတ်ဘူး၊ ငါမတော်ဘူး၊
ငါညံ့ဖျင်းတဲ့သူပဲ'' စသည့် အတွေးတို့သည် သိမ်ငယ်စိတ်ပေတည်း။ လူငယ်အသိုင်း အဝိုင်းတွင်
''ငါမစွံဘူး၊ ငါရုပ်ဆိုးလွန်းတယ်၊ ဘယ်သူမှငါ့ကို စိတ်မဝင်စားဘူး'' စသည်တို့သည် သိမ်ငယ်စိတ်ပေတည်း။
မိသားစုတွင် ''အဖေငါ့ကိုမချစ်ဘူး၊ အမေငါ့ကိုမချစ်ဘူး၊ ညီမကိုပဲဦးစားပေးတယ်၊ မောင်လေးကိုပဲဦးစားပေးတယ်၊
ငါ့ကိုကျတော့ ဂရုမစိုက်ဘူး'' စသည့်ခံစားချက်သည်လည်း သိမ်ငယ်စိတ်၊ စိတ်ရောဂါပင်။ အဖွဲ့အစည်း၊
အသင်းအဖွဲ့ တွင် ''သူများငါ့ကိုမချစ်ဘူး၊ သူများငါ့နဲ့စကားမပြောချင်ဘူး၊ ငါမကျော်ကြားဘူး၊
သူများလို ငါမတော်ဘူး'' စသည့် ကိုယ်ရည်နှိုင်းယှဉ်ချက်တို့သည် ကိုယ့်ကိုယ်ကို အားမလို
အားမရ အပြစ်တင်သည့် သိမ်ငယ်စိတ်ပင်တည်း။ သူများ တွေ အနယ်နယ်အရပ်ရပ်သွားနိုင်လိုက်ကြတာ။
သူများတွေ အလုပ်ကောင်းတွေရလိုက်ကြတာ။ ငါကျတော့
သစ်ငုတ်တို လိုပဲ အသုံးမကျလိုက်တာ စသည့် အတွေးတွေလည်း သိမ်ငယ်စိတ် သက်သက်ပင်တည်း။
ဘဝရဲ့မျှော်လင့်ရှင် သန်ခြင်းကို ချိုးနှိမ်ဖျက်ဆီးတဲ့ အတွေးဆိုးတွေ သက်သက် ပင်တည်း။
စိတ်ရောဂါများထဲတွင် အဆိုးဆုံးစိတ်ရောဂါ သည် ကိုယ့်ကိုယ်ကို ပြန်သတ်သေတဲ့ရောဂါပင်။
ဤသူ တို့သည် ဘဝကို လုံးဝစိတ်ကုန်သွားတဲ့သူတွေဖြစ်သည်။ သူတို့ရဲ့ စိတ်တွင် အထီးကျန်မှု၊
အလွန်စိတ်ဆင်းရဲမှုစသည့် ဘဝရဲ့ဒဏ်ကို မခံနိုင်တော့တဲ့ဝေဒနာသာ ကျိန်းဝပ် ရစ်တွယ်နေသည်။
သူတို့သည် ပစ်ထားခြင်းခံရသည် ဟု ခံစားနေရသည်။ ဝေဖန်ခြင်းကို ပဲ့တင်ထပ်နေအောင် မခံ မရပ်နိုင်သည့်အထိကြားရသည်။
ဒီလိုစိတ်ချွတ်ယွင်းတဲ့ သူတွေဟာ ''ငါအသက်ရှင်နေရတာ အလကားပဲ၊ ဘာမှ အဓိပ္ပါယ်မရှိဘူး
... သေတာမှ ပိုကောင်းဦးမယ်'' ဆိုတဲ့ အတွေးဆိုးတွေသာရှိနေသည်။ ဒီလိုစိတ်ခံစားချက်မျိုးသည်
ရည်းစားပျက်သူတွေ၊ ချစ်သူနဲ့အနေဝေးရတဲ့သူတွေ ခံစား ရမည်အမှန်ပင်။ စီးပွားချွတ်ခြုံကျတဲ့သူဌေးရှင်တွေ
ခံစား ရပေမည်။ စစ်ရှုံးသူတွေ၊ အလုပ်ဖြုတ်ခံရသူတွေလည်း ခံစား ရပေမည်။ ဘာကြောင့် နာမည်ကျော်ပုဂ္ဂိုလ်တွေ
ကိုယ့်ကိုယ် ကိုအဆုံးစီရင်ကြတာလဲ။ အကြောင်းရင်းက အဖတ်ဆယ်မရ အောင် ပက်လက်လှန်ကျတဲ့ စိတ်ဓာတ်ကြောင့်ပဲပေါ့။
ပျက် စီးသွားတဲ့အရာထဲကို စိတ်ရော၊ ခန္ဓာပါ လိုက်ပြီး လွင့်မျော သွားနေတာကြောင့်ပါပဲ။
တစ်ခေတ်ပြီးတစ်ခေတ် အလောင်းတွေ ပုံထွက် နေအောင် အဘယ်သူတွေလုပ်နေသနည်း။
တစ်နေ့ပြီး တစ်နေ့ လူတွေ အစုလိုက်အပြုံလိုက် သေနေရတာဘယ်သူ့ လက်ချက်လဲ။ စိတ်ရောဂါရှိနေသူတွေ
မဟုတ်ပါသလော။ စိတ်ချွတ်ယွင်းနေသူတွေ မဟုတ်ပါသလော။ စိတ် မကျန်းမာ သူတို့ရဲ့ လက်ချက်၊
စိတ်ယုတ်ညံ့သူတို့ရဲ့ကစ်ချက်၊ ဒေါသဖုံး နေသူတို့ရဲ့ ရလာဒ်တွေ မဟုတ်ပါသလော။ ဒီချွတ်ယွင်းတဲ့
စိတ်၊ မှားယွင်းတဲ့အယူ၊ ဆိုးသွမ်းတဲ့စိတ်ထား၊ ယုတ်ညံ့တဲ့ အတွေးအခေါ် စသည့် စိတ်ရောဂါများကို
ပြောင်းလဲ သွားအောင် လုပ်လို့မရဘူးလား။ ရတာပေါ့။ လွယ်သလား။ လွယ်တော့မလွယ်ဘူး။ ဒါပေမယ့်
စိတ်ဆန္ဒရှိရင် ရပါတယ်။ ပထမက ပြောင်းလဲချင်တဲ့ ဆန္ဒရှိဖို့လိုပေမည်။ ဒုတိယ အချက်က အကောင်းကိုသာ
ရှာဖွေလိုစိတ်ရှိရပါမည်။ တတိယအချက်က အဆိုးတွေကိုမေ့ပစ်ပြီး အကောင်းတွေ ကိုသာ ကျင့်ကြံအားထုတ်ရန်
ဆုံးဖြတ်ချက်ချနိုင်ရမည်။ စိတ်သဘောထားတွေကို ပြောင်းပစ်လိုက်ပါ။ ကိုယ်ခံစား ခဲ့ရတဲ့
နာကြည်းမှု ဝေဒနာတွေကို အကောင်းဘက်သို့ ပြန်ပြောင်းပစ်လိုက်ပါ။ အဆိုးကိုအဆိုးဖြင့် မတုံ့ပြန်ဘဲ
အဆိုးကို အကောင်းဖြင့်တုံ့ပြန်တဲ့ ခံယူချက်လက်ဝယ် ကိုင်ထားပါ။ ''မျက်စိအစားမျက်စိ''
ဟူသောပညတ်ကို ချိုးဖျက်ပြီး ''သင်၏ရန်သူကိုချစ်ပါ'' ဟူသော ပညတ်ကို တည်ဆောက်ပါ။ ကိုယ်ခံစားခဲ့ရတဲ့
အတိုင်းပြန်မတုံ့ပြန်ဘဲနဲ့ ကိုယ်ချင်းစာစိတ်၊ နားလည်ပေးတတ်သောစိတ်ဖြင့် စိတ် ထားအသစ်
ပြန်မွေးပါ။ အစွန့်ပစ်ခံကလေးဖြစ်ခဲ့ဖူးလျှင် မိဘရဲ့ ဒုက္ခပြသနာအရင်းအမြစ်ကို ပြန်နားလည်ပေးလိုက်
ပါ။ ပညာမသင်ခဲ့ရသူဖြစ်လျှင် မိသားစုရဲ့အခက်အခဲကို နားလည်ပေးလိုက်ပေါ့။ မိဘကို အပြစ်ပုံနေမည့်အစား
သူတို့ရဲ့ အားနည်းချက်ကို နားလည်ပေးလိုက်ပါ။ ကိုယ့်ဘဝ အခြေအနေကို သူများရဲ့ဘဝအခြေအနေနဲ့
မနှိုင်းယှဉ်ဘဲ ကိုယ်ရှိနေတဲ့အခြေအနေ၊ ကိုယ်ရောက်နေတဲ့ မိသားစုဘဝ မှာ အကောင်းဆုံးကြိုးစားပြီး
မိသားစုနှင့်အဆင်ပြေအောင် နေရင် ကိုယ်ဟာစိတ်ချမ်းသာပြီပေါ့။ မိဘရဲ့အားနည်းချက် ကို
အပြစ်မယူဘဲ စာနာနားလည်ပေးပြီး အဆိုးကို အကောင်းဖြင့် တုံ့ပြန်နိုင်ရင် မွန်မြတ်တဲ့စိတ်ထား
ဖြစ်ပြီပေါ့။
ကျန်းမာသောစိတ်၊ အေးချမ်းသောစိတ်ဖြစ်ဖို့ ကိုယ့်ဘဝအခြေအနေကို
လက်ခံတတ်ဖို့ လိုပေမည်။ ဒီလိုမှ မဟုတ်ဘဲ ဟိုဟာလည်း ရချင်၊ သည်ဟာလည်း ရချင်၊ ဟိုတစ်ခုလည်း
ဖြစ်ချင် ဒီတစ်ခုလည်း ဖြစ်ချင်၊ စီးပွားရေး သမားလည်း ဖြစ်ချင်၊ နိုင်ငံရေး သမားလည်း
ဖြစ်ချင်၊ မင်းသမီးလည်း ဖြစ်ချင်၊ သီချင်းလည်း ဆိုချင်ရင်တော့ စိတ်ဆင်းရဲနေမှာပေါ့။
ကိုယ်ဖြစ်ချင်ရာ ဖြစ်မလာတော့ စိတ်ဆင်းရဲရတာပေါ့။ ဘဝတစ်ခုကိုသာ တန်ဖိုးထားပြီး တစ်ခြား
ဖြစ်ချင်စိတ်တွေလျော့ချလိုက်ပါ။ ဒါဆိုရင် စိတ် သက်သာရာ ရပါလိမ့်မည်။
မွန်မြတ်၊ ကျန်းမာသောစိတ်ဖြစ်ဖို့ အပြစ်တင်၊ သဝန်တိုတတ်တဲ့စိတ်ကို
ဖျောက်ဖျက်ပစ်ဖို့ လိုပေမည်။ သူတစ်ပါးရဲ့ အားသာချက်၊ သူတစ်ပါးရဲ့ အရည်အချင်းကို သဝန်တိုမနေဘဲ
ချီးမွမ်းတတ်ပါ။ ''ဒီကောင်ကွာ ငါ့ထက် တော်တယ်၊ ငါ့ထက်သာတယ်ကွာ ငါမကျေနပ်ဘူး'' ဟု ပြောမယ့်အစား
စိတ်ကောင်းကောင်းနဲ့ ''အေးကွာ..ငါ ဒီလောက်ပဲတော်တယ်၊ ငါသည်လောက်ပဲရတယ်၊ ငါ ဒီလောက်
ကြိုးစားပြီပဲ .. သူ့ထက်မတော်တော့လည်း ငါ့အခြေအနေကို ငါလက်ခံရမှာပေါ့။ ငါဒီလောက်ပဲလုပ်နိုင်
တယ် သူငါ့ထက်သာတာ သူ့ရဲ့မွေးရာပါ အရည်အချင်းပဲ ပေါ့။ သူ့ရဲ့ကြိုးစားမှုပဲပေါ့'' ဟူ၍ချီးမွမ်းပြီး
ကိုယ့်ဘဝအခြေ အနေကို လက်ခံတတ်ဖို့လိုပေမည်။ ကိုယ့်အခြေအနေကို ကိုယ်လက်ခံနိုင်ပြီး သူတစ်ပါးရဲ့အရည်အချင်းကို
ချီးမွမ်း နိုင်ရင် မွန်မြတ်သောစိတ်ထားဖြစ်ပြီပေါ့။
မွန်မြတ်ပြီး ကျန်းမာသောစိတ်ထားဖြစ်ဖို့ ချွတ်ယွင်းတဲ့ စိတ်အခြေအနေကို
စစ်ထုတ်ဖို့လိုပေသည်။ှနူ်-အေူု ဆိုတဲ့ ကိုယ့်ကိုယ်ကို
ပြန်စစ်ဆေး မေးမြန်း ခြင်းပဲပေါ့။ ငါဘာဖြစ်နေပြီလဲ။ ငါဘယ်လိုလူဖြစ်နေပြီလဲ။ ငါစိတ်ထားကောင်းတဲ့သူလား။
ငါစိတ်ထားမကောင်းတဲ့ သူလား။ ဘာကြောင့်နာကြည်းစိတ်တွေ ငါ့မှာရှိနေတာလဲ။ငါဒီနာကြည်းတဲ့စိတ်ကို
ဆက်လက်လက်ခံထားမှာလား။ ငါစွန့်ပစ်မလား။ ငါဟာ အမုန်းစိတ်ရှိနေသူလား။ ပြန် ကလဲ့စားချေချင်တဲ့စိတ်ရှိနေလား။
အဆိုးမြင်စိတ်တွေ ရှိနေလား။ မနာလိုဝန်တိုစိတ်တွေရှိလား စသည့်မေးခွန်းတွေ ပြန်မေးဖို့လိုပေသည်။
ဘဝဟာ ကိုယ့်ကိုယ်ကို မေးခွန်း ပြန်ထုတ်ပြီး ကိုယ်ပြန်ဖြေခြင်းပါပဲ။ ကိုယ့်ရဲ့အားနည်းတဲ့
စိတ်ထားကိုသိပြီး ပြန်ပြင်နိုင်ရင် မွန်မြတ်သော စိတ်ထား ဖြစ်ပြီပေါ့။
စိတ်ထားချွတ်ယွင်းပြီး မေတ္တာရေကုန်ခန်းသွားတဲ့ အမုန်းဆေးချယ်
လူ့နှလုံးသားတွေကြောင့် စစ်ပွဲတွေ အထပ်ထပ်၊ လူသတ်မှုတွေအခါခါ ဖြစ်ပွားနေတာပေါ့။ နှလုံးသားအရင်းခံ
မကောင်းတော့ လူသားမျိုးနွယ်တို့ တစ်ခေတ်ပြီးတစ်ခေတ် မျက်ရည်တွေ ခပ်၍မကုန်နိုင် အောင်
သွန်းခဲ့ရပြီလေ။ မေတ္တာတရားကင်းမဲ့လို့ အမုန်း ကို အရင်းတည်တဲ့ တုံ့ပြန်ချက်ရလာဒ်ဟာ
ဝမ်းနည်းကြေကွဲ မှုပါပဲ။ လူသားချင်း ဟုတ်ပေမယ့် လူသားချင်း မမြင်နိုင်တာ ဝမ်းနည်းစရာပင်။
ထို့ကြောင့် လူဖြစ်ခွင့်ရလို့ လူ့ဘဝကို ပိုင်ဆိုင်ခွင့်ရတဲ့သူတိုင်း အဆိုးမြင်စိတ်ကို
ဖျောက်ပစ်ပြီး မွန်မြတ်သောစိတ်ထား တည်ဆောက်နိုင်ကာ လူ့ကမ္ဘာ လောကကို အလှဆင်နိုင်သော
သူများဖြစ်ကြပါစေ။
ဝန်ခံချက်။ ။ ဤဆောင်းပါးကို You Can Win နှင့် Growing
in Christ စာအုပ်မှ ကိုးကားပြီး ကိုယ်ပိုင်
အတွေးခံစားချက်နှင့် ပူးပေါင်းဝေငှခြင်း ဖြစ်ပါသည်။
ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂)
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ။
မှတိုက်ရိုက်ကူးယူပါသည်
။
No comments:
Post a Comment