အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, August 4, 2017

ဈးပေါသောခွင့်လွှတ်ခြင်း

''ကိစ္စကြီးကြီးမားမားလည်းမဟုတ်ပါဘူး။ ဒီလောက်လေးတော့ ဘုရားသခင်ကခွင့်လွှတ်ပေးမှာပါ'' ဟု ထရေးဇာ လွယ်လွယ်နဲ့ပြောတတ်လာသည်။ ''ငါ ကျောင်း စာမေးပွဲမှာ မရိုးမသားလုပ်လည်း ဘာဖြစ်လဲ။ ကျောင်းသူ ကျောင်းသားတိုင်းလိုလိုလည်း လုပ်နေကြတာပဲ။ ဘုရား သခင်လည်း ငါ့ကိုနားလည်ပေးမှာပါ'' ဟု ပီတာ ပြောတတ် လာသည်။ ''ငါ့ မိဘဆီကပဲငါခိုးတာ ဘာအပြစ်ကြီးလို့လဲ။ ဘုရားတော့ကြိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် သူက ငါမခိုး ခင်ကတည်းက၊ ခိုးဖို့ကြံစည်ကတည်းက ခွင့်လွှတ်ပြီးသား ပဲဥစ္စာ။ ခိုးတာလည်းအများကြီး မဟုတ်ပါဘူး'' ဟု ယောဟန် တွေးတတ်လာသည်။ ''လူဆိုတာပြည့်စုံသူမရှိသလို၊ အမှား နှင့်လည်း မကင်းနိုင်ကြပါဘူးကွာ...ငါပေါ့ပျက်ပျက်နဲ့လုပ် လို့ ချွတ်ချော်မှားယွင်းမှုရှိလည်း ဘာဖြစ်သေးလဲ။ အမှား မလုပ်မိအောင်တစ်ချိန်လုံးပဲ သတိထားနေရလို့ကတော့ ငါတော့စိတ်ရောဂါရမှာ သေချာတယ်။



 ဘုရားကလည်း ငါ့အကျင့်ကိုသိနေတာပဲ။ သူခွင့်လွှတ်ပေးမှာပါ. . .'' ဟု စီစီးလျာက သူမကိုသူမ အားပေးတတ်လာသည်။ ဤသည် သောအဖြစ်အပျက်နှင့် အကျင့်ဆိုးများသည် အတိတ်က ဖြစ်ပျက်ခဲ့ဖူးသော သမိုင်း၊ ပုံပြင်အကြောင်း ပြောနေခြင်း မဟုတ်သလို အနာဂတ်တွင်ဖြစ်ပွားမည့်အရာကို အကျွန်ုပ် ကြိုတင်နိမိတ်ဖတ်ခြင်းလည်းမဟုတ်ပါ။ ယခုလက်ရှိတွင် ဖြစ်ပျက်၊ အကျင့်ပျက်နေသည့် သင်နှင့် ကျွန်ုပ်ပတ်ဝန်းကျင် တွင် သိမြင်နေရသော အကျင့်ဆိုးများဖြစ်သည်။ လတ်လတ် လောလော ဖြစ်ပျက်နေသော မူပျက်များဖြစ်သည်။ မှန်ပါ သည်။ သွေးထွက်အောင်မှန်ကန်သည်။ ကျွန်ုပ်တို့သည် ဘုရား၏ ကျေးဇူးတော်ကို အလွဲသုံးစားပြုတတ်ကြသည်။ ဘုရား၏ ခွင့်လွှတ်နားလည်မှုကို ကိုယ့်စိတ်ကြိုက်အတိုင်း လွဲမှားစွာဖြင့် နိဂုံးဆွဲတတ်ကြသည်။ ဘုရား၏ဂရုဏာ မေတ္တာကိုအလကားရတော့ တန်ဖိုးမထားတတ်ကြချေ။ ပေါ့ပေါ့နေ၊ ပေါ့ပေါ့ရှင်သန်မိတတ်ကြသည်။ ဒီလိုနေထိုင်လို့ ကျွန်တော်တို့အမှန်တကယ် ပျော်ရွှင်မှုရရှိကြရဲ့လား။ဘုရား ရှင်မြတ်ကိုရော နာခံရာကျရဲ့လား။ ဘုရားသခင်ကို ကျေ နပ်အားရမှုပေးနိုင်မည်ဟု ထင်မိကြရဲ့လား။ ဤ ''လား ...'' ပေါင်းများစွာကို မိမိတို့ကိုယ်ကိုမိမိတို့ ပြန်လည်မေးမြန်းကြ စို့။ စစ်ဆေးကြပါစို့။
            ဘုရားရှင်အပေါ်ထားရှိမည့် ကျွန်ုပ်တို့၏ ပထမဆုံး သောတာဝန်သည် သူ့ကိုနာခံဖို့ဖြစ်သည်။ သူ့နောက်လိုက်ဖို့ နှင့် ကောင်းသောအရာများကိုသာပြုဖို့ ဘုရားသခင်လိုလား သည်။ မျှော်လင့်သည်။ ကျွန်ုပ်တို့သည် အပြစ်ဒုစရိုက်ကို ကျူးလွန်တတ်ကြသောကြောင့်သာ ဘုရားသခင်သည် ခွင့်လွှတ်ခြင်းကို အပြစ်သားကျွန်ုပ်တို့ကို ရက်ရက်ရောရော ပေးကမ်းခြင်းသာဖြစ်သည်။ ကျွန်ုပ်တို့သည် မိုက်မဲတတ် ကြသောကြောင့်သာ ဘုရားသခင်သည် ''ခွင့်လွှတ်ခြင်း''ကို ကျွန်ုပ်တို့အဖို့ အဖိုးအခမယူပဲ ပေးနေခြင်းဖြစ်သည်။ အပြစ် ပြုရန်ခွန်အား၊ အမှားများဆက်ပြုရန် လက်နက်အဖြစ်မှတ် ယူဖို့ ''ခွင့်လွှတ်ခြင်း'' ကို ဘုရားသခင်ပေးခြင်းမဟုတ်ပါ။ မိုက်ရူးရဲဖို့ရာနည်းလမ်း၊ အလွဲသုံးစားပြုရန်ပစ္စည်းအဖြစ် လည်း ''ခွင့်လွှတ်ခြင်း'' ကို ဘုရားသခင်ပေးခြင်းလည်းမ ဟုတ်ပါ။ ထို့ကြောင့် လူသားတိုင်း ဘုရားသခင်၏ ''ခွင့် လွှတ်ခြင်း'' ကိုတန်ဖိုးထားတတ်ဖို့လိုသည်။ ''ခွင့်လွှတ်ခြင်း'' ၏ အနှစ်သာရကို ကောင်းစွာသိနားလည်ဖို့လိုသည်။ စင်စစ် အားဖြင့် ''ခွင့်လွှတ်ခြင်း'' ဟူသည် အပြစ်ဒုစရိုက်ကို ဆက် လက်ပြုနိုင်ခွင့်လိုင်စင် မဟုတ်ချေ။ ''ခွင့်လွှတ်ခြင်း''ဟူသည် အပြစ်နွံထဲသို့ နစ်မွန်းနေသူများကို ကယ်ဆယ်ယူရာ၌ အသုံး ပြုသော ဘုရားသခင်၏ ပိုက်ကွန်ပင်တည်း။
            ဘုရားသခင်၏ခွင့်လွှတ်ခြင်းကိုအားကိုးပြီး သိ လျှက်နှင့်အပြစ်ပြုကြလျှင် ဘုရားသခင်ကို အလွဲသုံးစား ပြုရာကျသည်။ သူ၏ကောင်းမြတ်မှုကို ကိုယ်နှစ်သက်ရာ ဘောင်သွင်း၍ အသုံးချကြသည်။ တစ်ဖန် ''ဘုရားသခင်၏ ချစ်သားသမီးတွေပဲ'' ဟူ၍ ဘုရားသခင်နှင့် ကျွန်ုပ်တို့ကြား ရှိဆက်နွယ်မှုကိုဘန်းပြပြီး မကောင်းသောအမှုများပြုဖို့ ကြံစည်ရည်ရွယ်လျှင် ထိုဆက်နွယ်မှုကို တလွဲသုံးရာကျ သည်။ ထိုသို့ မပြုသင့်ချေ။ ဘုရားသားသမီးများမှန်လျှင် မကောင်းမှုဒုစရိုက်ကို ခုခံတော်လှန်မည်သာဖြစ်သည်။ အပြစ်ကို တိုက်ခိုက်အောင်နိုင်ရေးကိုသာ နည်းလမ်းရှာဖွေ မည်ဖြစ်သည်။ ကောင်းမှုကုသိုလ်ပါရမီ ဆည်းပူးနိုင်ရေးသာ စိတ်စွဲလမ်းနေမည်ဖြစ်သည်။ မတော်တဆ အပြစ်တွင်းထဲ ကျလျှင်လည်း နောင်တစွဲယူပြောင်းလဲဖို့ တစ်ဖန်ရုန်းကန် ကြိုးစားရမည်သာဖြစ်သည်။
            ဘုရားသခင်သည် သူ၏ခွင့်လွှတ်ခြင်းကို အပြစ် သား မည်သူဘယ်ဝါမဆို ပေးကမ်းဖို့ အမြဲအဆင်သင့်ရှိ နေသည်။ အချိန်တိုင်းရယူနိုင်ရန်လည်း အခွင်အရေးပေး နေသည်။ လောကတွင် ကြင်နာမဲ့ ရက်စက်ဆုံးသူအတွက် ဆိုလည်း သူ၏ခွင့်လွှတ်ခြင်းသည် မလျော့သွားချေ။ ခွင့် လွှတ်ခြင်း အလိုဆုံးအပ်သူအဖို့ ဘုရားသခင်သည် အဘယ် သောအခါမှ မျက်နှာလွဲဖူးသည်ဟူ၍ မရှိချေ။ ယုံကြည် အားကိုးမှုအပြည့်နှင့် တောင်းလျှောက်ဖို့သာလိုသည်။ စစ်မှန်သောနှလုံးသားနှင့် ချဉ်းကပ်ဖို့သာလိုသည်။ သို့ပေ မယ့် ကိုယ်ကြိုက်ရာလုပ်ရန်အဖို့ငှာ ဘုရားသခင်၏ခွင့်လွှတ် ခြင်းကို ခွင့်ပြုချက်လက်မှတ်အဖြစ် မှတ်ယူကျင့်သုံးမည်ဆို လျှင် လွဲမှားမည်။ ဘုရားသခင်၏ကြီးမြတ်မှုကို မထီလေး စားရာ ရောက်မည်။
            ထို့ကြောင့် ဘုရားသားသမီး၊ ဓမ္မမိတ်ဆွေအ ပေါင်းတို့ ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို ပေါ့ပေါ့တန်တန် မယူဆမိကြဖို့ သတိထားကြစို့။ ဈေးပေါပေါနှင့်ဝယ်ယူနိုင် သောပစ္စည်းဟု မယူဆကြစို့။ အလကားရလို့ အလဟဿ မဖြစ်စေဖို့ သတိသွင်းလို့တန်ဖိုးထားကြစို့။ ဘုရားသခင်၏ အနိုင်းမဲ့မေတ္တာနှင့် အဆုံးမဲ့ခွင့်လွှတ်ခြင်းကို ကြီးမားမြင့် မြတ်သော နှလုံးကောင်းနှင့်လက်ခံကြစို့။ သူ၏ချစ်မေတ္တာ နှင့်ထိုက်တန်သောဘဝ၌သာ ရှင်သန်နိုင်ရန် ကြိုးစားအား ထုတ်ကြပါစို့။ သူ၏ခွင့်လွှတ်ခြင်းနှင့် ထိုက်တန်သောဘဝ အတွက်သာ ရှင်သန်ကြပါစို့ ....။
            ''မိုက်မဲသော သူတို့၏ လမ်းပေါ်၌ သင်၏ခြေကို မချလေနှင့်။ ဆိုးသွမ်းသောသူတို့၏ လမ်း၌လည်းမ လျှောက်လှမ်းလေနှင့်။ သူတို့၏ လမ်းကိုရှောင်ကြလော့။ သူတို့နှင့်အတူ လိုက်ပါမသွားဘဲ မိမိသွားရမည့်လမ်းကိုသာ လျှောက်လော့။'' သုတ္တံကျမ်း (၄း၁၄-၁၅)

                                        ဇီးရိုး(အောက်ချင်းငှက်ငယ်)


ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂) ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့  ။
မှတိုက်ရိုက်ကူးယူပါသည် ။ 

No comments:

Post a Comment