ကျွန်တော်တို့လူ့ဘောင်လောက လူသားအသိုင်း အဝိုင်းထဲမှာ ကိုယ်ကျင့်တရား
(သို့) စာရိတ္တဆိုတဲ့ အရာဟာ အလွန်အရေးကြီးလှပါသည်။ ကိုယ်ကျင့်တရား မကောင်းတဲ့ သူ (ဝါ)
စာရိတ္တမကောင်းတဲ့သူဟာ ဘယ်လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းကိုမှ အကျိုးပေးမှာ မဟုတ်ပါဘူး။
ဒုက္ခတွေ၊ ပြဿနာတွေကိုသာ ဆောင်ယူလာမှာဖြစ်ပါတယ်။ ''ကျွန် တော်ငယ်ငယ်က အဖွားကဆုံးမလေ့ရှိတယ်
အပေါင်းအ သင်းဆိုတာ ကြည့်ပေါင်းရတယ်။ အပေါင်းအသင်းကြောင့် ဂုဏ်တက်တာတွေရှိသလို၊ ဂုဏ်သိက္ခာကျ၊
ဘဝပျက်တာ တွေလဲရှိတယ်'' လို့ အဖွားကပြောတယ်။
စာရိတ္တမကောင်း တဲ့သူ (သို့) အကျင့်မကောင်းတဲ့သူတွေနဲ့
ပေါင်းသင်းမိရင် ကိုယ်လည်းကြာရင် သူတို့နည်းတူဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့
အိမ်ဆိုတာ စာရိတ္တကျောင်းတော်ကြီးရဲ့အစ လို့ ပညာရှိတွေက ဆိုလေ့ရှိတယ်။ ကိုယ်ကျင့်တရား၊
စာရိတ္တ ကောင်းဖို့ဆိုတာ ပထမဦးဆုံး သက်ဆိုင်တာကတော့ မိဘ တွေပါပဲ။ ဒါကြောင့်ရှေးလူကြီးတွေကပြောတယ်
လူတစ် ယောက် စကားပြော၊ နေထိုင်ပုံကို ကြည့်ပြီး သူ့ပတ်ဝန်းကျင် မိဘအသိုင်းအဝိုင်းကို
အနီးစပ်ဆုံးခန့်မှန်းနိုင်ပါတယ်။ ''ကိုယ် အမူအရာကြမ်းတမ်းရင် အဖယုတ်၊ နှုတ်အမူအရာကြမ်း
တမ်းရင် အမိယုတ်'' လို့ ပြောလေ့ရှိကြပါတယ်။
ဒီနေ့ခေတ်မှာ ကိုယ်ကျင့်တရားအကြောင်း၊ စာရိတ္တအကြောင်းပြောရင်
လူတွေကပေါ့လျော့ချင်ကြ တယ်။ လျစ်လျူရှု့ချင်ကြတယ်။ တကယ်တော့ လူ့အသိုင်း အဝိုင်းအတွက်
အရေးကြီးဆုံးအရာတစ်ခုဖြစ်နေတယ်ဆို တာ မေ့နေကြတယ်။ သူများတွေလဲ ဒီလိုပဲလုပ်တာ ငါလည်း
ဒီလိုပဲလုပ်တာ အပြစ်မရှိပါဘူး။ မမှားပါဘူးဆိုပြီး ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို မြှင့်တင်ရမယ့်အစား
ဆွဲချနေကြတယ်။ စာဖတ်သူ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ပြန်လေ့လာကြည့်ပါ။ လူတွေရဲ့ကိုယ်ကျင့်စာရိတ္တတွေ
တိုးတက်လာသလား၊ ဆုတ် ယုတ်နေသလား ဆိုတာသတိပြုမိပါလိမ့်မယ်။ ငယ်ငယ်တုန်း က သင်္ချာမှာ သင်ရတာ
၁၆ ပြည်တစ်တင်း၊ ဒီနေ့ခေတ်မှာ တော့ (၁၄) ပြည်တစ်တင်းတွေရှိသလို (၁၈) ပြည်တစ်တင်း တွေဖြစ်နေတာကိုလည်း
တွေ့ရတယ်။ ဒါကိုကြည့်ခြင်းအား ဖြင့် ခေတ်မီတယ်လို့လူတွေကပြောတဲ့ ၂၁ ရာစု ခေတ်မမီဘဲ
နိမ့်ကျလာတာကတော့ လူသားတွေရဲ့ ကိုယ်ကျင့်တရား (ဝါ) စာရိတ္တပါပဲ။
''ကိုယ်ကျင့်တရားဆိုတာ ဘာလဲလို့ဆိုရင် မှန်တာ လုပ်ဖို့အတွက်
ကျွန်တော်တို့ပေးဆပ်ရမယ့်အရာက ကျွန် တော်တို့ ပေးချင်တာထက်ပိုများနေတဲ့အခါ အဲသည်စိန်ခေါ်
မှုကို ဘယ်လိုရင်ဆိုင်နိုင်မလဲဆိုတာကိုယ်ကျင့်တရားပါပဲ။'' ဒီနေ့ခေတ်မှာ လူတွေက အမှန်တရားဆိုတာသိပေမယ့်
လည်း ကိုယ့်ရဲ့စီးပွားဥစ္စာ၊ အသိုင်းအဝိုင်း ထိခိုက်မှာစိုးရိမ် တာနဲ့ ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာကို
ရောင်းစား၊ ဖျက်ဆီးနေ ကြတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သူတော်စင် အသိုင်းအဝိုင်းအားလုံးထဲမှာ
အနည်းနဲ့အများ ဆိုသလို ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာကိုရောင်းစားနေတဲ့သူတွေ ရှိနေ တတ်ကြတယ်။
ဒီလိုဖြစ်ရတဲ့ ပထမဦးဆုံးအကြောင်းရင်းက တော့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်ပဲဖြစ်ပါတယ်။
သော မတ်(စ်)ဂျက်ဖာဆန် သုတေသနလုပ်ငန်းအဖွဲ့ရဲ့အဆိုအရ ၁၇၇၆ ခုနှစ်တုန်းက သုံးသန်းခန့်ရှိတဲ့
အမေရိကန်နိုင်ငံ လူထုက ဝါရှင်တန်၊ မက်ဒီဇင်၊ ဂျက်ဖာဆန်၊ ဟယ်ဖီလ်တန်၊ အဒမ် တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၂ဝ၁၄ ခုနှစ်နောက်ပိုင်းမှာတော့ အဲ့ဒီအရည်အသွေးမှီတဲ့
ပုဂ္ဂိုလ် ကြီးတစ်ယောက်မှ ထွက်မလာဘူးလို့ဆိုတယ်။ အဲ့ဒီပုဂ္ဂိုလ်ကြီး တွေကြီးပြင်းခဲ့တဲ့ခေတ်တုန်းက
ပညာသင်ကြားရေးရဲ့ ၉ဝ ရာခိုင်နှုန်းကျော်ဟာ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားနဲ့ ဘာ သာရေးသဘောသဘာဝတွေ
ပါပါတယ်။ ၁၉၅ဝ ပြည့် နှစ်လွန်တွေမှာ ပညာသင်ကြားရေးမှာ စာရိတ္တ၊ ကိုယ်ကျင့် တရားနဲ့ ဘာသာရေးသဘောသဘာဝတွေ
သိပ်နည်းလာ တာကို တွေ့ရတယ်လို့ဆိုပါတယ်။
၂၁ ရာစုရဲ့ပညာရေးခေတ်မှာ ကျွန်တော်တို့နိုင်ငံ ရဲ့ပညာရေးဟာလည်း
နိမ့်ပါးလာတာကိုတွေ့ရပါတယ်။ ကလေးတွေကို ကိုယ်ကျင့်တရား၊ စာရိတ္တပိုင်းတွေမှာ ဆုံးမ သွန်သင်တာတွေနည်းပါးနေတာကိုတွေ့ရပါတယ်။
ဘယ်လို ပညာရေးပဲဖြစ်ဖြစ် ကိုယ်ကျင့်တရားနဲ့စာရိတ္တကို ကျောင်း တော်ကြီးက ကောင်းကောင်းမသင်ကြားပေးဘူးဆိုရင်တော့
အနာဂတ်မျိုးဆက်တွေအတွက် စိုးရိမ်ဖွယ်ရာတစ်ခုပါ။ ဒီနေ့ခေတ်မှာ မှန်တာတွေကို လုပ်တာကို
လူတွေက အထူးအဆန်းဆိုပြီးစိတ်ဝင်စားကြတယ်။ ဘာဖြစ်လို့လဲဆို တော့ အများစုက အမှန်တရားကို
မလုပ်ရဲကြလို့ပါပဲ။ ''တစ် နေ့နေ့မှာအကျင့်စာရိတ္တ (ဝါ) ကိုယ်ကျင့်တရား လိုအပ် တယ်ဆိုတာကို
ကျွန်တော်တို့ သဘောပေါက်လာတဲ့အခါ အဲဒီအကျင့်စာရိတ္တတွေကို စနေ၊ တနင်္ဂနွေ အချိန်တိုသင်
တန်းတွေပေးပြီး သွတ်သွင်းပေးလို့မရပါဘူး။ စနေ၊ တနင်္ဂနွေ အချိန်တို ဖြတ်လမ်းသင်ယူမှုနဲ့တော့
ကျွန်တော်တို့ တွေ အာကာသယာဉ်မှူး၊ ကမ္ဘာကျော်လက်ဝှေ့ချန်ပီယံ၊ ကမ္ဘာကျော်ဘောလုံးသမား
မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ကိုယ်ကျင့်သိက္ခာ(ဝါ) စာရိတ္တဆိုတာကို နေ့စဉ်အသက်ရှင်မှု
တိုင်းမှာ လေ့ကျင့်နေရပါတယ်။ ဒီနေ့ခေတ်မှာ အပျော် အပါးတွေကလည်း တကယ်ပေါများနေတာကိုတွေ့နေရပါ
တယ်။ ရွေးချယ်စရာကြုံလာတဲ့အခါ အပျော်အပါးနဲ့ ကိုယ့်ရဲ့
ကိုယ်ကျင့်သိက္ခာ(ဝါ) စာရိတ္တ ဘယ်အရာကိုရွေးချယ်မလဲ။
ကျွန်တော်တို့ရဲ့နေ့စဉ်အသက်ရှင်နေထိုင်မှုမှာ ကောင်းတာ နဲ့ မကောင်းတာ၊ လုပ်သင့်တာနဲ့မလုပ်သင့်တာ၊ ပြောသင့် တာနဲ့မပြောသင့်တာ
အရာရာကို ရွေးချယ်ရမှာဖြစ်ပါ သည်။ ရွေးချယ်မှုတိုင်းမှာ ငါဟာ ငါ့ရဲ့ကိုယ်ကျင့်စာရိတ္တကို
ချနင်းနေသလား။ မြှင့်တင်နေသလားဆိုတာ ပြန်လည်ဆန်း စစ်ဖို့ လိုလိမ့်မယ်။ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊
ကြီးမားတဲ့ရာထူး၊ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားအုံးတော့ ကိုယ်ကျင့်စာရိတ္တ မကောင်းရင်
သူ့ရဲ့သမိုင်းနာမည်နဲ့ စာမျက်နှာတွေဟာ ဘယ်တော့မှကောင်းမှာမဟုတ်ပါဘူး။
ဒါကြောင့်လောကကြီးထဲ ကျွန်တော်တို့ အသက် ရှင်နေထိုင်စဉ်မှာ သမိုင်းကောင်းတွေမရေးထားနိုင်ခဲ့ရင်
နေပါစေ၊ ကိုယ်ရေးတဲ့သမိုင်းက ညံ့အုံးတော့ အဆိုးတွေကို မရေးမိအောင်ကြိုးစားသင့်တယ်။
ဒီလိုမှမဟုတ်ရင်တော့ မျိုးဆက်သစ်တွေအတွက် မျက်နှာငယ်စရာ၊ စိတ်ပျက်စရာ ဖြစ်ကုန်မှာကျိန်းသေတယ်။
လူသားအယောက်စီတိုင်းမှာ ကောင်းတဲ့ ကိုယ်ကျင့်စာရိတ္တတွေကို မွေးမြူနိုင်ပြီး လှပတဲ့
သမိုင်းစာမျက်နှာများ ရေးနိုင်ကြစေဖို့ ဆန္ဒပြုလျှက်......
အီးတီလေး (ပုသိမ်)
ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂)
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ။
မှတိုက်ရိုက်ကူးယူပါသည်
။
No comments:
Post a Comment