အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, August 4, 2017

ဝိညာဉ်ရေး လက်နက် ငါးပါး

တိုးတက်နေသောယနေ့ခေတ်ကြီးထဲတွင် လူတော်တော်များများက ခရစ်ယာန် တစ်ယောက်ဖြစ်ရခြင်း သည် ဘာမျှအရေးမပါ ပါဟူ၍ ထင်မြင်နေကြသည်။ တစ်ချို့ ယုံကြည်သူများလည်း စစ်မှန်သောခရစ်ယာန်ဘဝ အသက်တာဖြင့်လေးလေးနက်နက် နေထိုင်ခြင်းထက် သက်တောင့်သက်သာရှိပြီး လေးနက်မူမရှိသော အပေါ်ယံ ခရစ်ယာန်ဘဝအသက်တာဖြင့် နေချင်ကြသည်။ ထို့ကြောင့် စာတန်နတ်ဆိုးသည် လူသားများ အတောင်းတဆုံးဖြစ်သော အောင်မြင်မူ၊ ဂုဏ်ပကာသန၊ အာဏာတွေနှင့် ပရိယာယ် ဆင်ပြီး သွေးဆောင်ဖြားယောင်းပါသည်။ ထို့နောက် စာတန်၏ အကြီးမားဆုံးအကြံအစည်မှာ လူသားများ၏ ပျော်ရွင်ခြင်း၊ စည်းလုံးခြင်း၊ ချစ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် လူသားများ၏ နောက်ဆုံးပန်းတိုင်ဖြစ်သည့် ထာဝရ အသက်ကို မရရှိနိုင်အောင် နှောက်ယှက်ဖျက်ဆီးခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဝိညာဉ်ရေး ဘဝခရီးလမ်း လျှောက်လှမ်းနေစဉ် တွေ့ကြုံရမည့် စုံစမ်းနှောက်ယှက် ခြင်းများ၊ ခန္ဓာနှင့် ဝိညာဉ်ကို ထိခိုက်ပျက်ဆီးစေမည့် အန္တရာယ်မှန်သမျှကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန် လက်နက် လိုအပ်ပါသည်။ သမ္မာဟောင်းကျမ်းထဲတွင် ဘုရားသခင် သည် ဒါဝိဒ်မင်းကြီးအား ကျောက်ခဲငါးလုံးနှင့် ရန်သူ တော်ကြီး ဂေါလျတ်အား တိုက်ခိုက်အနိုင်ယူစေသကဲ့သို့ အမိမယ်တော်သည်လည်း ကျွန်ုပ်တိုအား စာတန်နတ်ဆိုးနှင့် ဝိညာဉ်ရေးအား ထိပါးနှောက်ယှက်လာမည့် အဖျက်ရန်စွယ် မှန်သမျှကို ရင်ဆိုင်တိုက်ခိုက်အနိုင်ယူနိုင်ဖို့ရန်အတွက် ကျောက်ခဲငါးလုံး (သို့) လက်နက်ငါးပါး ပေးလိုက်သည်။ ထိုလက်နက်ငါးပါးမှာ -
(၁)       ဆုတောင်းခြင်း
(၂)       ခြိုးခြံချွေတာ၊ ဝါရှောင်ခြင်း
(၃)       သမ္မာကျမ်းစာဖတ်ရူခြင်း
(၄)       အပြစ်ဖြေခြင်း
(၅)       မစ္ဆားတရားနှင့် ကိုယ်တော်မြတ်စက္ကရမင်းတူး တို့ဖြစ်ပါသည်။






၁။ ဆုတောင်းခြင်း

            ဆုတောင်းခြင်းနှင့်ပတ်သက်၍ အသင်းတော် ဖခင်ကြီးများ၊ ရဟန္တာများ၊ ဝိညာဉ်ရေးဖခင်ကြီးများသည် အဓိပ္ပါယ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ဖော်ပြထားသည်။ ထိုအရာအားလုံးထဲမှ အရိုးရှင်းဆုံးမှာ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့်စကားပြောခြင်းနှင့် ဘုရားသခင်၏အသံကို နားထောင်ခြင်းဖြစ်သည်။ ဆုတောင်းခြင်း၏ အစွမ်းသည် အလွန်ကြီးမားလှပါသည်။ ဆုတောင်းခြင်းဖြင့် သဘာဝဘေး၊ စစ်ဘေးရန်များမှ ကာကွယ်နိုင်ကြောင်း သာဓကများစွာ ရှိသည်။ ကျွန်ုပ်တို့ ခရစ်ယာန်များသည် ဆုတောင်းခြင်း အစွမ်းကို တကယ်မသိ၍လား၊ ဆုမတောင်းတတ်လို့လား၊ တောင်းဆုများမပြည့်၍လား မသိပါ။ဆုတောင်းခြင်း၌ ပေါ့လျော့လာကြပါသည်။ အမှန်မှာ ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့သည် ချစ်ခြင်းမေတ္တာ၌ ဘုရားရှင်နှင့်အတူ ပေါင်းစပ်ခြင်းဖြစ်သည်။ အသင်းတော်နှင့်အတူ ဆုတောင်း ရမည်။ မိသားစုအတူတကွဆုတောင်းရမည်။ ခရစ်တော် ယေဇူးနှင့်အတူနေထိုင်နိုင်ရန် ဆုတောင်းခြင်းကို သင်ယူ ရမည်။ ဆုတောင်းသောသူသည် မည်ကဲ့သို့ ချစ်ရမည်ကို သိ၏။ ချစ်တတ်သောသူသည်လည်း မည်ကဲ့သို့ ဆုတောင်း ရမည်ကိုသိ၏။အဘယ်ကြောင့်ဆိုသော် ''ဆုတောင်းမေတ္တာ သည် ချစ်ခြင်းမေတ္တာဖြစ်၏'' ဟု ရဟန္တာ သြဂတ်စတင်း  ကပြောခဲ့ပါသည်။ ယနေ့ခေတ်ကြီးထဲတွင် မိသားစုနှင့် အတူတကွဆုတောင်းရင်း ဘုရားအတွက် အချိန်ပေးဖို့ အင်မတန် ခက်ခဲနေပါသည်။ ထို့ကြောင့် ၄င်းမိသားစု အတွင်း ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှု၊ စည်းလုံးမှု မရှိတော့ဘဲ ပြဿနာတက်လိုက်၊ ရန်ဖြစ်လိုက်နှင့် နောက်ဆုံးတွင် ကွဲကြ၊ ပြဲကြနှင့် မိသားစုတကွဲတပြားစီ ဖြစ်ကုန်ကြသည်မှာ ၄င်း မိသားစုအတွင်းဆုတောင်းခြင်း  လျော့ရဲလာခြင်းကြောင့် ဖြစ်သည်။ ဆုတောင်းခြင်း လျော့လာတာနဲ့ မိမိတို့၏ ယုံကြည်ခြင်းလည်း တစ်နေ့ တစ်ခြားအားနည်းလာမည်။ ယုံကြည်ခြင်း အားနည်းလာသည်နှင့်အမျှ စုံစမ်းနှောက် ယှက်ခြင်းနှင့် ကြုံလာသည့်အခါ အလွယ်တကူနဲ့ ကျရှုံးတတ် သည်။ ထို့ကြောင့် စိန်သြဂုတ်စတင်းက ''လူသည်လေကို ရှုသွင်းခြင်းအားဖြင့် အသက်ရှင်သည်။ ဆုတောင်းခြင်း သည် ယုံကြည်သူခရစ်ယာန်တို့အတွက် လေ ဖြစ်သည်။ ဆုတောင်းခြင်းမရှိသော ခရစ်ယာန်တစ်ဦး၏ အသက်တာ သည် သေဆုံးခြင်းပင်ဖြစ်သည်'' ဟု ဆိုထားသည်။
            ထို့ကြောင့် ဝိညာဉ်ရေးဘဝခရီး လမ်း၌တွေ့ကြုံ ရမည့် စုံစမ်းနှောက်ယှက်ခြင်းမှန်သမျှကို ရင်ဆိုင်တွန်းလှန် နိုင်ဖို့နှင့် မိမိတို့၏ယုံကြည်ခြင်း ပိုမိုခိုင်မြဲဖို့ရန်အတွက် ဆုတောင်းခြင်းလက်နက်သည် ကိုယ်နှင့်တစ်ပါတည်း ဆောင်ထားရမည့် ပထမလက်နက် ဖြစ်သည်။

၂။ ခြိုးခြံ ဝါရှောင်ခြင်း

            ကျွန်ုပ်တို့ဝိညာဉ်ရေး ဘဝခရီးလမ်းလျှောက်စဉ်၌ မရှိမဖြစ်လိုအပ်သော ဒုတိယလက်နက်မှာ ခြိုးခြံဝါရှောင် ခြင်းဖြစ်သည်။ အစားအသောက်များ ခြိုးခြံဝါရှောင်နေမှ ဝါရှောင်ခြင်းဟု ခေါ်ဆိုခြင်းမဟုတ်ပါ။ အစားအသောက် များခြိုးခြံ၍ ကိုယ်ကျင့်တရား ပျက်ပြားနေသော လူများစွာ ရှိပါသည်။ အဓိကမှာ ကိုယ်၊ စိတ် နှစ်ပါးကို ထိန်းချုပ်ရမည်။ အဘယ်ကြောင့်ဆိုသော် စုံစမ်းနှောက်ယှက်မှုအင်အားသည် လူသားများ၏ လိုချင်တပ်မက်မှုဆန္ဒထဲတွင် တွေ့ရသော ကြောင့်ဖြစ်သည်။ လိုချင်တပ်မက်မှုသည် စိတ်ကြောင့်ဖြစ် ပေါ်လာပြီး ထိုဆန္ဒကို ခန္ဓာသည် ဖြည့်ဆည်းပေးသော ကြောင့်ဖြစ်သည်။ ထို့ကြောင့် ကိုယ်၊ စိတ် နှစ်ပါးကို အထူး ထိန်းချုပ်သင့်သည်။ ခန္ဓာနှင့် ဆက်စပ်နေသောအာရုံငါးပါး သည်လည်း ကျွန်ုပ်တို့ဝိညာဉ်ရေးကို ထိခိုက်ပျက်စီးစေ သကဲ့သို့ မကောင်းသောစိတ်ထားသည်လည်း ခန္ဓာကိုယ်ကို ပျက်စီးစေတတ်ပါသည်။ အထူးသဖြင့် ယနေ့ကဲ့သို့ တိုးတက် နေသော ခေတ်ကြီးထဲတွင် စက်ပစ္စည်းဆန်းများ၊ ဇိမ်ခံ ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း များနှင့် အခြားခတ်မှီဆန်းသစ်လှသော ပစ္စည်းများလည်း စုံလင်လှပါသည်။ ထို့ကြောင့်နတ်ဆိုးသည် လူများလိုအပ် တောင့်တနေသော ဤအရာများဖြင့် လူတို့ကိုသွေးဆောင် ဖြားယောင်းပြီး ဘုရားရှင်နှင့် ဝေးသထက်ဝေးအောင် လုပ်ဆောင်ခြင်းသည် နတ်ဆိုး၏ရည်ရွယ်ချက်ပင်ဖြစ်သည်။ ''မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းခံရသောသူ မည်သည် ကားအပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုမှားတတ် ၏။''  (ရှင်ယာကုပ် ၁း၁၄-၁၅) ထို့ကြောင့် စည်းစိမ်ချမ်း သာများ လွန်လွန်ကျူးကျူးခံစားကာ ငရဲပြည်သို့သွားမည် လော။ ခြိုးခြံချုပ်တီးပြီး ဘုရားရှင်၏ ကောင်းသောကျင့်စဉ် များကို လိုက်နာကျင့်ဆောက်တည်ကာ ကောင်ကင်တံခါးသို့ မော်ကြည့်မလားဆိုသည်မှာ ကိုယ်ပဲရွေးချယ်ရမှာဖြစ်သည်။ ထို့အပြင် စိတ်၏လွတ်လပ်ပျော်ပါးမှုကို လိုက်ရင်းနှင့်လည်း လူသည် အပြစ်ပြုတတ်ကြပါသည်။ ဥပမာ လူတစ်ယောက် သည် တန်ဖိုးမရှိသောစကား အချိန်ကြာမြင့်စွာ၊ အဓိပ္ပါယ် မဲ့စွာ ပြောဆိုခြင်း၊ သူတစ်ပါး၏မကောင်းကြောင်း ဝေဖန် ပြောဆိုခြင်းဖြင့် စိတ်၏လွတ်လပ်မှုကို ရှာဖွေတတ်ကြသည်။ ဤအပြုအမူများသည် ဘုရားရှင်၏ အလိုတော်ကိုငြင်းပယ်၍ နတ်ဆိုး၏ အလိုကိုလိုက်နေခြင်းသာ ဖြစ်သည်။
            ထို့ကြောင့် အတွင်းစိတ်၊ အာရုံ ငါးပါးနှင့် ထိတွေ့ နေရသော ခန္ဓာကိုယ်ကို ထိန်းချုပ်ရမည်။ အဘယ်ကြောင့် ဆိုသော် လောကစည်းစိမ်၊ အပျော်အပါးများသည် အာရုံ ငါးပါးမှတဆင့်စိတ်၊ ဝိညာဉ်ကို အထူးထိခိုက် ပျက်ဆီးစေ ပါသည်။ ထို့ကြောင့် ခြိုးခြံချုပ်တီးခြင်းသည် မိမိတို့၏အပြစ် များ၊ သူတစ်ပါးအပြစ်နှင့် ငရဲငယ်၌ ဒဏ်ဆပ်ဖြေနေကြ သော ဝိညာဉ်များအတွက်လည်း အပြစ်ဒဏ် ဆပ်ဖြေပြီးသား ဖြစ်သည်။ မိမိတို့၏ လောဘ၊ ဒေါသ၊ မာန်မာနများ အတတ် နိုင်ဆုံးလျော့ချပြီး သူတစ်ပါးအပေါ်မေတ္တာပွားများ နိုင်ကြ ပါစေကြောင်း .. .. ..

၃။ သမ္မာကျမ်းစာဖတ်ရှုခြင်း

            ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များ အားလုံး အတွက် သမ္မာကျမ်းစာသည် အသက်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသာ် သမ္မာကျမ်းစာသည် နှုတ်ကပါဋ္ဌ်တော်ဖြစ် သည်။ နှုတ်ကပါဋ္ဌ်တော်သည် သခင်ခရစ်တော်ဖြစ်သည်ကို (ရှင်ယောဟန် ၁း၁-၅) တွင်ဖော်ပြထားပါသည်။ သို့ရာတွင် ယနေ့ခေတ်ကြီးထဲတွင် ယုံကြည်သူများသည် သမ္မာကျမ်းစာ ကို လေးလေးနက်နက် ဖတ်ရှုသည်ကိုမတွေ့ရတော့ပါ။ တစ်ချို့ဆိုလျှင် ဖတ်ပင်မဖတ်တော့ချေ။ ဤအချက်သည် အင်မတန်ဝမ်းနည်းစရာကောင်းပြီး ခရစ်ယာန်ကောင်း၊ ခရစ်တော်၏ နောက်လိုက်ကောင်း မပီသရာရောက်သည်။ သမ္မာကျမ်းစာကိုမဖတ်ပဲ၊ မထောက်ရှုပဲလျှက် မည်သည့် နည်းနှင့်မျှ သခင်ယေဇူး၏ အကြောင်းများကို နားလည်နိုင် မည်မဟုတ်ပါ။ ထို့ကြောင့် ST. JOROME က ''သမ္မာကျမ်းစာ ကိုလျစ်လျူရှု့တာဟာ၊ သခင်ခရစ်တော်ကို လျစ်လျူရှု့တာ ပဲလို့'' ဆိုထားသည်။ သမ္မာကျမ်းစာကိုဖတ်ရှု၊ ထောက်ရှုခြင်း၊ ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းလည်း တစ်နေ့တစ်ခြား တိုးပွားလာပြီး သခင်ခရစ်တော်နှင့် ပိုမို ရင်းနှီးကျွမ်းဝင်လာမှာဖြစ်သည်။ ထို့ကြောင့် သတိထားပါ။ ဤအရာအားလုံးကိုကြိုသိနေသော စာတန်သည် လူများ ကျမ်းစာမဖတ်ရန်နှင့် သမ္မာတရားမကြားနိုင်ရန်အတွက် သူအစွမ်းကုန်ကြိုးစားလေ့ရှိသည်။ လူငယ်များကို သမ္မာ ကျမ်းစာထက် ကာတွန်းစာအုပ်၊ ဝထ္ထု၊ ဘာသာရေးနှင့် မသက်ဆိုင်သောစာအုပ်များကို စိတ်ဝင်စားစေသည်။ သူ့ကိုတိုက်ခိုက်အနိုင်ယူနိုင်သည့် သမ္မာတရား နှုတ်ကပါဌ် တော်ကို လူတို့စိတ်မဝင်စားအောင် နည်းမျိုးစုံဖြင့် ကြိုးစားလေ့ရှိသည်။ ထို့ကြောင့် စာတန် နတ်ဆိုးနှင့် ရင်ဆိုင် ရသောအခါတိုင်း သခင်ယေဇူးကဲ့သို့ ဘုရားစကားဖြစ်သည့် သမ္မာကျမ်းစာတစ်ခုတည်းကိုသာ ပြန်ပြောရန်ဖြစ်သည်။ သတိထားပါ။ စာတန်နတ်ဆိုးသည် ကျွန်တော်တို့ ထင်ထား သကဲ့သို့ ရုပ်ရှင်ထဲကလို အစွယ်၊ လျာအရှည်ကြီး၊ အမြီးနှင့် ရုပ်ဆိုးအကြည်းတန်သည့် ပုံသဏ္ဍန်မျိုးမဟုတ်ပါ။ သူသည် နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်သည်။လူအနီးသို့သူချဉ်းကပ်သည်နှင့် တစ်ပြိုင်နက် လန့်၍ ထွက်ပြေးသွားမည့်ပုံစံမျိုး သူလုပ်လိမ့် မည်မဟုတ်။ လူတစ်ယောက်၏အနီးသို့ သူချဉ်းကပ် သည်နှင့်တစ်ပြိုင်နက် ထိုလူ၏ စိတ်နယ်ပယ်၌ သွေးဆောင် မှု (ဆွဲဆောင်မှု) တစ်ခုခုကိုခံစားရမည်။ ထို့နောက် လူကို လမ်းလွဲစေရန် သူဦးဆောင်၍ မှားယွင်းပျက်စီးခြင်း အမိုက် မှောင်ထဲသို့ ခေါ်သွားပါလိမ့်မည်။ ''စာတန်နတ်ဆိုးအား အခွင့်အရေး မပေးလေနှင့်။'' (ဧဖက်ဆုသြဝါဒစာ ၄း၂၇)
            ထို့ကြောင့်ယုံကြည်သူ ကက်သလစ်ခရစ်ယာန် ဘာသာဝင်များ သမ္မာကျမ်းစာကိုနေ့စဉ်နေ့တိုင်း ဖတ်ရှု၊ ထောက်ရှုခြင်း၊ ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့၏ ဘဝသည် တစ်နေ့တစ်ခြား ပြောင်းလဲလာပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်း နှင့် ဝိညာဉ်ရေးဘဝအသက်တာသည် တစ်နေ့တစ်ခြား ပိုမိုရှင်သန်လာမှာဖြစ်သည်။ အမည်မသိစာဆိုတစ်ဦးက ''အခြားသောစာအုပ်များသည် သတင်းအချက်အလက်များ၊ ဗဟုသုတများရရှိဖို့ပေးသောစာအုပ်များဖြစ်ပြီး၊ သမ္မာ ကျမ်းစာမူကား ကျွန်ုပ်တို့အသက်တာပြောင်းလဲဖို့ ပေးသော စာအုပ်ဖြစ်သည်''ဟုဆိုထားသည်။ ထို့ကြောင့် သမ္မာ ကျမ်းစာသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေး ဘဝခရီးလမ်း၌ မရှိမဖြစ် ကိုယ်နှင့်တစ်ပါတည်း ဆောင်ထားရမည့် တတိယ လက်နက်ဖြစ်သည်။

၎။ အပြစ်ဖြေခြင်း

            အပြစ်ဖြေခြင်းသည် စက္ကရမင်းတူးတစ်ပါးဖြစ် သည်။ အပြစ်ဖြေခြင်းသည် နှိမ့်ချခြင်း၏ လက္ခဏာဖြစ် သောကြောင့် ဘဝင်မြင့်ပြီး မာနထောင်လွှားသောသူသည် မည်ကဲ့သို့ အပြစ်ဖြေရမည်ကိုမသိရှိကြချေ။ လူစီဖဲ ဆိုသည် မှာ အလွန်ထွန်းလင်းတောက်ပသောနံနက်သား မိုးသောက် ကြယ် ဟုအဓိပ္ပါယ်ရပါသည်။ သူသည် ကောင်းကင်တမန် တော်တို့၏ အကြီးအကဲတစ်ဦးဖြစ်ပြီး ဘုရားသခင်အား ချီးမွမ်းကိုးကွယ်မှု၌ ဦးဆောင်သည်။ သို့သော် သူ၏ ရုပ်ရည်၊ Óဏ်ပညာ၊ တန်ခိုးနှင့်အခြေအနေတို့ကြောင့် မာန်တက်၊ မာနထောင်လွှားသဖြင့် ကောင်းကင်မှ နှင်ထုတ်ခံရကာ စာတန် ဟူ၍ဖြစ်လာသည်။ စာတန်သည် မာန်၊ မာနတို့၏ အရှင်သခင်ဖြစ်ပြီး နှိမ့်ချခြင်း၏ ရန်သူတော်ကြီးဖြစ်သည်။ နှိမ့်ချခြင်းသည် စာတန်နတ်ဆိုး၏ လှည့်စားမှုနှင့် သူ့အကြံ အစည်အောက်မှ လွတ်ရာလမ်းစဖြစ်၏။ ထို့ကြောင့် နှိမ့်ချခြင်းတစ်ခုတည်းကသာ ကျွန်ုပ်တို့အား နောင်တစွဲ ယူစေကာ အပြစ်ဖြေခြင်းဖြင့် အသက်တာပြောင်းလဲခြင်း သို့ပို့ဆောင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် အပြစ်ဖြေခြင်းဖြင့် အခွင့်လွှတ်ခြင်းကျေးဇူးတော်၊ ခရစ်တော်နှင့် ပြန်လည် ကျေအေးခြင်း၊ လူကိုဘုရားရှင်နှင့် အသင်းတော်နှင့် ပြန်လည်သင့်မြတ်ခြင်း စသောကျေးဇူးတော်များ ရရှိခံစား ရပါသည်။ ထို့ကြောင့် အပြစ်ဖြေခြင်းကို ပေါ့ပေါ့ တန်တန် သဘောမထားပဲ၊ အလေ့အထတစ်ခုလိုမလုပ်ပဲ နှိမ့်ချ သောစိတ်၊ စစ်မှန်သော နောင်တတရားဖြင့် ဖြေသင့်သည်။ ST. JOHN MARY VIANNEY က ''အပြစ်ထဲ ပြန်ကျရင် ချက်ခြင်းပြန်ထပါ။ သင့်ရဲ့နှလုံးသားထဲမှာ အပြစ်ကို တစ်အောင့်ကလေးမှ မချန်ရစ်စေပါနဲ့'' ဟု ဆိုထားသည်။
ST. FRANCIS DE SALES ကလည်း ''ဘုရားသခင်က နောင်တကို ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုရင် ကမ္ဘာပေါ်က မဖြစ်စလောက်နောင်တလေးသည် အစစ် အမှန်ဖြစ်နေလျှင် ဘယ်လိုအပြစ်မျိုးမဆို ကိုယ်တော်သည် မေ့ပျောက်ပစ်မှာပါ။ ဘယ်လောက်အထိလဲဆိုရင် နတ်ဆိုး များတောင်မှ နောင်တသံဝေဂရနိုင်မည်ဆိုလျှင် သူတို့ရဲ့ အပြစ်အားလုံးဟာ ခွင့်လွှတ်ခြင်းခံကြရမှာပဲ'' ဟု ဆိုထား သည်။
            ထို့ကြောင့် ကျွန်ုပ်တို့အပြစ် ဘယ်လောက်ကြီး သည်၊ အပြစ်ဘယ်လောက်ပြုမိသည် ဆိုသောအရာသည် အရေးမကြီးပေ။ အရေးကြီးသောအချက်သည် စစ်မှန် သောနောင်တတရားနှင့် ကိုယ်တော်ရှင်ထံသို့ ပြန်လှည့် လာဖို့က ပို၍အရေးကြီးသည်။ သခင်ယေဇူးသည် ဖခင် မေတ္တာအပြည့်နှင့် အပြစ်သားများ နောင်တတရားနှင့် ပြန်အလာကို အမြဲစောင့်မျှော်နေသည်။ (ရှင်လုကာ၊ ၁၅း၂ဝ) အဘယ့်ကြောင့်ဆိုသော်သခင်ယေဇူးသည် အပြစ်ကိုမုန်းပေမယ့် အပြစ်သားတို့အား လွန်စွာချစ်သော ကြောင့် ဖြစ်သည်။
၅။ မစ္ဆားတရားတော်မြတ်နှင့် ကိုယ်တော်မြတ်

            မစ္ဆားတရားတော်မြတ်နှင့် ကိုယ်တော်မြတ်သည် အသင်းတော် အသက်တာ၏ အသည်းနှလုံးနှင့် အထွတ် အထိပ် ဖြစ်သည်။ အကြောင်းမှာ ခရစ်တော်ရှင်သည် အသင်းသူ၊ အသင်းသားများကို မိမိ၏ခမည်းတော်ထံ လက်ဝါးကပ်တိုင်ပေါ်တွင် အပြီးသတ် တင်ပူဇော်ခဲ့သော သူ၏ ချီးမွမ်းထောပနာနှင့် ကျေးဇူးတင်ယဇ်တို့ကို ဆက်စပ် ပူးပေါင်းစေ၍ ယဇ်ပူဇော်ခြင်းဖြင့် ခရစ်တော်သခင်သည် မိမိကိုယ်ခန္ဓာတည်းဟူသော အသင်းတော်အပေါ်တွင် ကယ်တင်ခြင်းကျေးဇူးတော်များကို သွန်းလောင်းတော်မူ သည်။ ထို့အပြင် မစ္ဆားတရားတော်မြတ်သည် တစ်ချိန် တည်းတွင်ပင် ကားတိုင်ပေါ်၌ သခင်ယေဇူး၏ ဆက်ကပ် ပူဇော်ခြင်းကို ထာဝရအမှတ်ရစေရန် ပူဇော်သော အောက် မေ့ဖွယ်ရာနှင့် ခွဲခြား၍မရနိုင်ဘဲ အတူတူပင်တည်း။ ထို့ကြောင့် စိတ်နှလုံးနှိမ့်ချခြင်းနှင့် ယုံကြည်ခြင်းမရှိပါက နားလည်ဖို့ရန် အလွန်ခက်ခဲလွန်းလှသည်။ အကြောင်းကား မစ္ဆားတရားတော်မြတ်သည် နောက်ဆုံးညစာစားပွဲ၌ ကိုယ်တော်တိုင်တည်ထောင်ထားသော စက္ကရမင်းတူးတစ်ပါး ဖြစ်သောကြောင့်တည်း။ (၁၊ကော်ရိန့်သု၊ ၁၁း၂၃-၂၅) ထို့ကြောင့်မစ္ဆားတရားတော်မြတ်၌ပါဝင်ပြီး ကိုယ်တော်မြတ် ကိုပင့်ယူခြင်းဖြင့် ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ တစ်ခု တည်းသော ခန္ဓာကိုယ်ဖြစ်သည့် အသင်းတော်နှင့် တစ်လုံး တစ်ဝတည်းဖြစ်ခြင်းနှင့် အဓိကအကျိုးကျေးဇူးတော်မှာ ယေဇူးခရစ်တော်နှင့် နီးနီးကပ်ကပ် ပေါင်းစည်းခြင်း ဖြစ်သည်။ သို့ဖြစ်၍ မစ္ဆားတရားတော်မြတ်၌ သခင် ခရစ်တော်ကို မိမိတို့၏နှလုံးသားထဲ၌ ထိုက်ထိုက်တန်တန် ပင့်ယူနိုင်ရန် မိမိတို့၏ ကိုယ်၊ စိတ်နှစ်ပါးကို ဖြူစင်စွာထားပြီး စစ်မှန်သောနောင်တ တရားနှင့်အတူ နှိမ့်ချညွှတ်တွားသော စိတ်ဖြင့် ပါဝင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် မစ္ဆား တရားတော်မြတ်သည် ယုံကြည်သူ ကက်သလစ်ခရစ်ယာန် များအတွက် အမြင့်ဆုံး ဆုတောင်းခြင်းပုံစံဖြစ်ပြီး ကျွန်ုပ်တို့ ဘဝ၏ ဗဟိုချက်မ၊ နှလုံးသည်းပွတ်နှင့် အသက်လည်းဖြစ် သည်။ မစ္ဆားတရားတော်မြတ်မရှိလျှင် အသင်းတော်ကြီး သည်လည်း တည်ရှိမည်မဟုတ်ချေ။
            ထို့ကြောင့် ကျွန်ုပ်တို့သည် မစ္ဆားတရားတော်မြတ်၌ သာမန်ဝတ္တရားအရ ပါဝင်ခြင်းမျိုးမဟုတ်ပဲ ကြီးမားသော ယုံကြည်ခြင်းဖြင့် ပါဝင်နိုင်ဖို့ကြိုးစားရမည်။ ယုံကြည်သူ ကက်သလစ်ခရစ်ယာန် တစ်ယောက်အနေနှင့် အနည်းဆုံး တနင်္ဂနွေနေ့နှင့် ဘာသာရေးပွဲနေ့ကြီးများတွင် မစ္ဆားတရား တော်မြတ်၌ ပါဝင်နိုင်အောင် ကြိုးစားရမည်။ သခင်ယေဇူး ရဲ့မိတ်ဆွေတွေဆိုလျှင် သူ့ပွဲတော်သို့ သခင်ယေဇူး ဖိတ်ကြား တိုင်း အကြိမ်များနိုင်သမျှ များများပါဝင်ခြင်းဖြင့် ကျွန်ုပ်တို့၏ ဘဝအသက်တာသည် တစ်နေ့တစ်ခြား ပြောင်းလဲလာမှာ ဖြစ်ပြီး ယုံကြည်ခြင်းကျေးဇူး၊ ဝိညာဉ်ရေး ဘဝခရီးလမ်း၌ ကြုံတွေ့ရမည့် စုံစမ်းနှောက်ယှက်ခြင်းများကို ရင်ဆိုင်တိုက် ခိုက်နိုင်ဖို့ ဝိညာဉ်ခွန်အား၊ ကာယခွန်အား နှစ်ဖြာသော ကျေးဇူးတော်များဖြင့် ပြည့်ဝနေမှာဖြစ်သည်။
            ထို့ကြောင့် ရဟန်း၊ သီလရှင်များ သာမက ယုံကြည်သူ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျွန်ုပ်တို့ အားလုံး ဤသင်္ခါရဘုံလောကကြီးထဲတွင် ရှင်သန်ရသော ဘဝအသက်တာသည် အသင်္ခါဘုံဖြစ်သည့် ထာဝရတည်မြဲ သည့် သုခဘုံအသက်တာနှင့် နှိုင်းယှဉ်လျှင် မြူမှုန်မျှသာ ဖြစ်ပါသည်။ သို့ဖြစ်၍ ရှင်သန်လျှောက်လှမ်းနေရသော ဝိညာဉ်ရေး ဘဝခရီးလမ်းစဉ်၌ ကြုံတွေ့ရမည့် အခက်အခဲ ပြဿနာများ၊ စုံစမ်းနှောက်ယှက်ခြင်းများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကိုယ်တော်ရှင်ထံမှ ခွန်အားကျေးဇူး တောင်းခံရင်း အမိမယ်တော်ပေးခဲ့သည့် ဝိညာဉ်ရေး လက်နက်ငါးပါးဖြစ်သည့် ဆုတောင်းခြင်း၊ ခြိုးခြံဝါရှောင် ခြင်း၊ သမ္မာကျမ်းစာဖတ်ရှုခြင်း၊ အပြစ်ဖြေခြင်းနှင့် မစ္ဆား တရားတော်မြတ်တည်းဟူသော လက်နက်များကို မိမိကိုယ်၌ ယူတင်ဝတ်ဆင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေး ဖျားနာ မှုများကို ကုသပေးရန် အကောင်းဆုံးဆေးဝါး တစ်လက်ဖြစ် သည့်အပြင် ဝိညာဉ်ရေးဘဝခရီးလမ်း၏ နောက်ဆုံးပန်းတိုင် ဖြစ်သည့် ကောင်းကင်သုခချမ်းသာ ဆုလာဘ်ကို ဆွတ်ခူးနိုင် ရန်အတွက်လည်း အထောက်အကူပေးမှာဖြစ်ပါသည်။

        ဂျိုးငှက် (ကျိုင်းတုံ)
           

ဝန်ခံချက်။        ။ ဤဆောင်းပါးကို MEDJUGORJE A TESTIMONY ဆောင်းပါးမှ ''Our Lady's Five Stones} ကို ဖတ်ရှုပြီး ပြန်လည်ထောက်ရှုရေးသားထား ခြင်းဖြစ်ပါသည်။

ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂) ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့  ။
မှတိုက်ရိုက်ကူးယူပါသည် ။

                                        

No comments:

Post a Comment