ကျွန်ုပ်တို့အားလုံး ၂ဝ၁၄ ခုနှစ်ကို အခက်အခဲ အမျိုးမျိုးကြားမှ
ဘုရားရှင်၏ ကြီးမားသော ကျေးဇူး တော်ကြောင့် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ်သည်။
၂ဝ၁၄ ခုနှစ်ကိုကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ ရှိသော ကက်သလစ် သာသနာတော်အတွက် ကျေးဇူးတော်
အပေါင်းခညောင်း သည့်နှစ် ဟုပြောလျှင် မှားမည်မထင်အံ့။ မြန်မာနိုင်ငံတော် သို့ ကက်သလစ်သာသနာတော်
ရောက်ရှိခြင်း နှစ် (၅ဝဝ)
ပြည့်ဂျူဗလီပွဲတော်ကြီးကို ရန်ကုန်မြို့၌ နိုဝင်ဘာလတွင်
စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီ။ ထိုမျှမက ကျွန်ုပ်တို့ မြန်မာပြည် ကက်သလစ်သာသနာတော်အတွက်
အားကျ အတုယူစရာ ဓမ္မအာဇာနည်သူရဲကောင်း၊ သူတော်မြတ် (၂) ပါးပေါ်ထွန်းခဲ့သည့် ကောင်းကြီးဝေဖြာမှုဟာ
၂ဝ၁၄ ခုနှစ် ပေတည်း။ ထိုပုဂ္ဂိုလ်ထူး ဓမ္မအာဇာနည်နှစ်ဦးကား PIME ဘုန်းတော်ကြီးမားရီယိုဗေဂါးရာနှင့်ဓမ္မဆရာအေဆီဒေါရို
တို့ဖြစ်ကြသည်။ ထိုဓမ္မအာဇာနည် (၂) ဦးထဲက တစ်ဦး ဖြစ်သည့် ဓမ္မဆရာအေဆီဒေါရိုကို ကက်သလစ်အသင်း
တော်၏ ''ပထမဆုံးမြန်မာနိုင်ငံသား သူတော်မြတ် ''
Blessed အဖြစ်သို့တင်မြှောက်ခြင်းခံရခြင်းသည်
ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံရှိ ကက်သလစ်သာသနာတော် အတွက် ပို၍ပင် ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်သည်။
ထိုဓမ္မအာဇာနည်များ၏ အနစ်နာခံစိတ်နှင့် သွေးဖြင့်သက် သေခံချက်တို့ကြောင့် မြန်မာပြည်၌
ကက်သလစ်သာသနာ တော် ပို၍ထွန်းကားနေပြီဖြစ်သည်။
ဓမ္မအာဇာနည် ဘုန်းတော်ကြီး မားရီယို ဗေဂါးရာ နှင့် ဓမ္မဆရာအေဆီဒေါရို
တို့၏ ဘဝအကျဉ်းကိုအောက် တွင်ဖော်ပြပေးလိုက်ပါသည်။
ဘုန်းတော်ကြီးမားရီယိုဗေဂါးရာ
(၁၉၁ဝ - ၁၉၅ဝ)
v ၁၉၁ဝ - ခုနှစ်၊ နိုဝင်ဘာ (၁၆) ရက်နေ့၊ အီတလီပြည်ဖရာတာမဂျောရီတွင်
မွေးဖွားခဲ့သည်။
v ၁၉၂၁ - ခုနှစ်တွင် အာဗာဆာမြို့ရှိ ရဟန်းဖြစ်သင် ကျောင်းသို့
ဝင်ရောက်ခဲ့သည်။
v ပြင်ပ၌စိတ်ခက်ထန်သူ တစ်ဦးဖြစ်သော်လည်း ဘုရားကိုချစ်မြတ်နိုးသူ၊အချိန်ကိုတိကျစွာ
လိုက်နာသူတစ်ဦး ဖြစ်သည်။
v အာရှတိုက်ရှိ တရုတ်ပြည်၊ အိန္ဒိယပြည်၌ သာသနာပြု ဘုန်းတော်ကြီးတစ်ပါးဖြစ်လိုစိတ်ပြင်းပြခဲ့သည်။
v ၁၉၂၉ - ခုနှစ်တွင်၊ မောန်ဇာမြို့ရှိ PIME ရဟန်းဖြစ်တက္ကသိုလ်သို့ဝင်၍
ရဟန်းတို့တတ်အပ်သော THEOLOGY ဘာသာရပ်ကို သင်ကြားခဲ့သည်။
v ၁၉၃၁
ခုနှစ်တွင်၊ နိုဝင်ဘာလ(၁၅)ရက်တွင် ဘဏ္ဍာန် ထိန်းအဖြစ် ခန့်အပ်ခြင်းခံရသည်။
v ၁၉၃၃ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်တွင် မီလန်မြို့
PIME ဌာနချုပ်သို့ ပြန်သွားခဲ့သည်။
v ၁၉၃၄ ခုနှစ်၊ သြဂုတ်လ(၂၄)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။
v ၁၉၃၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် မြန်မာပြည်သို့ သာသနာ ပြုရန်စေလွှတ်ခြင်းခံခဲ့ရသည်။
v ၁၉၃၅ ခုနှစ်တွင် ထီးသာစော တိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး
အဖြစ်လည်းကောင်း၊ ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်တွင် အီတလျံ ဘုန်းတော်ကြီး (၂၇) ပါးကို
အိန္ဒိယပြည်သို့ ထိန်းသိမ်း ခေါ်ဆောင်သွားရာတွင် ဘုန်း တော်ကြီးမားရီယိုဗေဂါးရာလည်း အပါအဝင်ဖြစ်သည်။
v ၁၉၄၅ - ခုနှစ်၊ သြဂုတ်လလ (၁၅) ရက်နေ့တွင် တိုက် နယ်သစ်ဖွင့်လှစ်မည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ အရှေ့ဘက် သီရိဒါးကျေးရွာသို့ စေလွှတ်ခြင်းခံရသည်။
v သီရိဒါးကျေးရွာစတင်သီတင်းသုံးရန်
နေအိမ်နှင့် ဘုရားကျောင်းကို ယာယီဆောက်လုပ်ခဲ့သည်။
v ၁၉၄၈
ခုနှစ်တွင် သီရိဒါးကျေးရွာသည် ဗဟိုအချက်အချာ မကျသဖြင့် ရှားတောသို့ ပြောင်းရွှေ့ခဲ့သည်။
v ၁၉၄၉ ခုနှစ်၊ ပြည်တွင်းစစ် ကာလတွင် ကရင်သူပုန်များ
ရှားတောကို သိမ်းပိုက်ထားစဉ် ဘုန်းတော်ကြီးသည် မိမိ ဘာသာသူများ၏ ယုံကြည်ခြင်းခိုင်မြဲရန်
မှားယွင်းသော အယူဝါဒများကို အတိုက်အခံပြုရင်း ကရင်သောင်းကျန်း
သူများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။
v ၁၉၅ဝ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် ကရင်သောင်း ကျန်းသူ ဗိုလ်ရစ်ခ်ျမွန်းက ဘုန်းတော်ကြီးကိုဖမ်းချုပ်ပြီးရှားတောမှ
တာတမော (သံလွင်မြစ်) အထိ တစ်ညလုံး ခေါ်ဆောင်သွားပြီး သံလွင်မြစ်အရောက်တွင် အသင့်ယူဆောင်လာသည့်သေနတ်ဖြင့်
ရက်စက်စွာပစ်သတ်ပြီး သံလွင်မြစ်ထဲသို့ပစ်ချလိုက်သည်။ ဘုန်းတော်ကြီး၏အလောင်းကို ငါးဖမ်းသူများက တွေ့ခဲ့ရ ကြောင်းပြောကြသည်။
v ဘုန်းတ်ာကြီးမားရီယိုဗေဂါးရာ ပျံလွန်ချိန်တွင် သက်တော်
(၄ဝ) သာ ရှိသေးသည်။
v ဘုန်းတော်ကြီးမားရီယိုဗေဂါးရာသည်
ရှားတောတိုက်နယ် အတွက် ပထမဆုံး ယုံကြည်ခြင်းမျိုးစေ့ချပေးခဲ့ပြီးအသက် ပေးခဲ့သော ဓမ္မအာဇာနည်ဖြစ်သည်။
ဓမ္မဆရာ အေဆီဒေါရို (၁၉၂ဝ - ၁၉၅ဝ)
ဓမ္မဆရာအေဆီဒေါရိုသည် တောင်ငူသာသနာ၊ ကျေးကတော့တိုက်နယ်၊ တောပုန်းအလယ်
(ရေလာ) ရွာ၌ အဘဦးအိုစံတင့်၊ အမိဒေါ်မိုခသူ တို့မှ ၁၉၂ဝ ခုနှစ်ခန့်တွင် မွေးဖွားခဲ့သည်။
အရွယ်ရောက်သောအခါ မိမိရွာ၌ပင် မူလတန်းပညာကို သင်ကြားခဲ့သည်။ ထို့နောက် တောင်ငူ မြို့၊
ထီးနီကုန်းနှင့် စိန်ထရေးဇာ အခြေခံရဟန်းဖြစ်သင် ကျောင်းသို့ သွားရောက်ပညာဆက်လက် သင်ကြားခဲ့သည်။
ရဟန်းဖြစ်သင်ကျောင်း၌ (၆) နှစ်ခန့် ပညာသင်ကြားပြီး နောက် ဒုတိယကမ္ဘာစစ်အစပိုင်းတွင်
ကျန်းမာရေးမ ကောင်းသဖြင့် ရဟန်းဖြစ်သင်ကျောင်းမှ ထွက်ပြီးရွာ ပြန်နေသည်။ ရွာ၌ ကိုယ်ပိုင်ကျောင်းဖွင့်ပြီး
ဒုတိယကမ္ဘာစစ် (ဂျပန်ခေတ်) ကာလအတွင်း ကလေးများကို စာသင်ပေးခဲ့ သည်။ ၁၉၄၆ ခုနှစ်တွင်
ဘုန်းတော်ကြီး မားရီယိုဗေဂါးရာ က ရှားတောတိုက်နယ်၌ သာသနာပြုရန် သူ့အားလာခေါ် သွားသည်။
ဆရာအေဆီဒေါရိုသည် လူပျိုဖြစ်သည့်အပြင် လက်တင်း၊ အင်္ဂလိပ်စကားပြောတတ်သဖြင့် ဘုန်းတော်
ကြီးက သူ့ကိုရွာများတွင် တာဝန်မချဘဲ မိမိအနား၌အမြဲ ခေါ်ထားပြီး သူနှင့်အတူ အလုပ်လုပ်စေသည်။
ပထမပိုင်း၌ သီရိဒါးရွာတွင်နေပြီး ကျောင်းများ ဆောက်လုပ်ကြသည်။ ၁၉၅ဝ ခုနှစ်တွင် ရှားတောသို့
ပြောင်းရွှေ့နေထိုင်ပြီး ကျောင်းများဆောက်ပြန်သည်။
၁၉၄၉-၅ဝ ခုနှစ် များအတွင်းတွင် နိုင်ငံအစိုးရကို သူပုန်များကထကျွပုန်ကန်ချိန်၊
မလိုလားမုန်းတီးသူများက ကက်သလစ်ဓမ္မဆရာ ဇာကိုမို စောလေးအီနှင့် လွီးဇီကို မတရားအပြစ်ရှာ၍
သတ်ဖြတ်ခဲ့သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ၁၉၅ဝခုနှစ်၊ မေလ (၂၄) ရက်နေ့ညတွင် ရှားတောမြို့တောင်ပိုင်းရပ်ကွက်ရှိ
ဗိုလ်ဟိန်းတီရယ်အိမ်၌ ဘုန်းတော်ကြီးမားရီယိုဗေဂါးရာနှင့် ဗိုလ်ရစ်ခ်ျမွန်းတို့အဖွဲ့
အပြန်အလှန်စကားများပြီး ဗိုလ်ရစ်ခ်ျမွန်းအဖွဲ့က ဘုန်း တော်ကြီး မားရီယိုဗေဂါးရာနှင့်
လက်ထောက် ကျောင်းထိုင် ဘုန်းတော်ကြီး ပီတာဂါလာစထရီကို ဖမ်းသွားကာ သံလွင် မြစ်ကမ်းခြေ
တာတမောအရောက်၌ ညှင်းပမ်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့သည်။ ဘုန်းတော်ကြီးနှစ်ပါးနှင့်အတူ ဓမ္မဆရာ
အေဆီဒေါရိုလည်း လိုက်ပါသွားခဲ့ပါသည်။ သို့ရာတွင် စလောင်းရွာအရောက်တွင် သူပုန်အဖွဲ့က
ဆရာအေဆီ ဒေါရိုကို ပြန်ခိုင်းပါသည်။ ဆရာအေဆီဒေါရိုက ဘုန်း တော်ကြီးများကို ချန်ထား၍
မပြန်နိုင်ကြောင်း ပြောသည်။ သို့ဖြစ်၍ စလောင်းရွာအထွက် ရေထွက်ပေါက်အနီးတစ် နေရာတွင်
ဆရာအေဆီဒေါရိုကိုသတ်လိုက်ပြီး ဘုန်း တော်ကြီးနှစ်ပါးကို တာတမောသို့ ဆက်လက်ခေါ်ဆောင်
သွားသည်။
ဆရာအေဆီဒေါရိုသည် သေဆုံးချိန်အထိ လူပျို ဘဝဖြင့်နေခဲ့ပြီး သူ့ဆွေမျိုးဟူ၍
ဂျော်နီအမည်ရှိသော သူ၏ ညီ လူပျိုတစ်ဦးတည်းသာရှိပါသည်။
မှတ်ချက်။ ။ လွိုင်ကော်ကက်သလစ် ဂိုဏ်းအုပ် သာသနာမှ ထုတ်ဝေသည့်
''သံလွင်ကမ်းခြေတွင် သွေးမြေ ကျခဲ့ပြီ'' ဟူသော
စာအုပ်မှကောက်နုတ်တင်ပြခြင်းဖြစ်ပါ သည်။
ဘီအာရ်ဂျွန် (ကိန္နရာမောင်)
ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂)
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ။
မှတိုက်ရိုက်ကူးယူပါသည်
။
No comments:
Post a Comment