ကက်သလစ်ဘာသာဝင်များ တစ်ချိန်မဟုတ် တစ်ချိန် အမေးခံရသောမေးခွန်းတစ်ခုမှာ 'မင်းတို့ ကက်သလစ်ဘာသာသူများ မယ်တော်မာရီယားကို ရှိခိုး ကိုးကွယ်ကြတာလား' နောက်မေးခွန်းတစ်ခုမှာ 'မယ်တော် ထံဆုတောင်းဖို့လိုလို့လား၊ သားတော်ဘုရားထံ တိုက်ရိုက် တောင်းလျှောက်လျှင်လည်းရရဲ့သားနဲ့' စသည်ဖြင့် အမေးခံ ရတတ်သည်။ ထိုသို့အမေးခံရသောအချိန်တွင် ကျွန်ုပ်တို့ ဆွံ့အသွားတတ်ပါသည်။ တိကျသောအဖြေတစ်ခု၊ လုံ လောက်သောဖြေရှင်းချက်မျိုး မပေးနိုင်ကြပေ။ ထိုမျှမက မိမိ ယုံကြည်သောအရာသည် မှန်မှမှန်ပါလေစ စသည်ဖြင့် မိမိယုံကြည်ချက်ကိုတောင် သံသယဝင်မိပါတော့သည်။
ကက်သလစ်အသင်းတော်နှင့် မယ်တော် မာရီယားသည် မည်သို့မည်ပုံဆက်စပ်ပါသနည်း။ ကက်သလစ်ဘာသာ ဝင်များက မယ်တော်ကို မည်သည့်အကြောင်းကြောင့် သဒ္ဓါ ကြည်ညိုခြင်းပြုကာ ဆုတောင်းကြပါသနည်း။ (သို့) မယ် တော်ထံဆုတောင်းခြင်းအားဖြင့် မယ်တော်သည် ဆုကျေးဇူး များကိုအမှန်တကယ်ပေးပါ၏လော။ စသည့်မေးခွန်းသုံး ခုနှင့်ဆွေးနွေးလိုပါသည်။ ကျွန်ုပ်၏ ဆွေးနွေးချက်များသည် အမှန်ကန်ဆုံးနှင့်အပြည့်စုံဆုံးသော တင်ပြဆွေးနွေးချက် မဟုတ်သည်ကို ဦးစွာဝန်ခံလိုပါသည်။ သို့သော်လည်း ဤစာကိုဖတ်ခြင်းအားဖြင့် မယ်တော်ကို အားကိုးကြသော သာသာသူများ၏စိတ်တွင် တွေးတောစရာတစ်ခုခုကျန်မည် ဆိုလျှင် ကျွနု်ပ်ရေးရကျိုးနပ်ပါသည်။
၁) ကက်သလစ်အသင်းတော်နှင့်မယ်တော်မာရီယား
မယ်တော်မာရီယားသည် ခရစ်တော်ကိုမွေးဖွား သန့်စင်ပေးကာ ခရစ်တော်၏လိုအပ်ချက်များကို သေသည့် တိုင်အောင် ပြုစု ဖြည့်ဆည်းပေးခဲ့ပါသည်။ ခရစ်တော်သည် အသင်းတော်ဖြစ်သည်။ ကက်သလစ်အသင်းတော်သည် သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းသက်သည့်နေ့တွင် မွေးဖွားလာခဲ့သည်။ တနည်းအားဖြင့်ဝိညာဉ်တော်ဘုရား ကိုယ်တိုင် အတည်ပြုတည်ထောင် ဖွင့်လှစ်ခြင်းပင်ဖြစ်သည်။ အသင်းတော်စတင်တည်ထောင်သောနေ့တွင် မည်သူတွေ ပါဝင်ကာတည်ထောင်ပါသနည်း။ ခရစ်တော်ဘုရားကိုယ် တိုင် သက်တော်ထင်ရှားစဉ်ကာလတုန်းက ကောင်းကင် တံခါးသော့ကို အပ်နှင်းခဲ့သော စိန်ပီတာအမှူးပြုသော တမာန်တော်ကြီးများပါဝင်ခဲ့သည်။ တမန်တော်ကြီးများ သည် သံဃာထု(သို့)ရဟန်းတော်များကို ကိုယ်စားပြုသည်။ သာမာန်ဘာသာဝင်များကိုယ်စားပြု မည်သူပါဝင်ပါသ နည်း။ သာမာန်ဘာသာဝင်များတွင် မယ်တော်ဦးဆောင် သောဘာသာဝင်များ ပါဝင်ခဲ့သည်။ တမန်တော်ကြီး (၁၂) ပါး၊ မယ်တော်နှင့်ယုံကြည်သူများသည် တူညီသောဝိညာဉ် တော်ကိုတစ်ချိန်တည်းခံယူရရှိကာ အကြောက်တရား မှလွတ်မြောက်လျှက် ခရစ်တော်၏တရားတော်ကို ရဲရဲ ရင့်ရင့် ဟောပြောသက်သေခံကာ အသင်းတော်ကြီး ကိုစတင်သက်ဝင်လှုပ်ရှားစေခဲ့ကြသည်။ တမန်တော်ကြီး များမှဆင်းသက်လာသောအသင်းတော်ကို မယ်တော်က မိမိလူ့ဘဝသက်တမ်းကုန်ဆုံးသည့်တိုင်အောင် ကူညီ သည်သာမက ယနေ့တိုင်အောင်ကူညီနေသည်။ ထို့ကြောင့် မယ်တော်နှင့်အသင်းတော်သည်ခွဲခြားလို့မရပေ။ ကမ္ဘာ ပေါ်တွင် အသင်းတော်ရှိနေသမျှကာလပတ်လုံး ခရစ်တော် သည်အသင်းတော်နှင့်တည်ရှိသလို မယ်တော်သည်လည်း ကူညီနေဦးမည်သာဖြစ်သည်။
၂)မယ်တော်ထံဆုတောင်းခြင်း
သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သည့် အချိန်တွင် မယ်တော်နှင့်တမန်တော်ကြီးများ ခရစ်တော် နောက်လိုက်သောသူများသည် အခန်းထဲတွင်ဆုတောင်းနေ ကြသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအချုပ်တွင် 'သူတော် သူမြတ်တို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်း အကျိုးကုသိုလ်ခံစားရကြောင်း'ကို ဝန်ခံရပါသည်။ သခင် ယေဇူးကားတိုင်ပေါ်တွင် အသက်တော်စွန့်ခါနီးတွင် မိမိ ၏ချစ်လှစွာသောမယ်တော်ကို၊ မိမိ အသက်ပေးသော လူသားတို့ထံ အပ်နှံကာ၊ အပြန်အလှန်ကြည့်ရှု့ဖို့ မိန့်မှာခဲ့ သည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့ကိုမယ်တော်အား အား ကိုး၍ဆုတောင်းရန်နှင့် ထိုဆုတောင်းချက်များကို ဖြည့် ဆည်းပေးဖို့ မယ်တော်အား တာဝန်ပေးခြင်းပင်ဖြစ်သည်။ မယ်တော့်ကိုအားမကိုးဘဲနဲ့ သားတော်ဘုရားထံတိုက် ရိုက်ဆုတောင်းရင်မရဘူးလားဆိုပြီး စောဒကတက် နိုင်ပါသည်။ ရပါတယ်။ သားတော် ဘုရားထံတိုက်ရိုက် တောင်းလည်း ရပါတယ်။ မယ်တော်ကိုအားကိုးခြင်း ဆိုတာက မယ်တော်သည် အပြစ်ဟူ၍ မြူမှုန်မျှတောင် မရှိသောသူဖြစ်သည်။ ဤမျှသန့်ရှင်းသောပုဂ္ဂိုလ်က ဆုတောင်းပေးပါက အပြစ်အနာအဆာနှင့်ပြည့်သော ကျွန်ုပ်တို့ထက် ပိုအကျိုးရှိမှာသေချာပါတယ်။ ကျမ်းစာ တော်ထဲမှာလည်း သန့်ရှင်းသောပုဂ္ဂိုလ်တော်များ၏ ဆုတောင်းသံကို ဘုရားသခင်အထူးနားညောင်းသည်ကို တွေ့ရပါသည်။
ကာနန်မြို့လက်ထပ်ပွဲ၌ စပျစ်ရည်ကုန်သွားသောအခါ မယ်တော်သည် သတို့သား အရှက်ကွဲမည်ကိုသိသော ကြောင့် မည်သူမှ ခိုင်းစေ အကူအညီမတောင်းခင်ကပင် သားတော်ထံသွား၍ စပျစ်ရည်ကုန်ကြောင်းသွား ပြောလေ သည်။ သခင်ယေဇူးက မိမိအချိန်မရောက်သေးကြောင်း ငြင်းဆိုခဲ့သော်လည်း မယ်တော်သည် မိမိသားတော်ကို ယုံကြည်သောကြောင့် အစေခံတို့ကိုသူပြောသည့်အတိုင်း လုပ်ပါဆိုပြီး မှာထားခဲ့သည်။ သားတော်ကလည်း ရေကို စပျစ်ရည်ပြောင်းစေခြင်းဖြင့် မိမိအချိန်မကျသေးသည့်တိုင် မိမိမယ်တော်ကို နာခံခဲ့သည်။ ထို့ကြောင့်မယ်တော်သည် ကျွန်ုပ်တို့လိုအပ်သောအရာများကို ကျွန်ုပ်တို့သတိမထား မိသေးခင်ကပင် သားတော်ဘုရားထံဆုတောင်းပါက မရဘဲ နေမည်မဟုတ်ဆိုတာကိုလည်း မီးမောင်းထိုးပြနေပါသည်။ မိမိအတွက်အချိန်မရောက်သေးသော်လည်း မယ်တော့် မျက်နှာထောက်ပြီး သတို့သားအားကူညီခဲ့သည့်နည်းတူ ယခု သူ၏အချိန်ကျပြီးဖြစ်၍ မယ့်တော့်စကားကိုသားတော်က ငြင်းပယ်မည်မဟုတ်ပေ။ မယ်တော်က သူစေခိုင်းသမျှကိုပြု လော့ ဟူသော မိန့်မှာချက်ကိုအစေခံတို့က လိုက်နာမှသာ သားတော်ကတန်ခိုးပြခြင်းဖြစ်သည်။ ထို့ကြောင့် မယ်တော် ကိုအားကိုးရုံနှင့် မပြီးသေးပါ။ မယ်တော်စကားကိုလည်း ကျွန်ုပ်တို့ နားထောင်ရပါမည်။ ထိုစကားမှာ သူ (သခင် ယေဇူး) စေခိုင်းသမျှကိုပြုလုပ်ကြလော့ (ယော ၂း၅) ဘဲဖြစ်ပါသည်။ ကျွန်ုပ်တို့မယ်တော်စကားကို နားထောင် ကာ သခင်ယေဇူး၏ပညတ်တော်များအတိုင်းလိုက် လျှောက်ပါက ကျွန်ုပ်တို့ဆုတောင်းသည့်အရာများမရဘဲ နေမည်မဟုတ်ပါ။
၃)မယ်တော်နှင့်ဆုကျေးဇူး
မယ်တော်ထံဆုတောင်းပါက ဆုကျေးဇူးများအမှန် တကယ်ရရှိသည်ကို မယ်တော်ကို အားကိုးဆုတောင်းသူ တိုင်း သိရှိခံစားရကြပါသည်။ မယ်တော်သည် ဆုကျေးဇူး များကို အမှန်တကယ်ပေးပါ၏လော။ တကယ်တော့ မယ်တော်သည် ကျွန်ုပ်တို့ကိုဆုကျေးဇူးတော်ပေးသူ မဟုတ်ပါ။ ကျေးဇူးတော် သွန်းလောင်းပေးသူ၊ ဖြည့်ဆည်း ပေးသူသည် ဘုရားသခင်တစ်ပါးတည်းသာ ဖြစ်သည်။ မယ်တော်ထံ ကျွန်ုပ်တို့ဆုတောင်းသောအခါတွင်လည်း ဆုကျေးဇူးပေးသနားဖို့မတောင်းဘဲ ဆုတောင်းပေးဖို့ရန်သာ တောင်းလျှောက်ခြင်းဖြစ်သည်။ မယ်တော်ထံဆုတောင်း ခြင်းအားဖြင့် ဘုရားသခင်သည်ကျေးဇူးတော်များကို မယ်တော်မှတစ်ဆင့်ကျွန်ုပ်တို့ကို ပြန်လည်ပေးသနားခြင်း ဘဲဖြစ်ပါသည်။ ထို့ကြောင့်မယ်တော်ကို အားကိုးကြသော ဘာသာသူများအနေဖြင့် အယူသီးအစွန်းမရောက်ရန် သတိ ပြုရပါမည်။ မယ်တော်ကို အားကိုးခြင်းသည် အလွန်သင့် လျော်သောအရာဖြစ်သော်လည်း အထွဋ်အထိပ်နှင့် ပထမဆုံးမှာ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားသာ ဖြစ်ရပါမည်။ ကျန်သောအရာအားလုံးသည် ဒုတိယနေရာသာဖြစ်သင့် ပါသည်။ ထို့ကြောင့် ဘုရားသခင်ကိုဦးထိပ်ပန်ဆင်ကာ မယ် တော်ကို အားကိုးခြင်းပြုရပါမည်။
မယ်တော်သည် အသင်းတော်စတင်တည်ထောင် ကတည်းက ယနေ့ထိတိုင်အောင် နည်းလမ်းမျိုးစုံ၌ ပါဝင် ကူညီလမ်းပြခဲ့ပါသည်။ မယ်တော်နှင့်အသင်းတော်သည် ခွဲ ခြားလို့မရပေ။ ကမ္ဘာပေါ်တွင်အသင်းတော် တည်တံ့သမျှ မယ်တော်ကို သဒ္ဓါကြည်ညိုခြင်းလည်း ပျောက်ပျက်သွား မည်မဟုတ်ပေ။ ကောင်းကင်ရှိအသင်းတော်၌လည်း မယ် တော်သည်သူတော်သူမြတ်များနှင့်အတူ ဘုရားသခင်ကို ချီးမွမ်းနေပါသည်။ ဒုက္ခခံသောအသင်းတော်ဖြစ်သည့် ငရဲငယ်သို့လည်း မယ်တော်သည် အလည်အပတ်အကြည့် အရှု့သွားကာ နှစ်သိမ့်ပေးကြောင်း မှတ်သားဖူးပါသည်။ ထို့ကြောင့် ကက်သလစ်အသင်းတော်နှင့် မယ်တော်သည် ခွဲခြား၍မရကြောင်းတင်ပြလိုက်ရပါသည်။
နီကိုကိမ်း(တွန်းဇံ)
ဝိညာဉ်ပျိုးခင်းကက်သလစ်မဂ္ဂဇင်းအမှတ်စဉ်(၁၂) ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ။
မှတိုက်ရိုက်ကူးယူပါသည် ။
No comments:
Post a Comment