ပေးဆပ်ခြင်းမည်သော မိဘမေတ္တာ
"အချစ်ဆိုတာ ပေးဆပ်ခြင်းလား၊ ရယူခြင်းလား" ဆိုသည့် မေးခွန်းကို ခေတ်အ ဆက်ဆက် ဆွေးနွေးဖူးခဲ့ကြသည်။ အဖြေကိုလည်း အမျိုးမျိုး ပေးဖူးခဲ့ကြသည်။ ဂရိအတွေးအခေါ်ပညာရှင်များ၏ ခေတ်ကာလအချိန်ကပင် အချစ်တွင် အသွင်ပုံစံ များစွာရှိသည်ကို အသိအမှတ်ပြု ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် အချစ်တွင် တစ်ခုတည်းသော အနက်ဖွင့်ဆိုခြင်း မရှိနိုင်ပါ။ ပေးဆပ်ခြင်း၊ ရယူခြင်း ဆိုသည့် စကားလုံး နှစ်လုံး အကြားတွင်လည်း ရှုတ်ထွေးနေတတ်ပြန်သည်။
မည်သို့ပင်ဆိုစေ အချစ်သည် နားလည်ရန်မဟုတ် ကျင့်ကြံနေထိုင်ရန်သာ ဖြစ် သည်။ လူသားများ အကြားတွင် အခိုင်အမာ ရှိနေသော အချစ်မှာ မိဘ၏ အချစ် ဖြစ်သည်။ မိဘ၏ အချစ်ခိုင်မာခြင်းကြောင့်သာလျှင် လူသားထုကြီးဆက်လက် တည် တံ့နေခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့ အပြည့်အဝ နားလည်ကြသည်။ မိဘ စိတ်ထားဆိတ်သုန်းသွားသည့် လူ့အသိုင်းအဝိုင်းသည် မျိုးတုန်း ပျောက်ကွယ် ရမည်သာဖြစ်သည်။
မိဘတို့၏ ချစ်ခြင်းမေတ္တာသည် အမှန်တကယ်ပင် ပေးဆပ်သော မေတ္တာ ဖြစ် သည်။ သားသမီးထံမှ ဘာကိုမှ မမျှော်လင့်ဘဲ ပေးဆပ်သည်။ သားသမီးများ အား စားဝတ်နေရေး ဖြည့်ဆီးပေးခြင်း၊ ပညာပေးခြင်း၊ လူ့ဘုံအလယ် တင့်တယ်စွာ ထား ခြင်းတို့သည် တနေ့နေ့ တချိန်ချိန် ငါ့ကို ပြန်စောင့်လျှောက်ပါစေ၊ ပြန်ပေး ဆပ် ပါစေ ဆိုသည့် မျှော်လင့်ချက်မျိုးနှင့် မဟုတ်ပါ။ အတောင်စုံလျှင် ပျံထွက် သွားမည်ကို သိပါလျက် အတောင်စုံအောင် တပ်ပေးသည်။ လူလားမြောက်လာ လျှင် သူတပါးနောက် လိုက်သွားမည်ကို သိပါလျက်နှင့် ကြီးထွားလာအောင် ကြွေး မွေးသည်။ ခက်ခဲစွာ ပေးဆပ်သည်။ မပျင်းမရိ ရုန်းကန်သည်။
လိုက်နာ ကျင့်ကြံစရာ မြောက်မြားစွာ ရှိသည့် လူဘဝ၊ ဥပဒေ ပညတ်တွေ များစွာ လိုအပ်သော လူ့အသိုင်းအဝိုင်းအတွက် ဘုရားသခင်က ပညတ်တော် ၁၀ ပါးသာ ပေးထားသည်။ မရှိမဖြစ် ခြစ်ခြုပ် ကုတ်ကပ်ထားရသည့် ထို ပညတ်တော် ၁၀ ပါး တွင် "မိဘများအား ရိုသေခြင်းကိုပြုလော့" ဆိုသည့် ပညတ်သည် အခိုင်အမာ ပါရှိနေသည်။ ဘုရားသခင်အပေါ် ပြုရမည့် ပညတ်တော် သုံးပါးပြီးလျှင် အရင် ဆုံး ကျသည့် ပညတ်တော်မှာ မိဘများအား ရိုသေရန် ဖြစ်သည်။ ထိုပညတ်တော်ကို စောင့်ထိန်းလျှင် ရရှိမည့် ဆုလာဘ်မှာ အသက်ရှည်မည်၊ ကြီးပွါးတိုးတက်မည်ဟု ဘုရားရှင်က မိန့်မှာခဲ့သည်။ (တရားဟောရာကျမ်း ၅း၁၆)
ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံနှင့်မျှ မတူဘဲ မြန်မာပြည် ကက်သလစ်တော်၏ ထူးခြားစွာ ထားရှိသော ရိုးရာပွဲနေ့ရက်မှာ မိဘများပွဲနေ့ဖြစ်သည်။ နိုင်ငံ အ တော်များများတွင် ကျင်းပနေသော အမေများနေ့၊ အဖေများနေ့သည် ဘာသာရေး နှင့် မည်သို့မျှ မပတ်သက်ပေ။ ကျွန်ုပ်တို့ ကျင်းပကြသော မိဘများ ပွဲနေ့သည် ဘာသာရေးလည်း ဖြစ်သလို လူမှုရေးလည်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ မိဘများ ပွဲနေ့ကို ကျွန်ုပ်တို့ ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပကြသည်။
ပွဲနေ့ကျင်းပခြင်းသည် တစ်ရက်တာ သို့မဟုတ် နာရီ အနည်းငယ်သာ ကြာမည် ဖြစ်သော်လည်း သားသမီးတိုင်း၏ နှလုံသားတွင် မိဘတို့၏ ပေးဆပ်ခြင်း မေတ္တာ ကို ခပ်နှိပ်ထားကြမည်ဆိုလျှင် ဤပွဲနေ့သည် တစ်ဘဝစာ အကျိုးရှိမည့် ပွဲနေ့ရက် တစ်ရက် ဖြစ်ပါသည်။
မိဘတို့၏ ပေးဆပ်သော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ နှလုံးသားတွင် ခပ်နှိပ်သော မိဘများပွဲနေ့အား ဂုဏ်ပြု လိုက်ရပါသည်။
မာရီယနို နိုင်
CBCM Herald (၁၅ ဇူလိုင် ၂၀၁၇) အယ်ဒီတာ့အာဘော်

No comments:
Post a Comment