အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, January 23, 2016

‪ခရစ္စမတ်ပုံပြင်

ဇို(တီးတိန်)
လယ်သမား၏ ဆယ်နှစ်အရွယ်သားလေးက ငြိမ်ငြိမ်မနေတတ်ချေ။ ပုံမှန်အားဖြင့် သူသည် သူကြားခဲ့၊ မြင်တွေ့ခဲ့သည့်အရာများနှင့်ပတ်သက်၍ စိတ်ကူးယဉ်ကာ ပျော်နေတတ်သည်။ အထူးသဖြင့် တနင်္ဂနွေနေ့များ၌ဆိုလျှင် သမ္မာကျမ်းဝင်ပုံပြင်များကို နားထောင်ပြီးသည့်နောက်တွင် စကားတွေ များလာတတ်သည်။ ဤသို့အားဖြင့် သူ၏ဆရာမက လူကလေးကို စိတ်ဝင်စားအောင် လုပ်ရာ၌ အမြဲတမ်း အောင်မြင်ခဲ့လေသည်။ သို့ရာတွင် ထိုထူးခြားသောတနင်္ဂနွေနေ့တစ်ရက်တွင်မူ လူကလေးက တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
"သားလေး နေမကောင်းဘူးလား"
စိုးရိမ်မကင်းသည့်လေသံဖြင့် ဖခင်ဖြစ်သူက မေးလိုက်သည်။

"နေကောင်းပါတယ်ဖေဖေ......၊ တနင်္ဂနွေနေ့ ဘုရားစကားတန်းမှာ ကြားခဲ့ရတဲ့ပုံပြင်လေးကိုသာ သား မယုံသင်္ကာဖြစ်နေတာပါ"
ဝမ်းနည်းစွာဖြင့် ခေါင်းငိုက်စိုက်ချလျက် လူကလေးက ပြန်ဖြေလိုက်သည်။
"ဘယ်ပုံပြင်ပါလဲ"

"ခရစ္စမတ်ပုံပြင်ပါ"
"ခရစ္စမတ်ပုံပြင်ဟုတ်လား"
အံ့သြသည့်အမူအရာဖြင့် ဖခင်ဖြစ်သူက မေးလိုက်သည်။
"ဟုတ်တယ်ဖေဖေ......ခရစ္စမတ်ပုံပြင်ပါ"
စိတ်မကောင်းစွာနှင့် လူကလေးက အခိုင်အမာ ပြန်ဖြေလိုက်သည်။
ခရစ်တော်၏လူ့အဖြစ်ယူခြင်း၌ သားလေး၏ယုံကြည်မှုကင်းမဲ့ခြင်းသည် ဘုရားသခင်ကို မထီလေးစားပြုရာ ရောက်နေပြီလော။
"ဘယ်အပိုင်းကို သားလေးက မယုံသင်္ကာဖြစ်နေတာလဲ၊ ဘက်သလင်ဟင်ကြယ် 
ပေါ်ထွန်းလာတာကိုလား"
"အဲဒီအပိုင်းကို ယုံကြည်ပါတယ်ဖေဖေ.......ပြီးတော့ ပညာရှိမင်းသုံးပါးလာပြီး ရွှေ၊ လော်ဗန်နဲ့ မီးရာစတဲ့ လက်ဆောင်ပဏ္ဌာများ ပူဇော်ဆက်သကြတာကိုလည်း လက်ခံပါတယ်"
"ဒါဆိုရင် ကညာစင်မှ ဖွားမြင်တာကိုလား.......
မင်းက မယ်တော်မာရီးယားရဲ့အပြစ်မဲ့သန္ဓေယူတော်မူခြင်းကို လက်မခံနိုင်တာလား"
အံ့သြသည့်အမူအရာဖြင့် ဖခင်ဖြစ်သူက မေးလိုက်သည်။
"ဒါလည်း ယုံကြည်လက်ခံပါတယ်
ဖေဖေ......တကယ်တော့ ကညာစင်မှ
 ဖွားမြင်ခြင်းနိမိတ်လက္ခဏာကိုလည်း သား နှစ်သက်လက်ခံပါတယ်ဖေဖေ....."
"ဒါဆိုရင် ဘယ်အပိုင်းက သားလေးကို စိတ်ကသိကအောက်ဖြစ်စေတာလဲ"
"မေးခွန်းတစ်ခု မေးပါရစေဖေဖေ........ဒီနယ်တစ်ဝိုက်မှာ နေလာခဲ့တဲ့ဖေဖေ့ရဲ့ဘဝတာတစ်လျှောက်လုံးမှာ ညတည်းခိုစရာတစ်ခု လာတောင်းတဲ့ ဧည့်သည်ဖြစ်ဖြစ်၊ လူစိမ်းဖြစ်နေရင်တောင်မှလေ.....လက်မခံဘဲ ငြင်းပယ်ဖူးပါသလား"
"တစ်ခါမှ မငြင်းပယ်ဖူးပါဘူး"
လူကလေး၏ဖခင် လယ်သမားကြီးက မှန်မှန်ကန်ကန် ပြန်ဖြေလိုက်သည်။
"ဒီဒေသမှာ လူတစ်ယောက်က ညအိပ်ဖို့အရေး အိမ်မှာ အခန်းတစ်ခန်းရအောင် 
တောင်းဆိုလာတာကိုကော လက်မခံဘဲ
 
ငြင်းပယ်ခဲ့တဲ့ ဖေဖေသိတဲ့မိသားစုကော ရှိခဲ့ဖူးပါသလား"
"ဖေဖေ သတိထားမိသလောက်တော့ တစ်အိမ်မှ မရှိဖူးသေးဘူး....ညအိပ်ဖို့ လာတောင်းတဲ့လူတွေကို လက်ခံပြီး ကောင်းကောင်း ပြုစုစောင့်ရှောက်ဖို့တောင် အစဉ်အလာက သင်ပေးထားသေးတယ်သားရဲ့...."
"ခရီးသွားရင်း ကိုယ်ဝန်ရှိတဲ့အမျိုးသမီးဖြစ်ခဲ့ရင်လည်း လက်ခံကောင်း လက်ခံနိုင်မှာပါနော်ဖေဖေ..."
လူကလေးက ဖြည့်စွက်ပြောလိုက်သည်။
"လက်ခံနိုင်တာပေါ့သားရယ်"
ဖခင်က စာနာစွာနှင့် ပြန်ပြောသည်။
"သားလေးကို စိတ်ကသိကအောက်ဖြစ်စေတဲ့အပိုင်းက အဲဒါပါပဲ
ဖေဖေ.....မာရီးယားနဲ့ဇူဇယ်က စားသောက်ဆိုင်ရဲ့အခန်းတံခါးကို ခေါက်လိုက်တော့ သူတို့အတွက် နေစရာမရှိတော့ဘူးလို့ အပြောခံလိုက်ရတယ်လေ။ ဒီအိမ်နဲ့ ဒီနယ်တစ်ဝိုက်မှာတော့ နွားစာခွက်မှာ သူ့ရဲ့သားလေးကိုမွေးဖွားဖို့ မာရီးယားကို ဘယ်သူကမှ
 
ခွင့်ပြုကြမှာမဟုတ်ပါဘူးနော်။ သားတို့အိမ် ဒါမှမဟုတ် ဒီနားတစ်ဝိုက်မှာတော့ သခင်ယေဇူးအတွက် နေစရာအခန်းလေးတစ်ခန်းတော့ ရှိတန်ကောင်းပါရဲ့နော်ဖေဖေ....."
"ဟုတ်တာပေါ့ သားရယ်.....ပြီးတော့ ဒီခရစ္စမတ်နဲ့ တစ်နှစ်တာရဲ့နေ့ရက်တိုင်းမှာ သခင်ယေဇူးအတွက် ငါတို့နှလုံးသားထဲမှာ နေစရာအခန်းတစ်ခန်းတော့ အမြဲတမ်း ရှိနေလိမ့်မယ်လို့ ဖေဖေ မျှော်လင့်ပါတယ်......"
မူရင်း။ ။ Juan M. Flavier ၏ "The Christmas Story" ကို ပြန်ဆိုပါတယ်။


ဝန်ခံချက်

အထက်ပါ ဆောင်းပါးကို Kap Thawn Mung ဖေ့စ်ဘွတ်စာမျက်နှာမှ ကူးယူထားခြင်း ဖြစ်ပေသည်။

No comments:

Post a Comment