အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, January 23, 2016

မာရီးယားကို ကိုးကွယ်သူ"ဟူ၍ ကက်သလစ်ဘာသာဝင်များကိုစွပ်စွဲပြောဆိုခြင်းမပြုမီ သင် လစ်လျူရှုခဲ့မိသော အကြောင်းခြင်းရာ (၅)ခု

၁။ ဘုရားသခင်က မာရီးယားအားဖြင့် ကယ်တင်ရှင်ကို စေလွှတ်ခဲ့တယ်။
(God Sent The Saviour Through Mary.)
အချိန်အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ မက်ဆီးယားကယ်တင်ရှင်ဟာ အမျိုးသမီးတစ်ဦးကနေ ဖွားမြင်ခြင်းအားဖြင့် ဒီလောကကမ္ဘာကို ရောက်ရှိလာခဲ့တယ်။ အဲဒီအမျိုးသမီးဟာ မာရီးယားပဲဖြစ်တယ်။

"သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေဇူးဟူ၍ မှည့်ခေါ်ရမည်"(ရှင်လုကာ ၁း၃၁)။

ယေဇူးခရစ်တော်ဟာ ဒီကမ္ဘာမြေကို တခြားနည်းလမ်းပေါင်းများစွာနဲ့ လာခဲ့လို့ရရက်သားနဲ့ ဘာဖြစ်လို့ မာရီးယားကိုမှ ရွေးချယ်ခဲ့တာလဲ။ မာရီးယားဟာ ယေဇူးသခင်အတွက် အဲဒီလောက်တောင်မှ အရေးပါနေရင် ကျွန်ုပ်တို့အတွက်ကော အရေးမပါဘဲ နေပါ့မလား။
၂။ ယေဇူးသခင်က သူ့ရဲ့ပထမဦးဆုံး အံ့ဖွယ်နိမိတ်လက္ခဏာကို မာရီးယားရဲ့တောင်းဆိုမှုကြောင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
(Jesus Performed His First Miracle At Mary's Request.)
"သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကို ခံကြစဉ်၊ ထိုပွဲ၌ ယေဇူး၏မယ်တော်ရှိ၏။ ယေဇူးနှင့် တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။ စပျစ်ရည် ကုန်သောအခါ ယေဇူး၏မယ်တော်က စပျစ်ရည်မရှိဟု ကြားပြော၏။ မယ်တော်ကလည်း သူစေခိုင်းသမျှ ပြုကြလော့ဟု အစေခံတို့အား ဆိုလေ၏"(ရှင်ယောဟန် ၂း၁ - ၃၊ ၅)။
တကယ်တော့ ကာနမြို့လက်ထပ်ပွဲမှာ ရေကို စပျစ်ရည်အဖြစ် ပြောင်းလဲဖို့ရန်အတွက် ခရစ်တော်ဘုရားရှင်က မာရီးယားကို မလိုအပ်ခဲ့ပါဘူး။ 
ဒါပေမယ့် ယေဇူးခရစ်တော်က မယ်တော်မာရီးယားရဲ့ကြားဝင်တောင်းလျှောက်ပေးခြင်းကို ပြသချင်လို့ မာရီးယားရဲ့တောင်းဆိုမှုကို စောင့်ဆိုင်းနေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
၃။ ယေဇူးဘုရားရှင်က လက်ဝါးကားတိုင်ပေါ်ကနေ မာရီးယားကို ရှင်ယောဟန်ထံ ပေးအပ်ခဲ့တယ်။
(Jesus Gave Mary To John From The Cross.)
"ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာ ရပ်နေသည်ကို ယေဇူးသည် မြင်တော်မူလျှင် မယ်တော်အား အချင်းမိန်းမ သင်၏သားကိုကြည့်ပါဟူ၍၄င်း၊ တပည့်တော်အားလည်း သင်၏အမိကို ကြည့်ပါဟူ၍၄င်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိ၏အိမ်၌ သိမ်းထား၏"(ရှင်ယောဟန် ၁၉း၂၆-၂၇)။
ဘာဖြစ်လို့ ယေဇူးဘုရားရှင်က ကားတိုင်ပေါ်မှာ တွဲလောင်းဆွဲချိတ်ခံနေရတုန်း ဒီစကားတွေကို ကြိုးစားပြောနေရတာလဲ။ ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိလို့ကတော့ ခရစ်တော်ဘုရားရှင်က ဒီစကားတွေကို ပြောထွက်ခဲ့မှာ မဟုတ်ပါဘူး။ ခရစ်တော်ဘုရားရှင် လုပ်ခဲ့၊ ပြောခဲ့တဲ့အရာတွေမှာ အကြောင်းခြင်းရာ တစ်စုံတစ်ရာရှိနေခဲ့တာ သိသာထင်ရှားလှပါတယ်။ ကက်သလစ်အသင်းတော်က ရှင်ယောဟန်က အသင်းတော်သူ၊ အသင်းတော်သားတစ်ဦးချင်းစီကို ကိုယ်စားပြုနေတယ်ဆိုတာရယ်၊ အဲဒီတဒင်္ဂအချိန်မှစပြီး မာရီးယားဟာ ကျွန်ုပ်တို့အားလုံးရဲ့ဝိညာဉ်ရေးမိခင်ဖြစ်လာခဲ့တယ်ဆိုတာကို အမြဲ ယုံကြည်ခဲ့တယ်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ပြောထားခဲ့တာကတော့ ထိုနေ့ရက်အချိန်ကစပြီး ရှင်ယောဟန်က ယေဇူးခရစ်တော်ရဲ့လက်ဆောင်ဖြစ်တဲ့ အမိမယ်တော်မာရီးယားကို လက်ခံရယူပြီး မိမိရဲ့အိမ်မှာ သိမ်းထားခဲ့ပါတယ် (ရှင်ယောဟန် ၁၉း၂၇)။
ကျွန်ုပ်တို့လည်း အဲဒီအတိုင်း လုပ်လိုက်ရင်မကောင်းဘူးလားခင်ဗျ။
၎။ ယေဇူးဘုရားရှင်ရဲ့ အရင်ဦးဆုံးကျေးဇူးတော်တွေဟာ မာရီးယားအားဖြင့် ပေးအပ်ခဲ့တာဖြစ်တယ်။
(Jesus' First Graces Were Given Through Mary.)
ကယ်တင်ရှင်ရဲ့မိခင်ဖြစ်ဖို့ ဘုရားသခင်ရဲ့ကမ်းလှမ်းမှုကို လက်ခံပြီးတဲ့နောက်မှာ မာရီးယားဟာ ဆွေမျိုးတစ်ဦးဖြစ်တဲ့ ဧလိရှဗက်ကို သွားရောက်လည်ပတ်ဖို့ အလျန်အမြန် ခရီးထွက်လာခဲ့ရပါတယ်။
"ထိုနှုတ်ဆက်စကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိ၏ဝမ်း၌ရှိသောသူငယ်သည် ခုန်၍ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်ရှိ၏"(ရှင်လုကာ ၁း၄၁)။
ဒီကျမ်းပိုဒ်အရ၊ ယေဇူးခရစ်တော်မမွေးဖွားခင်မှာတောင် မာရီးယားရဲ့အသံဟာ ဧလိရှဗက်ထံမှာ ကျေးဇူးတော်ရရှိဖို့ အသုံးပြုတာ ခံခဲ့ရပါတယ်။ ဧလိရှဗက်ပြောခဲ့တဲ့ သမ္မာကျမ်းစာထဲက တိုက်ရိုက်စကားလုံးကို နားထောင်ကြည့်ပါ။
"သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင် အကျွန်ုပ်၏ဝမ်းထဲ၌သူငယ်သည် ရွှင်မြူးသောစိတ်ဖြင့် ခုန်၏"(ရှင်လုကာ ၁း၄၄)။
ဧလိရှဗက်ထံမှာ ကျေးဇူးတော်စီးဆင်းဖို့ မာရီးယားရဲ့ရှိနေခြင်း၊ မာရီးယားရဲ့အသံဟာ အရေမပါပါဘူးလို့ ငြင်းပယ်ဖို့ အတော့်ကို ခဲယဉ်းပါလိမ့်မယ်။ ဒါဆို ကျေးဇူးတော်က မာရီးယားထံမှ မြစ်ဖျားခံခဲ့တာလား။ မဟုတ်ပါဘူး။ ကျေးဇူးတော်တွေဟာ ယေဇူးဘုရားရှင်ထံမှ လာတယ်ဆိုတာ သိသာထင်ရှားလွန်းနေပါတယ်။ ဒါပေမယ့် ခရစ်တော်ဘုရားရှင်က မာရီးယားကို ခရီးထွက်စေခဲ့ပြီး ကျေးဇူးတော်တွေ ရရှိဖို့ သူမရဲ့အသံကို ရွေးချယ်အသုံးပြုခဲ့တာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရစ်တော်က မယ်တော်မာရီးယားဟာ 
အရေးပါအရာရောက်တဲ့ပုဂ္ဂိုလ်ဖြစ်ကြောင်း
 ကျွန်ုပ်တို့ကို သတိရအောက်မေ့စေချင်လို့ပဲဖြစ်ပါတယ်။
၅။ ယေဇူးခရစ်တော်ဟာ ဘုရားသခင်နဲ့ လူသားများစပ်ကြားမှာ အဓိကကြားဝင်ဖြန်ဖြေပေးသူဖြစ်တယ်။
(Jesus Christ Is The Sole Mediator Between God and Man.)
ကက်သလစ်ဘာသာဝင်တွေကတော့ "ယေဇူးခရစ်တော်ဟာ ဘုရားသခင်နဲ့ လူသားများကြားမှာ အဓိက ကြားဝင်ဖြန်ဖြေပေးသူဖြစ်တယ်" ဆိုတာကို အကြွင်းမဲ့ယုံကြည်လက်ခံကြပါတယ်။
ဒါကိုလည်း ကက်သလစ်အသင်းတော်ရဲ့မြတ်သောအယူဝါဒစာအုပ်၊ နံပါတ်(၂၆၃၄)မှာ ဒီယုံကြည်ချက်ကို အတိအလင်း ဖော်ပြထားပါတယ်။ "ကြားဝင်ဆုတောင်းခြင်းသည် ယေဇူးသခင်ဆုတောင်းသကဲ့သို့ ဆုတောင်းစေသောတောင်းလျှောက်ခြင်းဖြစ်သည်။ သူသည် ဘုရားသခင်နှင့် လူအားလုံး အထူးသဖြင့် အပြစ်ရှိသူများကိုယ်စား တစ်ဦးတည်းသော ကြားဝင်တောင်းလျှောက်ပေးသူဖြစ်သည်"။
ဒီကက်သလစ်ဘာသာသွန်သင်ချက်ဟာ အောက်ပါကျမ်းပိုဒ်အားဖြင့် အထောက်အကူပြုထားပါတယ်။
"ဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏စပ်ကြားမှာ လူဖြစ်သော ယေဇူးခရစ်တော်တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏။ ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှာ ကိုယ့်ကိုယ်ကိုယ် စွန့်တော်မူပြီ" (တီမောသေသြဝါဒစာပထမစောင် ၂း၅-၆)။
ယေဇူးခရစ်တော်ဟာ ဘုရားသခင်နှင့် လူသားတွေစပ်ကြားမှာ အဓိက ကြားဝင်ဖြန်ဖြေပေးသူဖြစ်နေပေမယ့်လည်း အဲဒီအရာက မာရီးယားအပါအဝင် တခြားသောသူများရဲ့ကြားဝင်ဖြန်ဖြေဆုတောင်း
ပေးခြင်းကိုတော့ မတားဆီးပါဘူး။

အထက်ပါကျမ်းပိုဒ်ကို ရေးသားခဲ့တဲ့ ရှင်ပေါလုကိုယ်တိုင်တောင်မှ သူရဲ့စာဖတ်သူတွေကို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဆုတောင်းပေးကြဖို့ အကြိမ်ကြိမ်အခါခါ တိုက်တွန်းအားပေးခဲ့ပါတယ်(ရောမသြဝါဒစာ ၁း၉၊ သက်သာလောနိတ်သြဝါဒစာပထမစောင် ၅း၂၅၊ တီမောသေသြဝါဒစာပထမစောင် ၂း၁)။
အဲဒီလို ကြားဝင်ဆုတောင်းပေးမှုကို ကက်သလစ်အသင်းတော်ရဲ့မြတ်သောအယူဝါဒ
ကလည်း " ခရစ်တော်၏ကြားဝင်ဆုတောင်းပေးမှုမှာ ပါဝင်ခြင်း"(နံပါတ်၊ ၂၆၃၅)အဖြစ်
 
ညွှန်းဆိုခဲ့ပြီး ကျွန်ုပ်တို့အနေဖြင့်လည်း အချိန်တိုင်း တစ်ယောက်နဲ့တစ်ယောက် ဆုတောင်းပေးတဲ့နေရာမှာ ကျင့်သုံးလျက်ရှိနေကြပါတယ်။
ကျွန်ုပ်တို့အတွက် ကြားဝင်ဖြန်ဖြေဆုတောင်းပေးဖို့ မယ်တော်မာရီးယားကို ပန်ကြားလျှောက်ထားခြင်းဟာ ဘယ်လိုနည်းနဲ့မှ ယေဇူးခရစ်တော်ရဲ့ ဘုရားသခင်နဲ့လူသားများကြားမှာ လုပ်ဆောင်နေတဲ့ သူ့ရဲ့အခန်းကဏ္ဌကို ဖယ်ရှားပစ်နေ
ခြင်းမဟုတ်နိုင်ပါဘူး။
~ ဇို(တီးတိန်) ~


#5 Facts You Ignore Before 
Accusing Catholics Of "Mary Worship"
By Gary Zimak
ဝန်ခံချက်
အထက်ပါ ဆောင်းပါးကို Kap Thawn Mung ဖေ့စ်ဘွတ်စာမျက်နှာမှ ကူးယူထားခြင်း ဖြစ်ပေသည်။

No comments:

Post a Comment