အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, January 23, 2016

‪မည်သည့်အချိန်၌ ခရစ်တော် ဖွားမြင်ခဲ့ပါသနည်း။


ဇို(တီးတိန်)
မည်သည့်ခုနှစ်တွင် ခရစ်တော် ဖွားမြင်ခဲ့ပါသနည်း။

ထုံးတမ်းစဉ်လာအရ ကျင်းပနေသော ခရစ္စမတ်ပွဲတော်နေ့ရက်ဖြစ်သည့် ဒီဇင်ဘာလ(၂၅)ရက်နေ့တွင်လော။
ခရစ်တော်မွေးဖွားသည့်ခုနှစ်၊ နေ့ရက်နှင့်ပတ်သက်၍ မသေချာမရေရာမှုများ၊ သဘောထားကွဲလွဲမှုများ ရှိနေသည်ကို ယနေ့ထက်တိုင် တွေ့မြင်နေရပါသည်။ ကမ္ဘာပေါ်ရှိ ခရစ်ယာန်အများစုက ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာ(၂၅)ရက်နေ့တွင် ကျင်းပနေကြသော်လည်း ၎င်းပွဲနေ့ကို ဇန်နဝါရီလ(၆)ရက်နေ့တွင် ကျင်းပသော အရှေ့တိုင်းအသင်းတော်များလည်းရှိနေသည်ဖြစ်ရာ ထိုသို့သော ကွဲပြားခြားနားမှု၏အဓိကအကြောင်းရင်းကို သိနားလည်ထားကြဖို့ လိုအပ်ပါသည်။
ခရစ္စမတ်၏မူလအစ
ခရစ်ယာန်တို့အနေဖြင့် ခရစ္စမတ်ပွဲတော်ကို စတင်ကျင်းပလာခဲ့သည်မှာ
 အေဒီ(၄)ရာစုတွင်မှ ဖြစ်သည်။ အေဒီ(၃၈၉)ခုနှစ်၌ ဗင်လင်တီနီယားနပ်စ်(Valentinianus)မှ ထုတ်ဝေဖြန့်ချိသော အားလပ်ရက်စာစုစာရင်းထဲတွင် တနင်္ဂနွေနေ့များနှင့် အီစတာပွဲနေ့များသာ ဖော်ပြထားသည်။ သို့ဖြစ်ရာ၊ ထိုအချိန်တွင် ခရစ္စမတ်ပွဲတော်ကို မကျင်းပရသေးကြောင်း ထင်ရှားလှပေသည်။ ခရစ်ယာန်တို့အနေဖြင့် ခရစ္စမတ်ပွဲတော် စတင်ကျင်းပဖို့ အချိန်တွေ အများကြီး ယူနေရသည်ကို အထူးအဆန်းသဖွယ် တွေ့မြင်နိုင်ပါသည်။ ဤအတွက် အကြောင်းခြင်းရာ နှစ်ခုလည်းရှိနေပေသည်။
အစပထမတွင် အသင်းတော်သည် ခရစ်တော်၏မွေးနေ့ပွဲတော်ကို သူ၏ဒုက္ခခံထမ်းခြင်း၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းလောက် အရေးမထားခဲ့ပေ။ အသင်းတော်သည် ခရစ်တော်၏ဒုက္ခခံထမ်းခြင်း၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ော်မူခြင်းကို ပို၍အလေးထားခဲ့ကြောင်း တပည့်တော်ကြီးတို့၏ ဆင့်ကဲဆင့်ကဲဟောပြောခြင်းများ၌လည်း ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ အစောဆုံးဓမ္မသစ်ကျမ်းစာအုပ်ကလည်း ထိုအရာကို မီးမောင်းထိုးပြခဲ့ပြီးဖြစ်ပါသည်။ ပထမဦးဆုံး ဧဝံဂေလိကျမ်းစာဖြစ်သော ရှင်မာကုကျမ်းသည်ပင် ခရစ်တော်၏
ဗတ္တိဇံခံခြင်းနှင့် ဗတ္တိဇံဆရာယောဟန်၏ဟောပြောခြင်းကဲ့သို့သော အဖြစ်အပျက်များဖြင့် အစပြုထားလေသည်။ သို့ရာတွင်၊ ခရစ်တော်၏ဝှက်ကွယ်သောအသက်တာနှင့် မွေးဖွားခြင်းကို မဖော်ပြပေ။ နောက်ပိုင်းတွင် ပီပီပြင်ပြင်ဖြစ်လာသော ရှင်မဿဲကျမ်းနှင့် ရှင်လုကာကျမ်းများ၌သာ ခရစ်တော်၏မွေးဖွားခြင်းကို ဖော်ပြထားသည်။ ထိုမွေးဖွားခြင်းဖြစ်စဉ်ကိုပင်
 
အခန်းကြီးလေးခု၌သာ အလွယ်တကူ ဖော်ပြထားသည်။ ထိုအရာ၌ ဆက်လက်ဖြည့်စွက်မည်ဆိုပါက ဤအချက်အလက်၌ပင် မြောက်များစွာသော ကွဲပြားခြားနားမှုများ ရှိနေပေသေးသည်။ ဤကဲ့သို့ ကွဲပြားခြားနားရခြင်း၏အကြောင်းရင်းတရားခံမှာ ၎င်းတို့၏ဓမ္မရေးရာဦးစားပေးမှု ကွဲပြားခြားနားသောကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်တို့အတွက် ခရစ္စမတ်ပွဲတော်ကျင်းပရခြင်း၏ အခြေခံမူမှာ ၎င်းဧဝံဂေလိကျမ်းစာနှစ်စောင်ထဲမှ ခရစ်တော်၏ငယ်ဘဝဖြစ်စဉ်ပြောပြထားချက်များသည် အခရာဖြစ်ပါသည်။
ရှင်ပေါလုပေးစာများကလည်း ခရစ်တော်၏မွေးဖွားခြင်းအကြောင်းကို မဖော်ပြပေ။ ဤကဲ့သို့ ခရစ္စမတ်ပွဲတော်ရက်များကို အချိန်ဆွဲပြီး နောက်ကျမှ စတင်ကျင်းပလာရခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ ကနဦးအသင်းတော်၌ ဆိုးရွားပြင်းထန်လှသော ညှဉ်းပန်းနှိပ်စက်မှုကြောင့်လည်း ဖြစ်နိုင်ပါသည်ဟု ယုတ္တိဆန်ဆန် ကောက်ချက်ဆွဲနိုင်ပါသည်။ ရောမအင်ပါယာအတွင်း၌ နေဘုရား၏ပွဲနေ့(Sol Invictus)ကို အီကွေတာနှင့်နေ အဝေးဆုံးဖြစ်နေသည့် ဆောင်းရာသီတွင် ကျင်းပကြသည်။ ထိုပွဲကို ဒီဇင်ဘာ(၂၅)ရက်နေ့တွင် ကျရောက်လေသည်။ ၎င်းပွဲနေ့ကို ခရစ္စမတ်ပွဲတော်က အစားထိုးကျင်းပလိုက်သည်ဟု အများက ယူဆနေကြသည်။ ထိုနေ့ရက်တွင် တရားမျှတခြင်းနေမင်းဖြစ်သော ခရစ်တော်၏မွေးနေ့ပွဲတော်ကို ကျင်းပမည်ဆိုပါက အသင့်လျော်ဆုံဖြစ်ပေမည်။ ထိုအကြောင်းကြောင့်ပင် အသင်းတော်သည် ပထမရာစုမှစ၍ တိုင်းနိုင်ငံတစ်ခုချင်းနှင့် ခေတ်ကာလတို့၏ ဓလေ့ထုံးတမ်းစဉ်လာ၊ ရိုးရာယဉ်ကျေးမှုတို့ကိုလိုက်၍ ခရစ်ယာန်တို့၏ ဓလေ့ထုံးတမ်းစဉ်လာ၊ စည်းမျဉ်းစည်းကမ်းများနှင့် တစ်သားတည်းကျအောင် ကြိုးပမ်းနေခဲ့ကြခြင်းဖြစ်ပါလိမ့်မည်။ ယနေ့အချိန်အခါသမယတွင်လည်း ယင်းကဲ့သို့သော "ဒေသမှုပြုခြင်း"လိုအပ်ချက်များ ရှိနေသည်ကို မမေ့လျော့သင့်ပေ။ဒီဇင်ဘာ(၂၅)ရက်နေ့ကို ခရစ္စမတ်ရက်နေ့အဖြစ် အဘယ်ကဲ့သို့ လက်ခံခဲ့ကြသည်ကို ညွှန်းဆိုပြသောအငြင်းပွားမှုများသည်လည်း များစွာ ရှိနေလေသည်။ သမိုင်းသုတေသီတစ်ဦးဖြစ်သူ ယူဆီးနား(Usener)၏ ထင်မြင်ယူဆချက်အရ မူလအားဖြင့် အေဒီ ၃၅၂-၃၅၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး လီဘေးရီးအုတ်စ် (Pope Liberius)မှ ခရစ္စမတ်ရက်နေ့ကို ဒီဇင်ဘာ(၂၅)ရက်နေ့အဖြစ် ပြောင်းလဲခြင်းမပြုမီအထိတိုင် ဇန်နဝါရီလ(၆)ရက်နေ့တွင် ခရစ္စမတ်ပွဲတော်ကို ကျင်းပလျက်ရှိကြပါသည်။ ထိုနှစ်တွင်ပင် ပုပ်ရဟန်းမင်းကြီးမှ ဇန်နဝါရီလ(၆)ရက်နေ့ကို မင်းသုံးပါးပွဲနေ့အဖြစ် သတ်မှတ်ပြဌာန်းလိုက်သည်။ ဤကဲ့သို့ စီမံပြုပြင်ပြောင်းလဲမှုသည်ပင် ရောမမြို့မှတဆင့် အရှေ့တိုင်းနိုင်ငံများသို့ တဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့လေသည်။ အခြားသမိုင်းပညာရှင်တစ်ဦးဖြစ်သူ ဒူးချဲနီ(Duchesne)ကမူ အစကနဦးကပင် အနောက်တိုင်းအသင်းတော်သည် ခရစ္စမတ်ပွဲကို ဒီဇင်ဘာ(၂၅)ရက်နေ့တွင်လည်းကောင်း၊ အရှေ့တိုင်းအသင်းတော်သည် ဇန်နဝါရီလ(၆)ရက်နေ့တွင်လည်းကောင်း အသီးသီး ကျင်းပကြသည်ဟု ဆိုပါသည်။ အချိန်ကြာညောင်းလာသည်နှင့်အမျှ အရှေ့တိုင်းအသင်းတော်အများစုက အနောက်တိုင်းအသင်းတော်အသုံးပြုသည့်နေ့ရက်ကိုသာ တဖြည်းဖြည်း ပြန်လည်အသုံးပြုလာကြခြင်းဖြစ်သည်။
ကျွန်ုပ်တို့အနေဖြင့် ဤအငြင်းပွားမှုနှစ်ခုကို အပြည့်အဝလည်းလက်မခံနိုင်၊ လုံးလုံးငြင်းပယ်ဖို့ရန်မှာလည်း မဖြစ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ၊ ခရစ်တော်၏မွေးဖွားခြင်းနေ့ရက်နှင့်ပတ်သက်၍ ကနဦးအသင်းတော်၌ တူညီသောသဘောထား
ခံယူချက်မရှိသည်မှာ ထင်ရှားလှပေသည်။
ရှင်လုကာ ၂း၈ တွင်"ခရစ်တော်မွေးဖွားစဉ်တွင် သိုးထိန်းတို့သည် လယ်ကွင်းများ၌ မိမိတို့၏သိုးစုများကို ထိန်းကျောင်းလျက်ရှိနေကြသည်"ဟု ဆိုထားပါသည်။
ပါလက်စတိုင်းပြည်တွင် သိုးများကိုကျောင်းဖို့ အကောင်းဆုံးအချိန်မှာ ဖေဖော်ဝါရီလနှင့် မတ်လတွင်ဖြစ်ပါသည်။ တစ်ချို့က ထိုအချိန်တွင် ခရစ်တော်ဖွားမြင်သည်ဟု တွေးထင်ခဲ့ကြပါ
သည်။ မတ်လ(၂၅)ရက်နေ့တွင် ခရစ္စမတ်ပွဲကို ကျင်းပသော တစ်ချို့ခရစ်ယာန်အသင်းတော်များလည်း ရှိနေပါသေးသည်။
~ ခရစ်တော်မွေးဖွားသည့်ခုနှစ်
သမိုင်းဆိုင်ရာအထောက်အထားများနှင့် ဧဝံဂေလိကျမ်းစာများ၏အလင်းပြမှုဖြင့် ခရစ်တော်မွေးဖွားသည့် ခုနှစ်၊သက္ကရာဇ်ကို တွက်ချက်နိုင်ဖွယ်ရာရှိပါသည်။ ဧဝံဂေလိဆရာများကတော့ မဟာဟေရုဒ်အုပ်စိုးချိန်၌ ခရစ်တော်ဖွားမြင်သည်ဟု ဆိုကြပါသည်။ ဟေရုဒ်စိုးစံနှစ်မှာ ဘီစီ ၃၇ မှ ၄ ဘီစီအထိ ကြာညောင်းခဲ့သည်။ အဆိုပါ ဟေရုဒ်မင်း၏ရန်ကို ကြောက်ရွံ့ကြခြင်းကြောင့်ပင်လျှင် မာရိနှင့်ယောသပ်တို့မှာ အီဂျစ်ပြည်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ရလေသည်(ရှင်မဿဲ ၂း၁၊ ၂း၁၅-၁၉၊ ရှင်လုကာ ၁း၅)။ ဟေရုဒ်မှာမူ ဘီစီ ၄ ရာစု၊ ဧပြီ(၁)ရက်နေ့တွင် အနိစ္စရောက်သည်ဟု ဂျူးသမိုင်းပညာရှင် ဂျိုးဇက်ဖတ်စ်(Josephus)က ဆိုထားလေသည်။ ရှင်လုကာကမူ သူ၏ဧဝံဂေလိကျမ်းစာ၌ သြဂုတ်စတပ်စ်ဆီဇာ(Augustus Caesar)၏ အမိန့်အာဏာဖြင့် သန်းခေါင်စာရင်းကောက်နေသည့်အချိန်တွင် ခရစ်တော်ဖွားမြင်သည်ဟု ဆိုပါသည်(ရှင်လုကာ ၂း၁-၂)။ သြဂုတ်စတပ်စ်ဆီဇာမှာ ရောမအင်ပါယာကြီးကို ဘီစီ ၃၀မှ အေဒီ ၁၄ တိုင် မင်းလုပ်အုပ်ချုပ်တော်မူခဲ့ပါသည်။ အခြားဖော်ပြချက်တစ်ရပ်မှာမူ ပထမသန်းခေါင်စာ
ရင်းကို ကွီရီးနီးအူးပ်စ်(Quirinius)က သူ ဆေးရီးယားပြည်၏ မြို့ဝန်ဖြစ်စဉ်တွင် ကောက်ယူခဲ့သည်ဟု ဆိုသည်(ရှင်လုကာ ၂း၂)။ မည်သို့ပင်ဖြစ်စေ၊ ကွီရီးနီးအူးပ်စ်မှာ သန်းခေါင်စာရင်းကို နှစ်ကြိမ်တိုင်တိုင် ကောက်ခံခဲ့ရသည်ဆိုခြင်းပင်။ ဧဝံဂေလိကျမ်းပြုပုဂ္ဂိုလ်ရှင်လုကာကမူ ဘီစီ ၇ နှင့် ၆ အကြားတွင် ကောက်ခံသော ပထမသန်းခေါင်စာရင်းကို ကိုးကားထောက်ပြခဲ့ခြင်းဖြစ်သည်။ ဤအထောက်အထားများအားဖြင့် ကျမ်းပညာရှင်များက ခရစ်တော်မှာ ဘီစီ ၇ နှင့် ၆ ရာစုကြားတွင် ဖွားမြင်သည်ဟုလည်း အခိုင်အမာ ထောက်ပြခဲ့ကြသည်။
ခရစ်တော်ဖွားမြင်ခဲ့သည်မှာ အေဒီနှင့်ဘီစီကို ခွဲခြမ်းစိတ်ဖြာသည့် ကာလအပိုင်းအခြားတစ်ခု၊ အချိန်ကာလတစ်ခုအတွင်း၌ မဟုတ်ပေ။ အေဒီ ၆ ရာစုရောက်မှသာလျှင် ကျမ်းပညာရှင် ဒိုင်အိုနီးစီးအုပ်စ်အက်စီဂျီးအုပ်စ်(Dionysius Exiguus)မှ အေဒီနှင့်ဘီစီသမိုင်းကြောင်းကွဲပြားမှုကို တွက်ချက်ပြခြင်းဖြစ်ပါသည်။ ခရစ်တော်ဖွားမြင်သည့်နေ့ရက်နှင့်ပတ်သက်၍ အမျိုးမျိုးအကွဲကွဲဖြစ်နေမှုမှာ ဤကျမ်းပညာရှင်၏ တွက်ချက်မှုအမှားကြောင့်သာဖြစ်ပါသည်။ တကယ်တွင်မူ၊ ၆ နှစ်၊ ၇ နှစ်စော၍ ခရစ်ယာန်တို့ခေတ်စတင်ခြင်းကို တွက်ချက်ညှိနှိုင်းသင့်လှပေသည်။ တိုင်းဘေရီးအုပ်စ်ဆီဇာ(Tiberius Caesar)အုပ်စိုးသည့် ၁၅ နှစ်မြောက်ကာလတွင် ခရစ်တော်သည် သက်တော်အားဖြင့် (၃၀)ရှိပြီဖြစ်ကြောင်း ရှင်လုကာမှ ပြောဆိုထားပါသည်(ရှင်လုကာ ၃း၁-၂၃)။ ဒိုင်အိုနီးစီးအုပ်စ်အက်စီဂျီးအုပ်စ်မှ ဤအသက်(၃၀)နှစ်ဆိုသည်ကို အတိအကျယူကာ ခရစ်တော်သခင်၏နှစ်ကို တွက်ပြခဲ့ခြင်းဖြစ်သည်။
လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အသက်(၃၀)နှစ်ပြည့်မှသာလျှင် ဘုရားရှင်၏အမှုတော်မြတ်ကို ဆောင်ရွက်ရန် ထိုက်တန်သူဖြစ်လာရသည်မဟုတ်ပါလော(တောလည်ရာကျမ်း ၄း၃၊ ဓမ္မရာဇဝင်ဒုတိယစောင် ၅း၎၊ ယေဇကျေလအနာဂတ္တိကျမ်း ၁း၁)။ ဤထုံးတမ်းစဉ်လာအရ ခရစ်တော်မှာ သက်တော်(၃၀)ဝန်းကျင်ရှိသည်ဟု ဖော်ပြ
ခဲ့ခြင်းဖြစ်ပေလိမ့်မည်။ သို့ရာတွင်၊ ရှင်လုကာက ခရစ်တော်မှာ သက်တော်(၃၀)နှစ်ဟူ၍တော့ အတိအကျမဆို၊ သက်တော်(၃၀)လောက်ရှိမည်ဟုသာ ဆိုခဲ့ပါသည်။ တိုင်ဘေရီးအုပ်စ်ဆီဇာ၏ နန်းစံအုပ်ချုပ်မှုမှာ အေဒီ ၂၄ ရာစုတွင်မှဖြစ်ပါသည်။ သူ၏အုပ်ချုပ်မှု (၁၅)နှစ်မြောက်ကာလမှာတော့ ခရစ်တော်မှာ သက်တော် (၃၀)ကျော်ရှိနေပေလိမ့်မည်။
နိဂုံး
ခရစ်တော်သည် မည်သည့်အချိန်တွင် ဖွားမြင်ခဲ့သည်ကို အတိအကျ မသိရှိရပေ။ ထိုအရာသည်လည်း ကျွန်ုပ်တို့၏ယုံကြည်ချက်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုတော့လည်းမဟုတ်ပေ။ နေဘုရား၏ပွဲနေ့ဖြစ်သော ဒီဇင်ဘာ(၂၅)ရက်နေ့တွင် ခရစ်တော်၏မွေးနေ့ပွဲတော်ကို ကျင်းပရခြင်းမှာ အသင့်လျော်ဆုံးဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပါချေ။ အဘယ်ကြောင့်ဆိုသော်၊ ခရစ္စမတ်ဟူသည် အလင်းတော်၏ပွဲတော်မြတ်ဖြစ်နေသောကြောင့်ပင်ဖြစ်ပါသည်။ ရှင်ယောဟန်က ခရစ်တော်၏လူ့အဖြစ်ယူခြင်းကို အလင်းတော်ဖွားမြင်ရာအဖြစ် ပုံဖော်ပြခဲ့ပါသည်။ ခရစ်တော်က သူတို့အား "ငါသည် လောက၏အလင်းဖြစ်၏။ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ။ အသက်၏အလင်းကို ရလိမ့်မည်"(ရှင်ယောဟန် ၈း၁၂)ဟူ၍ မိန့်ဆိုထားခဲ့ပါသည်။ ထို့အပြင် ရှင်ပေါလုကလည်း "ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍ နေ့အချိန်ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့"(ရောမသြဝါဒစာ ၁၃း၁၃)ဟူ၍ တိုက်တွန်းထားပါသေးသည်။
ခရစ္စမတ်ပွဲတော်နေ့၌ ကျွန်ုပ်တို့ အောက်မေ့သတိရကျင်းပနေကြသည်က ဘုရားရှင်၏ အနန္တမေတ္တာတော်ပငါဖြစ်ပါ၏။ ဘုရားရှင်၏လူ့အဖြစ်ယူခြင်းသည်လည်း ဟိုး လွန်ခဲ့သောအချိန်တုန်းက တစ်ကြိမ်တစ်ခါတည်း အပြီးအပိုင် ဖြစ်ပျက်ခဲ့သည့်အရာလည်း မဟုတ်ပေ။ အသစ်သောနေ့ရက်တိုင်း နေ့ရက်တိုင်း၌ ကျွန်ုပ်တို့အထဲတွင် ခရစ်တော်ဘုရားရှင် အသစ်တစ်ဖန် မွေးဖွားနေရပါမည်။ သို့မှသာလျှင် ခရစ္စမတ်ပွဲတော်ကျင်းပရခြင်းသည်လည်း အနှစ်သာရလည်းရှိ၊ အဓိပ္ပာယ်လည်း ပို၍ရှိလာမည်ဖြစ်ပါသည်။ ဤအတွက် ဘုရားရှင်က 
သူ့မွေးတော်နေ့ရက်နှင့်ပတ်သက်၍ တိကျသောပြဌာန်းချက်၊ ဖြေရှင်းချက်မျိုး
 
မပေးခဲ့တာလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။
"ဗက်သလင်ဟင်မြို့မှာ ခရစ်တော်ဟာ အကြိမ်ပေါင်း ထောင်သောင်းမက မွေးဖွားချင် မွေးဖွားနေခဲ့ပေလိမ့်မယ်။ ဒါပေမဲ့ သူဟာ ကျွန်တော့်အထဲမှာ မမွေးဖွားခဲ့ဘူးဆိုရင်တော့ သူ့ရဲ့ဖွားမြင်ခြင်းက ကျွန်တော့်အတွက် အဓိပ္ပာယ်မရှိဘူး"ဟူ၍ အလက်ဇင်းန္ဒြားပုပ်က ဆိုခဲ့ဖူးပါသည်လေ။ ။
မူရင်း။ ။ Dr.Paul Kariamadam ၏ "When Was Christ Born?" ကို ပြန်ဆိုခြင်းသာ။
(အလင်းအိမ်မဂ္ဂဇင်း၊ အတွဲ(၁၂)၊ အမှတ်(၄) )
ဝန်ခံချက်
အထက်ပါ ဆောင်းပါးကို Kap Thawn Mung ဖေ့စ်ဘွတ်စာမျက်နှာမှ ကူးယူထားခြင်း ဖြစ်ပေသည်။
https://www.facebook.com/mungmung.thawn/posts/949635505089639


No comments:

Post a Comment