အမုန်းတစ်စက်ကြောင့် ဆိတ်ဆိတ်ခံရ
အချစ်ကို မမွေးဘဲ ဓါးသာသွေးလို့
သဘာဝကိုမေ့ အမုန်းတွေ စိုက်ပျိုး
တူရိယာသံထက် သေနတ်သံကြိုက်တော့
‘’အချစ်’’ ဘယ်မှာ မွေးပါတော့မည်နည်း။
အတ္တကိုစွဲ အမုန်းရင်ဝယ်ပိုက်လို့
လောဘစိတ်တွေ တမြိုက်မြိုက်လောင်
နူးညံ့စိတ်များဖယ်ခွာထားတော့
ဆူပူမှုတွေ နှစ်ခြိုက်နေတော့
‘’မေတ္တာ’’ ဘယ်မှာ မွေးနိုင်ပါမည်နည်း။
ငါ့အတွက်၊
ငါ့အတွက် အို ငါဆိုတဲ့ ငါ့အတွက်
တယူသန်၊ တဇွတ်ထိုး နေချင်မှတော့
အဘယ်သူ့ကို ငါဂရုစိုက်ရမှာလဲ
ဒေါသမီးတွေ တခြစ်ခြစ်လောင်ကျွမ်း။
‘’အေးချမ်းမှု’’ ဘယ်မှာ
မွေးနိုင်ပါမည်နည်း။
ကြယ်စင်အလှကို
အမှုမဲ့ထား
အေးချမ်းလရောင်ကို စိတ်မ၀င်စား
မာကျောစိတ်ဓါတ် နှလုံးထဲစီးဆင်း
ဆိုးညစ်အတွေးတွေ စိမ့်ဝင်မှတော့
‘’နှလုံးလှ’’ ဘယ်မှာ မွေးနိုင်ပါမည်နည်း။
စိတ်ရဲ့စေရာနောက်
တကောက်ကောက်လိုက်
ဘုရားကိုမေ့ တရားကိုစွန့်
နတ်ဘုရားကိုယုံ ဘုရားမျိုးစုံယုံ
ဗေဒင်ပညာ ကိုးစားမှတော့
‘’ခရစ်တော်’’ ဘယ်မှာ မွေးပါမည်နည်း။
အတွေးတွေထဲမှာပဲ
တ၀ဲဝဲလည်
တရားမဆုပ် လောဘကိုဆုပ်
တရားကိုမမွေး လောဘကိုမွေး
စိတ်ပါရာနောက် တကောက်ကောက်လိုက်တော့
‘’အသိဥာဏ်’’ ဘယ်မှာ မွေးပါမည်နည်း။
No comments:
Post a Comment