အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Thursday, November 26, 2020

#ပါစကားဖယောင်းတိုင်အကြောင်း


ပါစကားဖယောင်းတိုင် Paschal candle ကို Easter candle (သို့) Christ's candle ဟုလည်းခေါ်သည်။  သေခြင်းကို အနိုင်ယူလျက် ရှင်ပြန်ထမြောက် တော်မူသော ခရစ်တော်ယေဇူးကို ကိုယ်စားပြုသည်။ 

ဖယောင်းတိုင်ပေါ်တွင်ရေးဆွဲထားသည့် ခရစ္စတူးတိုင်အားဖြင့် ထိုဖယောင်းတိုင်သည် ပါစကားဖယောင်းတိုင်ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ 
Greek စာလုံးနှစ်လုံးဖြစ်သော အာဖာနှင့် အိုမီကာ တို့အားဖြင့် ခရစ်တော်သခင်သာလျင် အရာခပ်သိမ်းတို့၏ အစ၊ အဆုံးဖြစ်ကြောင်းကို ဖော်ပြလျက်ရှိသည်။ 
ဖယောင်းတိုင်ပေါ်တွင် လက်ရှိသက္ကရာဇ် ခုနှစ်(current year) ကို ရေးထိုးထားရခြင်း အားဖြင့် ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့နှင့် အတူ အမြဲတည်ရှိတော်မူကြောင်းကို  ဖော်ပြပေးလျက် ရှိပေသည်။ 
Five grains of incense အားဖြင့် ခရစ်တော် သခင်၏ ဒဏ်ရာတော်ငါးချက်ကို သဏ္ဌာန် ဆောင်လျက်ရှိပါသည်။

ပါစကားအဖိတ်ည ပါစကားဖယောင်းတိုင် ဖန်ဆင်းသည့်အချိန်၌ အခြားမီးများအားလုံးကို ငြိမ်းထားရပြီး ထိုမှောင်မိုက်ခြင်းအားဖြင့် ခရစ်တော်နှင့် ကင်းကွာနေသော အမှောင်ကမ္ဘာ လောကကို ကိုယ်စားပြုလျက်ရှိသည်။ ခရစ် တော်၏ ကြွလာခြင်းအားဖြင့် လောကသားများ အားလုံး အလင်းပြန်မြင်ရသည့် အကြောင်းကို ပါစကားဖယောင်းတိုင်၏ အလင်းအားဖြင့် ညွှန်းဆို သက်သေပြုလျက်ရှိပေသည်။ 

ပါစကားဖယောင်းတိုင်ကို ပါစကားအဖိတ်ညမှ ခရစ်တော် ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွ တော်မူသည့်ပွဲနေ့ (Ascension day) ဧဝံဂေလိ ကျမ်း ဖတ်ရှုပြီးသည့် တိုင်အောင် ထွန်းညှိထား နိုင်သည်။ Ascension နေ့တွင် ပါစကား ဖယောင်းတိုင်ကိုသိမ်းဆည်းထားရခြင်းမှာ ခရစ်တော်သခင်သည် ကောင်းကင်ဘုံသို့ ပြန်လည် တက်ကြွတော်မူသည့် အကြောင်းကို ဖော်ပြရန်အတွက်ဖြစ်ပြီး၊ ထိုပါစကား ဖယောင်း တိုင်မှ ကူးယူ ထွန်းညှိထားသော ဖယောင်းတိုင် ငယ်လေးများအား ဆက်လက် ထွန်းညှိထားခြင်း အားဖြင့် ခရစ်တော်ရှင်သည် ကျွန်ုပ်တို့ နှင့်အတူ အမြဲ တည်ရှိတော်မူကြောင်းကို ဖော်ပြပါသည်။ 

Paschal ကာလတစ်လျှောက်လုံးတွင် ထိုပါစကားဖယောင်းတိုင်ကို မစ္ဆားတရား တော်မြတ်ပူဇော်ရာ ယဇ်ပလ္လင်ဘေးတွင် ထားရှိရမည်ဖြစ်ပြီး Paschal ကာလပြီးဆုံးပြီး နောက်ပိုင်းတွင် ထိုဖယောင်းတိုင်ကို ဆေးကြော ခြင်း စက္ကရမင်းတူးပေးရာ နေရာ(Baptismal font) အနီးတွင်လည်းကောင်း၊ အခြားလုံခြုံသည့် နေရာများတွင် လည်းကောင်း သိမ်းဆည်းထား နိုင်ပါသည်။ 

Paschal ဖယောင်းတိုင်ကို ဆေးကြောခြင်း စက္ကရမင်းတူးပေးအပ်ခြင်း အခမ်းအနားများနှင့် စျာပန မစ္ဆားတရားတော်မြတ်တိုင်းတွင် ပြန်လည် ထွန်းညှိအသုံးပြုရသည်။ ခရစ်တော်သခင် သာလျင် ကျွန်ုပ်တို့၏အစ ကျွန်ုပ်တို့၏အဆုံး ဖြစ်ကြောင်းကို ဖော်ပြသည်။ ကျွန်ုပ်တို့ သည် ခရစ်တော်၌ လောကအသက် ကုန်ဆုံးခဲ့ကြသည့် နည်းတူ ထာဝရအသက်ရှင်ခြင်းအတွက်လည်း ကိုယ်တော်ရှင် နှင့်အတူ ရှင်ပြန်ထမြောက်ကြ မည်ဖြစ်ကြောင်းမီးမောင်းထိုးပြပေးလျက်ရှိသည်။ 
ဆေးကြောခြင်းစက္ကရမင်းတူးပေးခြင်းအခမ်းအနားများတွင် ထွန်းညှိထားသော ပါစကား ဖယောင်းတိုင်သည် သန့်ရှင်းသောဝိညာဉ်တော် ဘုရားကိုလည်း ကိုယ်စားပြုသည်။ ခရစ်တော်၌ ယုံကြည် သူများအားလုံး သန့်ရှင်းသောဝိညာဉ် တော်မြတ်အားဖြင့် ဆေးကြောခြင်း စက္ကရမင်း တူးကို ခံယူကြရခြင်းကြောင့်ဖြစ်သည်။

ပါးစကားဖယောင်းတိုင်မီးမှ ကူးယူထွန်းညှိထား သော ဖယောင်းတိုင်ငယ်အား ဆေးကြောခြင်း စက္ကရမင်းတူး ခံယူသူ(သို့) ခေါင်းကိုင်မိဘတို့အား ကိုင်စေခြင်းမှာ ထိုသူတို့အနေဖြင့် လောက အလင်းရှင်ဖြစ်တော်မူသော သခင်ယေဇူး၏ ကယ်တင်ခြင်းအလင်း၊ သတင်းကောင်းကို မိမိနှင့် နီးစပ်သူတို့အား ပြန်လည်သက်သေခံ ကြရန် တာဝန်ပေးအပ်သည့် သဘောပင်ဖြစ် သည်။ 

ရဟန်းသိက်ခါခံယူမည့် ဦးပဉ္ဇင်းကြီးများ၊ တစ်သက်သစ္စာ ပြုကြမည့် ရဟန်း၊ ကိုရင်၊ သီလရှင်များ၊ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းတူး ခံယူကြမည့် စုံတွဲများ၊ ခရစ္စမား အားပေးခြင်း စက္ကရမင်းတူး ခံယူမည့်သူများ၊ ပထမကိုယ်တော်မြတ် လက်ခံရရှိကြမည့်သူများ အား စက္ကရမင်းတူး မခံယူမှီ ထွန်းညှိထားသည့် ဖယောင်းတိုင်များကိုင်စေခြင်းမှာလည်း အထက်ပါ သဘောတရား အတိုင်းပင်ဖြစ်သည်။
စက္ကရမင်းတူးခံယူကြမည့်သူများအနေဖြင့် အလင်းသခင် ခရစ်တော်ရှင်ကို သက်သေခံရန် အဆင့်သင့်ရှိနေကြပြီဖြစ်ကြောင်း ဝန်ခံသက် သေခံနေကြခြင်းသဘောလည်း သက်ရောက် ပေသည်။ 

စျာပန မစ္ဆားတရားတော်မြတ် အခမ်းအနားများ၌ ကွယ်လွန်သူ၏ ရုပ်ကလပ်အနီးတွင် ပါစကား ဖယောင်းတိုင်ကို ထွန်းညှိထားခြင်းအားဖြင့် ဆေးကြောခြင်း စက္ကရမင်းတူး ခံယူချိန်၌ ကျွန်ုပ်တို့ ပြုခဲ့သည့် ကတိသစ္စာများကို ပြန်လည် သတိပေးနေခြင်းဖြစ်ပြီး၊ ခရစ်တော်သခင်၏ ဒုက္ခခံတော်မူခြင်း၊ အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းတို့ဖြင့် ရွေးယူ ခဲ့သော ထာဝရအသက်ရှင်ခြင်းကို အမြဲသတိရ ယုံကြည်လာစေရန် ပြန်လည်သတိပေးနေခြင်း ပင်ဖြစ်သည်။ 

ဖယောင်းတိုင်ဖြင့်ညန်းပြသောသင်္ကေတများ
ဖယောင်းတိုင်မှ ဖြာထွက်လာသော အလင်း ရောင်သည် သန့်ရှင်းမြင့်မြတ်ခြင်း၊ ဖြူစင်ခြင်းကို ကိုယ်စားပြုပါသည်။ အလင်းရောင်၌ အမှောင်ထု ကို ဖြိုခွင်းနိုင်စွမ်းရှိခြင်း၊ ဇီဝအသက်ကို တိုးပွား စေနိုင်စွမ်းရှိခြင်းတို့ကြောင့် ထာဝအသက်သခင် ဖြစ်တော်မူလျက် လောကသားတို့၏ ကယ်တင် ရှင်ဖြစ်တော် မူသော အလင်းသခင်၊ ခရစ်တော် ယေဇူးကို အလင်းနှင့်ပုံပြ ခိုင်းနှိုင်းကြခြင်း ဖြစ်သည်။ ခရစ်တော်သခင် ကိုယ်တော်တိုင်ပင် မိမိကိုယ်ကို လောကအလင်းရှင်ဖြစ်ကြောင်း သက်သေခံ ခဲ့ပေသည်။ ( John 8: 12) ထို့ကြောင့် ခရစ်တော်သခင်နှင့်အတူ သူ၏ ကယ်တင်ခြင်း လုပ်ငန်များကိုလည်း အလင်းဖြင့် ကိုယ်စားပြု ဖော်ပြလေ့ရှိကြခြင်းဖြစ်သည်။ ကိုယ်တော်ရှင်သည် အပြစ်၏ အမှောင်ထု လွှမ်းမိုးမှုအောက်၌ ရှိနေကြသော အပြစ်သား များကို ကယ်တင်ခြင်း အလင်းသို့ လမ်းပြပို့ ဆောင်ပေးခဲ့သည်။ Lk.1:79 / Mt.4: 16. 

ဖယောင်းသားသည် အပြစ်၏ အစွန်းအကွက် များနှင့် ကင်းသော ခရစ်တော်သခင်၏ ခန္ဓာတော် ကို ကိုယ်စားပြုသည်။
ဖယောင်းတိုင် မီးစာသည် ကိုယ်တော်ရှင်၏ ဝိညာဉ်ကို ကိုယ်စားပြုသည်။
ဖယောင်းမီးတောက်အားဖြင့် ယေဇူးသခင်၏ ဘုရားဇာတိအဖြစ်ကို ကိုယ်စားပြုလျက်ရှိပေ သည်။

ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားများတွင် ထွန်းညှိပူဇော်ရန်အတွက် ဖယောင်းတိုင်များကို ပြုလုပ်ရာတွင် ပျားဖယောင်းကိုသာ အဓိက အသုံးပြုရန် အသင်းတော်မှ သတ်မှတ်ပေး ထားပါသည်။ အထူးသဖြင့် ပါစကားဖယောင်း တိုင်များ ပြုလုပ်ရာတွင် ပျားဖယောင်းကို အနည်း ဆုံး ၁၅% ထည့်သွင်း အသုံးပြုရန် သတ်မှတ်ထား သည်။ ( Decree of the congregation of Rites.14 Dec, 1904).  

ထို့ကြောင့် ကျွန်ုပ်တို့၏ ဝတ်ပြုဆုတောင်းခြင်း အခမ်းအနားများတွင် အသုံးပြုရသော ဖယောင်း တိုင်တို့သည် ကယ်တင်ရှင် ခရစ်တော်သခင် ကိုယ်တိုင် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူကြောင်း ကိုယ်စားပြုလျက်ရှိပြီး ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းအလင်းသည် ကျွန်ုပ်တို့တစ်ဦးစီ အား လမ်းပြဦးဆောင်ပေးလျက်ရှိကြောင်း ဖော်ပြလျက်ရှိပေသည်။

ဖယောင်းတိုင်ကိုအရည်အတွက်အားဖြင့်အသုံးပြုခြင်း

ယေဘူယျအားဖြင့်

- သာသနာပိုင်ဆရာတော်ကြီးမှ သိုးထိန်းတစ်ပါး အနေဖြင့် ဦးဆောင်ပူဇော်သည့် မစ္ဆားတရား တော်မြတ်တွင် = (7) တိုင်။

- ပွဲနေ့ကြီးများ၌ တင်ပူဇော်ရသည့် မစ္ဆားတရား တော်မြတ်များတွင်= (6)တိုင်။

- ရိုးရိုးသာမန်တနင်္ဂနွေနေ့များတွင် =(4/6) တိုင်။

- ရိုးရိုးနေ့ မစ္ဆားတရားတော်မြတ်များတွင်= 2 တိုင်

မှတ်ချက်။ ။ မစ္ဆားတရားတော်မြတ်ပူဇော်တိုင်း အနည်းဆုံး ဖယောင်းတိုင် နှစ်တိုင် ထွန်းညှိ ပူဇော်ရမည်။ ဖယောင်းတိုင်ထွန်းညှိခြင်းမရှိဘဲ မစ္ဆားတရားတော်မြတ် ပူဇော်ခြင်းမပြုသင့်ပေ။ (Roman Missal. XX) မစ္ဆားတရားတော်မြတ် ပူဇော်စဉ်တွင် ဖယောင်းတိုင်မီးများ ငြိမ်းသွားပါက ချက်ချင်းပြန်လည်ထွန်းညှိသင့်သည်။ 

ယုံကြည်သူဘာသာဝင်များနှင့်အတူ ပြုလုပ်သော ကိုယ်တော်မြတ်ဖူးမြော်ခြင်း အခမ်းအနားများ တွင် ဖယောင်းတိုင် (၁၂) တိုင် ထွန်းညှိ ရမည်။ သို့သော် ဘုရားကျောင်းငယ်များနှင့် တစ်ဦးစီသာ ပြုလုပ်သော ကိုယ်တော်မြတ်ဖူးမြော်ခြင်းများတွင် ဖယောင်းတိုင် (6) ကိုတိုင်သာ ထွန်းညှိနိုင်ပါ သည်။(Cog.Sac.Rit.14 Dec., 1904)

ဧဝံဂေလိကျမ်းစာ ဖတ်ရှုသည့်အချိန်တွင်လည်း ခရစ်တော်ဘုရားရှင်နှင့် ကိုယ်တော်ရှင်၏ ဝမ်းမြောက်ခြင်း သတင်းကောင်းကို ကိုယ်စားပြု သည့်အနေဖြင့် ဖယောင်းတိုင်နှစ်တိုင်ကို ကျမ်းစာဖတ်စင် ဘေးနှစ်ဖက်၌ ထွန်းညှိထား ရမည်။

မှတ်ချက်။   ။ သိုးထိန်းအသံစာစောင်မှပြန်ဝေမျှသည်။
#Crd-Luke Tushan

No comments:

Post a Comment