အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

ငိုပစ်လိုက်စမ်းပါ

🎯 ငိုပစ်လိုက်စမ်းပါ
      •••••••••••••••• ✍️ ဇို(တီးတိန်)

ချီကာဂိုဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ ဆေးရုံတစ်ခုမှာ ၈ နှစ်အရွယ် ကလေးမလေးတစ်ယောက်က မေးလိုက်တယ်။ “ကျွန်မ ငိုပစ်လိုက်ရမလား ဒါမှမဟုတ် တင်းခံရမှာလား”တဲ့။ ခြေတစ်ဖက် ဖြတ်တောက်ဖို့ရန်အတွက် ခွဲစိတ်ခန်းမဝင်မီ သူ မေးလိုက်တဲ့မေးခွန်းတစ်ရပ်ပဲဖြစ်ပါတယ်။


ငိုခြင်းနဲ့ပတ်သက်ပြီး ခံစားချက်အမျိုးမျိုးကို ကျွန်တော်တို့တ‌တွေ မျှဝေမှုပြုကြရပါတယ်။ တစ်ဖက်မှာတော့ ရင်ထဲက နက်ရှိုင်းတဲ့ခံစားချက်လေးတွေအတွက် မျက်ရည်ကျရတာပါ။ အခြားတစ်ဖက်မှာလည်း အဲဒီလို မျက်ရည်ကျရင် သတ္တိမဲ့ရာ ကျနေမလား။

တစ်ချိန်မဟုတ် တစ်ချိန်ချိန်မှာတော့ လူတိုင်းလူတိုင်း ငိုဖူးကြတာချည်းပါပဲ။ ဓမ္မဟောင်းကျမ်းစာထဲမှာလည်း ဒါဝိဒ်မင်းကြီးဟာ အချိန်အခါတော်တော်များများမှာ ငိုကြွေးခဲ့ဖူးပါတယ်။ ဓမ္မသစ်ကျမ်းစာထဲမှာလည်း ယေဇူးဘုရားရှင်ဟာ သူ့မိတ်ဆွေကြီးလာဇရု သေဆုံးသွားတာကို သိလိုက်ရတဲ့အချိန်မှာ မျက်ရည်ကျ ငိုကြွေးခဲ့တယ်။ ပြီးတော့ ယေဇူးဘုရားရှင်ဟာ ယေရုရှလင်မြို့သူမြို့သားတွေအတွက် ကြီးမားတဲ့သနားစိတ်နဲ့ ငိုကြွေးတော်မူခဲ့တယ်။

မကြာသေးခင်က သုတေသနစစ်တမ်းတစ်ခုကတော့ ကျွန်တော်တို့တတွေဟာ ယေဇူးဘုရားရှင်နဲ့ အတော်တူဆိုပဲ။ လူယောက်ျား၊ လူမိန်းမအတော်များများဟာ သူတို့ ငိုကြတာကို ပြောဆိုနေကြပါတယ်။ ကဗျာဆရာတွေ၊ ဝတ္တုရေးဆရာတွေကလည်း ငိုတာဟာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် ကောင်းမြတ်ပါတယ်လို့ ဆိုကြပါတယ်။ ဥပမာအနေနဲ့ ဝီလျံရှိတ်စပီးယား(William Shakespeare)က “ငိုတာဟာ ဝေဒနာသက်သာဖို့”လို့ ရေးသားခဲ့ပါတယ်။

ပြီးတော့ ကဗျာဆရာအယ်လ်ဖရက်လောဒ့်တက်နီဆင်(Alfred Lord Tennyson)က သူ့ယောက်ျား အသတ်ခံရတဲ့ မိန်းမတစ်ယောက်အကြောင်းကို တစ်ခါက ရေးခဲ့ဖူးပါတယ်။ “သူ ငိုရမယ်။ မငိုရင် သူ သေမှာ”လို့ စာရေးဆရာက ရေးခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေကလည်း ဒီလိုထွက်ဆိုချက်တွေရဲ့ မှန်ကန်မှုကို အတည်ပြု ထောက်ခံစပြုလာကြပါပြီ။ ငိုတာဟာ ကျွန်တော်တို့အတွက် ဘာကြောင့် ကောင်းတာလဲ။ မျက်ရည်ဟာ တင်းမာမှုတွေကို လျှော့ချပေး၊ အဆိပ်တွေကို ဖယ်ရှားပေးပြီး ကိုယ့်ကိုယ်ကို ကုသနိုင်အောင် လူ့အရည်အချင်းတွေကို မြှင့်တင်ပေးနေတဲ့အသွင် ရှိပါတယ်။ တိုတိုနဲ့ ပြောရမယ်ဆိုရင်တော့ ငိုတဲ့သူတွေဟာ ပိုပြီး ကျန်းမာတယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ဆွဲကြပါတယ်။

အောက်မှာ ဖော်ပြထားတာတွေကတော့ ငိုရခြင်းရဲ့ အကျိုးအမြတ်များ၊ မျက်ရည်များနဲ့ လူတွေအကြောင်းကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားတဲ့အချက်အလက်အချို့ပဲဖြစ်ပါတယ်။

၁။ လူတွေဟာ ငိုပြီးရင် ဘာကြောင့် နေလို့ထိုင်လို့ ပိုကောင်းသွားကြတာလဲ။
ကိုရိုလာဒိုဆေးကျောင်းက ပါမောက္ခကြီးအလန်ဟူးဖိသ်(Professor Alan Wolfelt, Ph.D)က “ကျွန်တော့် အတွေ့အကြုံအရ‌တော့ မျက်ရည်ရဲ့ ဖော်ပြချက်ကို လိုက်ပြီး ကိုယ်ခန္ဓာအပြုအမူတွေမှာ အပြောင်းအလဲတွေ ရှိနေတာ ကျွန်တော် လေ့လာစုံစမ်းသိရှိခဲ့ရပါတယ်။ လူတွေဟာ ငိုပြီးရင် နေလို့ထိုင်လို့ ကောင်းသွားတာတင်မကဘူး၊ ပိုပြီးလည်း ကြည့်ကောင်းလာကြတယ်”လို့ ဆိုပါတယ်။

ဒေါက်တာဝီလျံဖရေး(Dr. William Frey, a biochemist and director of the Dry Eye and Tear Research Center in Minneapolis)အလိုအရတော့ ငိုပြီးလို့ နေသာထိုင်သာရှိသွားရတဲ့အကြောင်းရင်းတစ်ခုက တော့ လူတွေဟာ စိတ်ဖိစီးမှုခံစားနေရတဲ့အချိန်မှာ ဖြစ်ပေါ်လာခဲ့တဲ့ဓါတုပစ္စည်းတွေကို သူတို့မျက်ရည်ထဲမှာ ဖယ် ရှားပစ်နေလို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် သုတေသနသမားတွေ ရှာဖွေတွေ့ရှိထားတာကတော့ မကြာခဏ ငိုကြွေးတဲ့သူတွေဟာ ပိုပြီး ကျန်းမာသန်စွမ်းကြတယ်လို့ ဆိုပါတယ်။ ပါမောက္ခမာဂရက်ခရေပေါင်(Margaret Crepeau, Ph.D., professor of nursing at Marquette University)ကတော့ ကျန်းမာတဲ့လူတွေဟာ မျက်ရည်များကို အကောင်းဘက်ကနေ ကြည့်မြင်တတ်ကြပြီး ရောဂါမျိုးစုံခံစားနေရတဲ့လူတွေက မျက်ရည်ဟာ မလိုအပ်ဘူး၊ ရှက်စရာကောင်းတယ်လို့တောင် မြင်တတ်ကြပါတယ်လို့ ယုံကြည်နေပါတယ်။

တစ်ဆက်တည်းမှာပဲ အဲဒီသူနာပြုကျောင်းမှာ စာသင်သားတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေကို မျက်ရည်ကျနေတဲ့လူနာတွေကို စိတ်ငြိမ်ဆေးမပေးဖို့နဲ့ ဒီအတိုင်း သူ့ဟာနဲ့သူ မျက်ရည်လေးတွေ ကျခွင့်ပြုကြပါလို့ တိုက်တွန်းထားပါသေးတယ်။ “ရယ်မောခြင်းနဲ့ မျက်ရည်ဟာ အတူယှဉ်တွဲပူးကပ်နေပြီးတော့ ခွာလို့မရတဲ့ သဘာဝဆေးစွမ်းနှစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ဟာ အံကြိတ်ပြီး တင်းခံ၊ အောင့်ခံထားကြတာတွေကို လျှော့ချနိုင်တယ်။ ကျွန်မတို့ရဲ့ အဆိုးမြင်ခံစားချက်တွေကို လွတ်ထားပြီး ပြန်လည် အားသွင်းကြရပါမယ်။ တကယ်တော့ ဒါတွေဟာ ခန္ဓာကိုယ်ရဲ့ အကောင်းဆုံး ကိုယ်ပိုင်အရင်းအမြစ်တွေပါပဲ”လို့ ပါမောက္ခခရေပေါင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

၂။ လူတွေဟာ ဘာကြောင့် ငိုကြွေးကြတာလဲ။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါလောက်များ လူတွေဟာ ငိုကြွေးတတ်ကြပါသလဲ။ 
လူတော်တော်များများဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး မကြာခဏ မျက်ရည်ကျ ငိုကြွေးကြပါတယ်။ “မျက်ရည်ဒိုင်ယာရီများ”ကို သိမ်းဆည်းထားတဲ့ ပါမောက္ခဝီလျံဖရေး(Professor William Frey)ရဲ့ ကျေး ဇူးကြောင့် ပုံစံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
- ဝမ်းနည်းပူဆွေးမှုဟာ မျက်ရည်ရဲ့ ၄၉ ရာခိုင်နှုန်း အရေအတွက် ရှိသတဲ့။
- ပျော်ရွှင်မှုဟာ ၂၁ ရာခိုင်နှုန်းရှိပါသတဲ့။
- ဒေါသဟာ ၁၀ ရာခိုင်နှုန်း
- စာနာမှုဟာ ၇ ရာခိုင်နှုန်း
- စိတ်ပူပန်မှုဟာ ၅ ရာခိုင်နှုန်း
- ကြောက်ရွံ့မှုဟာ ၄ ရာခိုင်နှုန်း ပါဝင်သတဲ့။

ဒါပေမဲ့ ဒီစစ်တမ်းတွေက ဇာတ်လမ်းတစ်ပုဒ်လုံးကို ပြောပြမထားပါဘူး။ မျက်ရည်များက ကျွန်တော်တို့ရဲ့ တကယ့်လူ့အဖြစ်သနစ်တွေကို ထင်ဟပ်ပြသလိုဖြစ်‌နေပါတယ်။ အောင်မြင်ကြွယ်ဝတဲ့ အမှုဆောင်အရာရှိတစ်ယောက်က ကလေးလေးယောက်နဲ့ သားအမိတစ်ယောက်ရဲ့ ဆင်းရဲမွဲတေမှုအဖြစ်ကို ဖတ်ပြီး မျက်ရည်ကျတယ်။ ဩဇာတိက္ကမကြီးမားတဲ့ ရှေ့နေကြီးတစ်ဦးက မိုးဇတ်ရဲ့တေးသွားတွေကို နားထောင်ပြီး ငိုတယ်။

၃။ မငိုတတ်ရင်ကော ဘာဖြစ်မလဲ။
ကျန်းမာရေးကောင်းမွန်ခြင်းဟာ မျက်ရည်ကျရတာနဲ့ အခိုင်အမာ ဆက်စပ်ပတ်သက်နေတယ်လို့ သုတေသနစာတမ်းတွေက ပြောပြထားလေတော့ မငိုတတ်သူများအဖို့ သူတို့ရဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေနဲ့ နှစ်ပါးသွားတတ်ဖို့တော့ ကြိုးစားသင့်ပါတယ်။

တချို့လူတွေအတွက်တော့ ဒါဟာ ကုသခြင်းတစ်ခု မည်ပါတယ်။ မိသားစုမှာ ပုံမှန်မငိုတတ်တဲ့ အမျိုးသမီးတစ်ဦးဟာ စိတ်ကုပညာရှင်နဲ့ တွေ့တိုင်း ရှိုက်ကြီးတငင် ငိုကြွေးလေ့ရှိပါတယ်။ “ကျွန်မရင်ထဲမှာတော့ အနှစ်နှစ်အလလ မြိုသိပ်တင်းခံထားတဲ့ ခံစားချက်တွေဟာ ထုနဲ့ထည်နဲ့ပါ။ မျက်ရည်ကျလို့ ငိုကြွေးပြီးတိုင်း ကျွန်မ ပိုကောင်းလာပါတယ်”လို့ သူ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ်တော့ လူတော်တော်များများဟာ ထိခိုက်ခံစားရ တဲ့ဝတ္ထုဇာတ်လမ်းလေးတွေကို ဖတ်ရင်း မျက်ရည်တွေ စီးကျတတ်ပါတယ်။ ဒါမှမဟုတ် အတိတ်က ပူဆွေးဝမ်းနည်းမှုတွေကို တွေးပြီး မျက်ရည်လည်မိတတ်ကြပါတယ်။
 
၄။ မျက်ရည်တွေ စီးမကျဖို့ ထိန်းချုပ်သင့်ပါသလား။
“မထိန်းချုပ်သင့်ပါ”လို့ပဲ ရိုးရိုးလေး ဖြေရပါမယ်။ အလွန့်အလွန် နည်းပါးလှတဲ့လူတွေကသာ မှားယွင်းတဲ့ အကြောင်းပြချက်တွေကြောင့် ငိုကြွေးကြပါတယ်။ သူ့သမီး လဲကျပြီး ဒဏ်ရာအနာတရဖြစ်လို့ သမီးကို ပွေ့ချီပြီး ဆေးရုံကို တန်းပြေးတဲ့ ဖခင်တစ်ယောက်ကို မြင်ယောင်ကြည့်လိုက်ပါ။ မျက်ရည်တွေ ပါးပြင်ပေါ် စီးကျလာတာကြောင့် အရေးပေါ်အခန်းထဲက ဆရာဝန်က သူ့ကို ငိုနေတာရပ်ဖို့ အမိန့်ပေးလိုက်တယ်။

ရှင်းရှင်းလေးပဲ။ ဆရာဝန်က မှားနေတယ်။ လူအများစုဟာ မကြာခဏဆိုသလို ကောင်းကောင်းကြီး ငိုကြွေးကြရပါမယ်။ သိပ္ပံပညာရှင်တွေ၊ စိတ်ကုပညာရှင်တွေနဲ့ ဆရာဝန်တွေက ဒါကို စပြီး သဘောတူလာကြပါပြီ။

၅။ မကြာခဏ ငိုကြွေးရမှာလား။
တကယ်တော့ ငိုခြင်းနဲ့ ပတ်သက်လို့ သတိထားရမယ့် စကားတစ်ခွန်းတည်းပဲရှိပါတယ်။ စိတ်ကုပညာရှင်တစ်ယောက်က ပြောထားတာ။ “လွယ်လွယ်နဲ့ ငိုတတ်တဲ့လူတွေဟာ ဒီလိုခံစားချက်နဲ့ ထိတွေ့ရလို့ ဝမ်းသာပျော်ရွှင်သင့်ပါတယ်။ ဒါပေမဲ့ ဝေဖန်မှုကို တုံ့ပြန်တဲ့အနေနဲ့ တရားလွန် ငိုကြွေးနေတာဆိုရင်တော့ အကြံပေးဆွေးနွေးတိုင်ပင်မှုတချို့ ခံယူဖို့ ကြိုးစားသင့်ပါတယ်။ ဒီလို ငိုနေတဲ့ပုံစံမျိုးဟာ ရင်ထဲက နက်ရှိုင်းတဲ့ခံစားမှုကို အချက်ပေးနေတဲ့ ခေါင်းလောင်းသံပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ပျောက်ဆုံးပြီဆိုတာလည်း ပြသနေတာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က တစ်ခုခုကို မကောင်းပြောလာတဲ့အခါတိုင်း ထစ်ကနဲ ဖြစ်ဖြစ်သွားတတ်ပါတယ်။

မျက်ရည်နဲ့ ပတ်သက်လို့ အားလုံးထဲမှာ အကောင်းဆုံးအကြံပေးချက်တစ်ခုကတော့ ချားလ်စ်ဒစ်ကင်(Charles Dickens)ဆီက ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ “အိုလီဗာတွစ်”(Oliver Twist) စာအုပ်ထဲက ဇာတ်ကောင်မစ္စတာဘမ်ဘဲလ်(Mr.Bumble)ကြေငြာမောင်းခတ်ပြီး ပြောလိုက်တာကတော့ - “ငိုခြင်းက အဆုတ်တွေကို ဖွင့်ပေးတယ်။ မျက်နှာထားကို ဆေးကြောသန့်စင်ပေးတယ်။ မျက်စိတွေကို လေ့ကျင့်ခန်းလုပ်ပေးတယ်။ ပြီးတော့ ဒေါသကို နူးညံ့ပျော့ပျောင်းစေတယ်”တဲ့။

ဒါ့ကြောင့် “ငိုစရာရှိတဲ့အခါ၊ ငိုသင့်တဲ့အခါ ငိုပစ်လိုက်စမ်းပါ”လို့သာ။ 

မူရင်း။ ။ Victor M.Parachin ၏ "Have a GOOD Cry"ကို ပြန်ဆိုပါသည်။

No comments:

Post a Comment