⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬
စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင် ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။
၁။ ပိုမို ပျော်ရွှင်စေမှာလား
ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။
၂။ အချိန်တန်ပြီလား
ကိုယ်ပိုင်စီးပွားရေး ဆိုပြီးတော့သာ အလုပ်ထွက်မိတယ်။ လက်ရှိ ကိုယ့်ဆီမှာ ကိုယ်ဝန်သည် ဇနီးရှိနေမယ်။ မနာမကျန်းမိဘ ရှိနေမယ်ဆိုရင်လည်း အဆင်မပြေပြန်ဘူးလေ။ အလုပ်ထွက်ရင်ဝင်ငွေက မရှိတော့ဘူး။ ဝင်ငွေ မရှိတော့ပဲနဲ့ အဲဒီတာဝန်တွေကို ထမ်းရွက်နေရင် ကိုယ်ပိုင်စီးပွားတောင် မလုပ်နိုင်ပဲ မွဲပြာကျသွား နိုင်ပါတယ်။ ဒီတော့ သင့်တင့်မျှတတဲ့ အချိန်ကာလတစ်ခုကို ရောက်ပြီလားဆိုတာကို သေချာ ချင့်ချိန် စဉ်းစားဖို့ လိုအပ် ပါတယ်။
၃။ ငွေလုံလောက်ပြီလား
ဒါကလည်း စဉ်းစားစရာပေ့ါ။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုထောင်ဖို့ အတွက် လိုအပ်တဲ့ အရင်းအနှီး ပဲလိုတာ မဟုတ်တော့ဘူးလေ။ အဲဒီကာလအတွင်း ကိုယ့် စားဝတ်နေရေးအတွက် လုံလောက်တဲ့ ငွေကြေး အင်အား ရှိပြီလားဆိုတာကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ ငွေလုံလောက်ပြီလားလို့ ကိုယ့်ကိုယ်ကို အရင်ပြန်မေးဖို့ လိုအပ်ပါသေးတယ်။
၄။ ကူညီထောက်ပံ့မယ့်သူ ရှိပြီလား
ကူညီထောက်ပံ့သူဆိုလို့ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါဘူး။ လုပ်အားအရ တစ်ယောက်တည်း မနိုင်ရင် ဝိုင်းကူပေမယ့် ပါတနာမျိုး၊ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်တဲ့ မိဘမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းမျိုး တို့ ဖြစ်ပါတယ်။ စီးပွားရေး တစ်ခုစတင်တိုင်း အခက်အခဲဆိုတာ ရှိမှာပဲ။ အဲဒါကို တစ်ယောက်တည်း ခေါင်းအစားခံ ဖြေရှင်းနေတာထပ် တစ်ဦးတစ်ယောက်ရဲ့ အကြံအဥာဏ်လေး ရလိုက်တာကလည်း အားသာချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အတွက် ကူညီထောက်ပံ့၊ အကြံပေးမယ့်သူလည်း လိုအပ် ပါတယ်။
၅။ ဘဝနေထိုင်မှု ပုံစံပြောင်းနိုင်ပြီလား
ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူက မနက် စောစော ထပြီး ရုံးအမှီမသွားရတော့ဘူး။ သို့ပေမယ့် အဲ့ဒါထပ် ပိုပင်ပန်းကောင်း ပင်ပန်းလိမ့်မယ်။ အရင်လို နက်ခ်တိုင် ကျကျ နန မဝတ်ရတော့ပဲ ချွေးတစ်လုံးလုံးနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ အလုပ်များလို့ ထမင်းကို ဇိမ်ကျကျစားကောင်းမှ စားရလိမ့်မယ်။ အသုံး စရိတ် နည်းသွားလို့ ဆင်းရဲသားလိုလည်း နေကောင်းနေရလိမ့်မယ်။ ဒီဒဏ်တွေခံနိုင်မယ် ဘဝနေထိုင်မှု ပုံစံကိုအခြေအနေလိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရင်တော့ လုပ်ငန်းစဖို့ ထောက်ခံချက်တစ်ခု ရသွားပါပြီ။
၆။ စည်းကမ်းနဲ့ နေနိုင်ပါ့မလား
ငါ ဝန်ထမ်းမဟုတ်တော့ဘူး။ မနက်လည်း ထချင်မှထမယ်။ အလုပ်လည်း လုပ်ချင်မှ လုပ်မယ်။ အဲ့ဒီလိုပုံစံနဲ့ ဆိုရင် လုပ်ငန်းရှင်မဟုတ်ပဲ အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါမယ်။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု စဖို့ ရည်ရွယ် သူက မိမိကိုယ်ကို စည်းကမ်းချမှတ်လို့ ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်။ အကောင်းစား ပစ္စည်းသုံးမှ လုပ်ငန်းရှင်လို့ မဆိုလိုပါဘူး။ မိမိလုပ်ငန်း လည်ပတ်မှုအတွက် လိုအပ်သလို ကိုယ့်ကိုယ်ကို ထိန်းချုပ် ဆောင်ရွက်နိုင် ဖို့ကသာ အရေးကြီးပါတယ်။
၇။ အစမ်း ခြေလှမ်းရှိပြီလား
ကော်ဖီဆိုင်ဖွင့်ဖို့ ရည်ရွယ်တဲ့ စာရင်းကိုင်တစ်ယောက်ဟာ ကော်ဖီဆိုင် တစ်ခုမှ ၆ လလောက် အချိန်ပိုင်း စားပွဲထိုး အရင်လုပ်ရမယ် လို့ ဥပမာ ပေးထားပါတယ်။ သို့ပေမယ့် ကိုယ်စမယ့် စီးပွားရေးလုပ်ငန်းက Model အသစ် သို့မဟုတ် လက်ရှိအလုပ်နဲ့ အလားသဏ္ဍာန် တူ ဆိုရင်တော့ Beta Test လုပ်နေစရာ မလိုပါဘူး။ အကယ်၍ အဲ့လို မဟုတ်ပဲ ပုံစံမတူတဲ့ ခြေလှမ်းဖြစ်နေရင် ပုံစံတူတဲ့ ကုမ္မဏီတစ်ခုမှာ အောက်ခြေ ကစလို့ ၆ လလောက် အချိန်ပိုင်း လုပ်ကိုင် သင့်ပါသေးတယ်။
၈။ အရည်အချင်းပြည့်ဝပြီလား
ကိုယ်ပိုင်လုပ်ငန်း တစ်ခုစဖို့အတွက် တစ်ခုတည်း တတ်နေလို့ မရတော့ဘူး။ အလွယ်ဆုံး ပြောရရင် ထုတ်ကုန် ထုတ်လုပ်ရေး၊ စျေးကွက် ရှာဖွေရေး ၊ ဖြန့်ချိရေး အချက် သုံးခု စလုံး ပိုင်မှ အလုပ်ဆိုတာ စလို့ ကောင်းတာပါ။ ဒီမှာ ပါလာမယ့် ကိစ္စတွေက အများကြီးပဲ လူမှုဆက်ဆံရေး၊ စီးပွားရေး ဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ပြောမယ်ဆို အတော်ကိုများတဲ့ လိုအပ်ချက်တွေပါ။ ဒါတွေ တစ်ခုတည်းလိုက်ဖြည့်နေရင် အချိန်ကုန်သွား မယ် လို့လည်း ဆိုပါတယ်။ အချိန်ပေးစရာမလိုပဲ အဲဒါတွေအားလုံး လုပ်ရင်းနဲ့ လေ့လာသွားလို့ရမယ်၊ လေ့လာနေစဉ်လည်း လုပ်ငန်းအပေါ် ထိခိုက်မှု ရှိမသွားဘူးလို့ သေချာယုံကြည်ရင်တော့ လုပ်ငန်း စနိုင်ပါ တယ်။
၉။ အိုင်ဒီယာ ကောင်းရဲ့လား
ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းပါ။ ရှိနေတဲ့ အိုင်ဒီယာက သစ်ဆန်းရဲ့လား ၊ ဖြစ်ကော ဖြစ်နိုင်ရဲ့လား၊ ငါတွေးတဲ့ အိုင်ဒီယာ ကောင်းရဲ့လား အစရှိသဖြင့် ပြန်မေးရမှာ ဖြစ်ပါတယ်။ အတွေးစိတ်ကူးကောင်းကောင်း မရှိ ဘူးဆိုရင်တော့ ကိုယ်ပိုင်စီးပွားလုပ်ငန်းတစ်ခု အောင်မြင်ဖို့ မသေချာ ပါဘူး။
၁၀။ စီးပွားရေး ယာထားချက် ရှိရဲ့လား
ဒါအရေးကြီးဆုံးပါ။ အထပ်ပါ ၉ ချက်စလုံးက ပြည့်စုံနေပြီ။ အလုပ်ကလည်း ထွက်လိုက်ပြီ။ သို့ပေမယ့် Business Plan ရှိမထားရင်တော့ လုံးပါးပါး သွားနိုင်ပါတယ်။ ဘာနဲ့တူသလဲဆို ခရီးသွားဖို့ ပစ္စည်းပစ္စယ စုံလင်သွားပေ မယ့် ဘယ်အရပ်ကို သွားရမှန်းမသိတဲ့ အနေအထားနဲ့ တူပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုစတော့မယ်ဆိုရင် အရေးအကြီးဆုံး အနေနဲ့ Business Plan တစ်ခု ရှိထားဖို့ လိုအပ် ပါတယ်။
Credit : Yoe Yar Lay
ကိုယ်ပိုင်အလုပ်လုပ်တော့မယ်ဆိုရင် အဘက်ဘက်က စဉ်းစားပြီးမှ စတင်စေချင်ပါတယ်ရှင့်။

No comments:
Post a Comment