၁. ကြက်အုပ်ကြားထဲမှာ အမြင့်ပျံတဲ့အကြောင်း သွားမပြောမိပါစေနဲ့။
ဘာကြောင့်လဲဆိုတော့ အမြင့်ပျံတဲ့အကြောင်း ကြက်ကနားမလည်နိုင်သလို ကိုယ်တိုင်လည်း စိတ်အားငယ်ရပါလိမ့်မယ်။ကိုယ့်မှာ ကြီးမားတဲ့အိပ်မက်နဲ့ ရည်ရွယ်ချက်ရှိနေရင် ကိုယ့်စိတ်ထဲမှာပဲသိမ်းထားပါ။ တွေ့ရာလူကို လျှောက်မပြောမိပါစေနဲ့။ အထူးသဖြင့်အကောင်းမြင်စိတ်မရှိသူ အိပ်မက်မရှိသူ ကိုယ့်အပေါ် မလိုမုန်းထား မနာလိုသူတွေကိုပေါ့။ ကိုယ့်ရည်ရွယ်ချက်အိပ်မက်တွေကို သူတို့ကိုယ်တိုင် မလုပ်နိုင်မလုပ်ဖူးတဲ့သူတွေနဲ့ မလိုမုန်းထားမနာလိုသူတွေရဲ့ အဖျက်စကားတွေကြောင့် ပျက်စီးသွားစေတတ်ပါတယ်။
ကိုယ့်ကိုကူညီမယ့်သူတွေနဲ့သာ ပြောဆိုတိုင်ပင်ပါ။
......................
၂.ချောင်းက ကျွဲကို ဘယ်တော့မှ သွားမရှာဘူး။
ကျွဲဟာရေစိမ်ဖို့ ချောင်းကိုရှာရသလို သင်ဟာအောင်မြင်မှုကို ပိုင်ဆိုင်ချင်ရင် အောင်မြင်မှုရှိတဲ့နေရာကို ရအောင်ရှာပါ။ အောင်မြင်မှုက သင့်ကိုလာရှာမှာမဟုတ်ဘူး။
......................
၃.မလုပ်နိုင်ဘူးဆိုတာသူ့အတွက်ကိုယ့်အတွက်မဟုတ်ဘူး။
တစ်ယောက်ယောက်ကမလုပ်နိုင်ပါဘူး မဖြစ်နိုင်ပါဘူးလို့ပြောလာရင် သူ့ကိုယ်သူ မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့ဆိုလိုတာပါ။ ကိုယ့်ကိုမဖြစ်နိုင်ဘူး မလုပ်နိုင်ဘူးလို့ဆိုလိုတာမဟုတ်ဘူးလို့ နားလည်ထားပါ။
(ကိုယ်ကသူနဲ့သွားပတ်သက်နေစရာမလိုပါဘူး)
........................
၄.ကုန်းပေါ်မှာရေကူးသင်ရင်းအချိန်ကုန်မခံပါနဲ့။
ကုန်းပေါ်မှာနေနေသေးသ၍ ရေထဲမှာကြုံရမယ့်ပြသနာ အကြောင်းသင်မသိနိုင်ပါဘူး။ အချက်အလက်တွေလေ့လာနေ အတွေးတွေများနေတာနဲ့တင် အချိန်ကုန်ခံမနေပါနဲ့။
စီးပွားရေးဆိုင်ရာစာအုပ်တွေသာ ထိုင်ဖတ် အချက်အလက်တွေသာ လေ့လာနေပေမယ့် လက်တွေ့စီးပွားရေးမလုပ်ကြည့်ရင် သင်ဘာမှမသိသေးတာနဲ့အတူတူပါပဲ။ ဒါကြောင့်ခုန်ဆင်းပြီး အစွမ်းကုန် ကူးကြည့်လိုက်ပါ။
ရေကူးတတ်ဖို့ဆိုတာက ရေထဲမှာမှဖြစ်နိုင်မှာပါ။
...........................
၅.ဟိုဟာလေးလုပ်လည်း ဟိုလူကဟိုလိုပြောမယ်။
ဒီဟာလေးလုပ်လိုက်လည်း ဒီလူကဒီလိုပြောမယ်။
ဘာမှမလုပ်ပြန်တော့လည်း ဘာမှလုပ်ဖို့ မစဉ်းစားတော့ဘူးလားလို့ အပြောခံရမယ်။
သင်ဘယ်လမ်းရွေးရွေး အမြင်မတူတဲ့သူ ရှိကိုရှိနေမှာပဲ။ ဒါကြောင့် ကိုယ့်အတွက် အကောင်းဆုံးလို့ထင်တဲ့လမ်းကို ရွေးတတ်ရင် လုံလောက်ပါပြီ။
................
လွတ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်ခဲ့မယ်ဆိုရင်ပေါ့။
Ref - သင်သိရင်ချမ်းသာလိမ့်မယ်။
Crd sai myo min Latt
No comments:
Post a Comment