အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Monday, August 14, 2017

ii

ခရစ်ယာန် အသင်းတော် သမိုင်း
ကက်သလစ် အသင်းတော်၏ နှစ် ၂၀၀၀ ရာဇဝင်အား
အကျဉ်းချုံဖော်ပြချက်

ခရစ်တော် ယေဇူး လက်ထက်

နာဇရက်မြို့သား ယေဇူး ခရစ်တော် မွေးဖွားချိန်သည် ရောမမြို့တွင် ရောမ အင်ပါယာ သြဂတ်စတတ် ဆီဇာ အုပ်စိုးချိန် ဖြစ်သည်။
သြဂတ်စတတ် ဆီဇာ လက်ထက်တွင် “Gospel” သတင်းကောင်း ဟူသည့် စကားကို သုံးသည်။ Gospel ၏ အဓိပ္ပာယ်မှာ ဆီဇာ၊ အင်ပါယာ ပြည့်ရှင်မှ သတင်းသည် မည်သည့် ထုတ်ပြန်ချက် ဖြစ်ဖြစ်၊ ရောမ အင်ပါယာ တစ်ခုလုံး အတွက် သတင်းကောင်းဖြစ်သည်ဟု အဓိပ္ပာယ် ရသည်။


ခရစ်တော် မွေးချိန်တွင် ရောမ အင်ပါယာ ပြည့်ချိန် သြဂတ်စတတ် ဆီဇာ ကြီးစိုးချိန်ဖြစ်ကာ ဆီဇာအား “ကယ်တင်ရှင် Savior” အဖြစ် အမည်ပေးကာ ရောမအား ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးသူ အဖြစ် Pax Romana ဟု ခေါ်တွင်သည်။

သာသနာပြုသည့် အချိန်တွင် စိန့်ပေါလ်က စစ်မှန်သည့် သတင်းကောင်း ဟူသည်မှာ ဆီဇာ ဘုရင်မှ လာသည်မဟုတ်၊ ခရစ်တော်မှ လာခြင်း ဖြစ်သည်၊ ကယ်တင်ရှင်သည် ဆီဇာမဟုတ်၊ ခရစ်တော် ယေဇူး ဖြစ်သည်ဟု ဟောပြောကြေညာသည်။

အေဒီ ၃၃ ခုနှစ်

ဂါလိလဲ ဒေသတွင် ခရစ်တော်သည် ဘုရားသခင်၏ နိုင်ငံတော် တည်လုနီးပြီ ဖြစ်ကြောင်း ဟောပြောကြေညာသည်။
၃ နှစ်ကျော် ဂျူဒေယား ဒေသအတွင်း သွားလာကာ သတင်းကောင်းကို ဟောပြောကြေညာခြင်း၊ ကုသခြင်း၊ ပုံသက်သေကောင်း ပြသခြင်းနှင့် နတ်ဆိုးနတ်မိစ္ဆာများ နှင်ထုတ်ခဲ့သည်။
ခရစ်တော်သည် လူသားတို့၏ အပြစ်ကို ကယ်ချွတ်ပေးရန် အလို့ငှာ ကားတိုင် တံကျင်ပေါ်တွင် အသေခံတော်မူသည်။
သုံးရက်နေ့မြောက်တွင် ပြန်လည် ရှင်ပြန်ထမြောက်သည်။
ထိုလက်ထက်သည် တိုင်ဘေးရီးယပ်စ် ဆီဇာ ကြီးစိုးစဉ်၊ ဒေသခံ အုပ်ချုပ်သူ ပွန်တီးယပ်စ် ပိုင်းလိပ် တာဝန်ယူချိန် ဖြစ်သည်။  

အေဒီ ၄၉ ခုနှစ်

ရှင်ပေါလ်လုနှင့် အပေါင်းအဖော်များသည် ဂရိနှင့် အာရှမိုင်းနား ဒေသများသို့ သွားကာ သာသနာပြုသည်။
တပည့်တော်ကြီး ၁၂ ပါးနှင့် အပေါင်းအပါများသည် အခြား ဒေသများသို့ သာသနာပြုသည်။
Jerusalem Council ဂျေရုစလင် သာသနာ့ အစည်းအဝေးကြီးဖြင့် တပည့်တော်ကြီးများနှင့် အသင်းတော် ဦးဆောင်သူများက ခရစ်တော် နောက်လိုက်တို့သည် ဂျူး ဘာသာရေး ထုံးတမ်း အစဉ်အလာ အတိုင်း လိုက်လံ ကျင့်ဆောင်ရန် မလိုဟု ဆုံးဖြတ်ချက် ချသည်။
သာသနာပြုရာတွင် စိန့်ပေါလ်က ဂျူးမဟုတ်သော သူများ Gentiles သို့ သာသနာပြုကာ စိန့်ပေါလ်နှင့် စိန့်ဂျိမ်းစ်သည် ဂျူးများထံသို့ သာသနာပြုသည်။

အေဒီ ၆၀ - ၁၀၀

သမ္မာကျမ်းစာကို ရေးသားလာသည်။
သမ္မာကျမ်းစာကို ရေးသားရာတွင် နှုတ်အားဖြင့် လက်ဆင့်ကမ်း သင်ယူခဲ့သော ယုံကြည်ခြင်း ထုံးတမ်း အစဉ်အလာများ Traditions ကို အဓိကထား အခြေခံ ရေးသားသည်။
ခရစ်တော်၏ မိန့်မှာချက်များ၊ ဆွေးနွေးချက်များ၊ ခရစ်တော်၏ ဘဝမှတ်တမ်းများ၊ မွေးဖွားတော်မူသည့် အခြေအနေမှ ရှင်ပြန်ထမြောက်ခြင်း အပြီးအထိ အကြောင်းအရာများကို ခရစ်ဝင်ကျမ်း Gospel တွင် ရေးသား ပြုစုခဲ့သည်။
ရှင်မာကုသည် ခရစ်ဝင်ကျမ်းကို အေဒီ ၇၀ တွင် စတင်ရေးသားခဲ့သည်။
ရှင်လုကာသည် အေဒီ ၉၀ - ၉၅ ခုနှစ်အကြား ရေးသားခဲ့သည်။ အစောပိုင်းနှစ်များတွင် ခရစ်ယာန်များသည် ခရစ်ဝင်ကျမ်းများ၊ တပည့်တော်ကြီးများ၏ ဟောပြောချက် စုစည်းချက် မှတ်တမ်းစာများဖြင့် ခွန်အားယူကြသည်။

အေဒီ ၆၄

ရောမမြို့ နေရာ အတော်များများ မီးလောင် ပျက်စီးသွားရာ ရောမ အာဏာပိုင်များက ခရစ်ယာန်များ အပေါ် နိုင်ငံရေး အရ အပြစ်ဖို့သည်။
ရောမမြို့ မီးလောင်ပြီးသည်မှ စ၍ ရောမ အင်ပါယာ ပြည့်ရှင် နီရိုးသည် ခရစ်ယာန်များ အပေါ် အပြစ်ပုံချ၍ ကွပ်မြက်မှု စတင်လုပ်ဆောင်သည်။
အေဒီ ၅၄ - ၆၈ တွင် စိန့်ပီတာနှင့် စိန့်ပေါလ်သည် ရောမမြို့၌ ခရစ်ယာန် ယုံကြည်ခြင်းအတွက် စီရင်ခြင်း ခံရသည်။

အေဒီ ၇၀

ဂျေရုစလင်မြို့တွင် အေဒီ ၆၀ ဝန်းကျင်မှ စ၍ ဂျူးလူမျိုးများက ရောမ အာဏာပိုင်များအား စတင် ပုန်ကန်သည်။
ကနဦးတွင် ဂျူဒေယား ဒေသတဝိုက် မြို့များအား ဂျူးတော်လှန်ရေး တပ်များက သိမ်းပိုက်ရရှိခဲ့သည်။
သို့သော် ရောမ တပ်များက စနစ်တကျ ပြန်လည် တိုက်ခိုက် သိမ်းယူခြင်းကြောင့် အဆုံးတွင် ဂျူးတပ်များ အရေးနိမ့်ခဲ့သည်။
ရောမတို့သည် တော်လှန်ရေးကို အကြမ်းဖက် ဖြိုခွင်းပြီးနောက် ဂျေရုစလင်မြို့ရှိ ဂျူးတို့၏ ဗိမာန်တော် ဝတ်ကျောင်းကြီးကို ဖြိုချဖျက်စီးခဲ့သည်။
ဗိမာန်တော်ကြီးမှ အဖိုးတန် ပစ္စည်းများအား ရောမမြို့သို့ သိမ်းယူ သယ်ဆောင်သွားခဲ့သည်။ ထိုအခြင်းအရာတို့အား ရောမမြို့၌ တိုက်တပ်စ် အဝင်မုဒ်ဦး Arch of Titus တွင် မှတ်တမ်းတင် ပုံဖော်ထွင်းထုထားခဲ့သည်။

အေဒီ ၈၄ ခုနှစ်

ဂျူးနှင့် ခရစ်ယာန်တို့အကြား ဆက်ဆံရေးသည် ပိုမို ကွာဟသွားခဲ့သည်။

အေဒီ ၁၁၂ ခုနှစ်

ရောမအာဏာပိုင်တို့သည် ခရစ်ယာန်များအား ညှင်းပန်းနှိပ်စက်ခြင်းကြောင့် Pliny the Younger ပလင်နီ အငယ်က ရောမ အင်ပါယာ ပြည့်ရှင် ထရာဂျန်အား စာရေးသားခဲ့သည်။
ပလင်နီ၏ စာများတွင် ခရစ်ယာန်တို့သည် ရောမ ဥပဒေကို လိုက်နာကြသော အကြမ်းမဖက်သည့် သာမန် လူများသာ ဖြစ်ကြောင်း နားချခဲ့သည်။

အေဒီ ၁၄၀ - ၂၀၀

အယူဝါဒလွဲများ စတင် ပေါ်ပေါက်လာသည်။
ခရစ်တော်၏ ပြည့်ဝသော လူ့အဖြစ်နှင့် ဘုရားအဖြစ် အခြေအနေအား မေးခွန်းထုတ်ကာ အယူဝါဒလွဲများကို သွန်သင်မှုများအား လိုင်ယွန်မြို့သား အိုင်ရေးနီးယပ်စ် Irenaeus of Lyons, ကာသေ့မြို့သား တာတူးလယန်း Tertullian of Carthage နှင့် ရောမမြို့သား ဟစ်ပိုလိုင်းတူးစ် Hippolytus of Rome တို့ကဲ့သို့ ခရစ်ယာန် ကျမ်းတတ်ဆရာများက ပြန်လည် ရှင်းလင်းချေပ ရေးသားခဲ့သည်။
Apologies ဟူသည့် ခရစ်ယာန်များအား မဟုတ်တမ်း စွပ်စွဲချက်များအား ပြန်လည် တုံ့ပြန် ရေးသားသည့် စာများကို Justin Martyr ယုံကြည်ခြင်းအတွက် အသက်ပေးလှူခဲ့သူ ဂျပ်စ်တင်းက ရေးသားလာသည်။

အေဒီ ၂၅၀

ရောမ အင်ပါယာ ဧကရာဇ်များသည် ခရစ်ယာန်များအား ညှင်းပန်း နှိပ်စက်ခဲ့သော်လည်း ခရစ်ယာန် ဘာသာဝင် တိုးတက်နှုန်းသည် သာမန် အရပ်သားမှ မဟုတ်ပဲ ရောမ အထက်တန်းလွှာ မိသားစုများတွင်ပါ ခရစ်ယာန် ယုံကြည်မှုများ ရှိလာသည်။
ရောမ အင်ပါယာ ပြည့်ရှင်များတွင် Decius ဒေးဆီးယပ်စ် လက်ထက် ခရစ်ယာန်များ အပေါ် နှိပ်ကွပ်မှုသည် ပြင်းထန်ခဲ့သည်။

အေဒီ ၂၈၀ ခုနှစ်

သာသနာပြု ဂရေဂိုရီ Gregory the Illuminator ကြောင့် အာမေးနီးယားဒေသသည် ခရစ်ယာန် ယုံကြည်မှုကို ထွေးပိုက်လာခဲ့သည်။

အေဒီ ၃၀၅ ခုနှစ်

အီဂျစ်တွင် စိန့်အန်တိုနီသည် ရသေ့ပုံစံဖြင့် ဆုတောင်းသည့် အသက်တာကို စတင်သည်။
ယင်းနောက် ခရစ်ယာန်များသည် စိန့်အန်တိုနီ၏ ရသေ့ကျောင်းပုံစံဖြင့် ဆုတောင်းနေထိုင်သည့် ဘဝ သက်တာကို ကျင့်သုံးလာကြသည်။

အေဒီ ၃၁၃ ခုနှစ်

မီလန် ကြေညာစာတမ်းကို ရောမတွင် ထုတ်ပြန်သည်။ မီလန် ကြေညာစာတမ်းအားဖြင့် ခရစ်ယာန်များအား ညှင်းပန်းနှိပ်စက်သည့် ဥပဒေများကို ပယ်ဖျက်သည်။ မီလန် ကြေညာချက်ကို ထုတ်ပြန်သူမှာ ပြည်တွင်းစစ်တွင် ခရစ်တော်၏ ရူပါရုံရခဲ့ခြင်းကြောင့် အနိုင်ရခဲ့သော ရောမ ဧကရာဇ်သစ် ကွန်စတန်တိုင်း ဖြစ်သည်။ ဤထုတ်ပြန်ချက်ကြောင့် အဖိနှိပ်ခံ ခရစ်ယာန်များအတွက် သမိုင်း အလှည့်အပြောင်း ဖြစ်ခဲ့သည်။

အေဒီ ၃၂၄ ခုနှစ်

ကွန်စတန်တိုင်းသည် ရောမ အင်ပါယာအား အေဒီ ၃၀၆ မှ ၃၃၇ ခုနှစ်အတွင်း စိုးစံသည်။
ကွန်စတန်တိုင်း၏ မိခင် အမည်မှာ ဟယ်လန်နာဖြစ်ပြီး ယုံကြည်ခြင်းအားကောင်းသော ခရစ်ယာန် အမျိုးသမီး ဖြစ်သည်။
အေဒီ ၃၂၆ ခုနှစ်တွင် ရောမ ဧကရာဇ်၏ မယ်တော်အဖြစ် ဟန်လန်နာသည် ဂျေရုစလင်မြို့သို့ ဘုရားဖူး ခရီးစဉ် ထွက်ခွာခဲ့သည်။
ယင်းနောက် သူမ၏ ညွှန်ကြားမှုဖြင့် ခရစ်တော် ကျင်လည်ခဲ့ရာ နေရာများအား သန့်ရှင်းသော နေရာ အဖြစ် သတ်မှတ်ခဲ့ကာ ဝတ်ပြုကိုးကွယ်ရာ ဘုရားကျောင်းကြီးများအား စတင် တည်ဆောက်သည့် လုပ်ငန်းများ စတင်ခဲ့သည်။
ဂျူဒေယား ဒေသရှိ သန့်ရှင်းသော မြေသည် ခရစ်ယာန် ဘုရားဖူးများအတွက် အဓိက အချက်အခြာ နယ်မြေ ဖြစ်လာသည်။

အလက်ဇန်းဒြီးယား မြို့သား အက်သ နေးဆီးယပ်စ် Athanasius of Alexandria သည် ခရစ်တော်၏ ဘုရားအဖြစ်၊ လူအဖြစ် သဘာဝအား သွန်သင်သဖြင့် အာရီးယန်း အယူလွဲမှိုင်းမိနေသော ရောမ အာဏာပိုင်များ၏ ဖိနှိပ်ညှင်းပန်းခြင်းကို ခံစားရသည်။

အေဒီ ၃၂၅ ခုနှစ်

ရောမ အင်ပါယာ ပြည့်ရှင် ကွန်စတန်တိုင်းသည် နိုင်စီးယား ဒေသတွင် အသင်းတော် သာသနာ့ အစည်းအဝေးကြီးကို စတင်နိုင်ရန် ထောက်ပံ့ပေးသည်။
ထို သာသနာ့ အစည်းအဝေးသည် ရောမ အင်ပါယာ တစ်ခုလုံးရှိ ခရစ်ယာန် အသင်းတော် ဆရာတော်ကြီးများ၊ ရဟန်းများကို ပင့်ဖိတ်ကာ ဆွေးနွေးကြသည့် သာသနာ့ အစည်းအဝေး ဖြစ်ခြင်းကြောင့် အလွန် ထူးခြားလှသည်။
ခရစ်တော်သည် လူအဖြစ်၊ ဘုရားအဖြစ်ကို ငြင်းပယ်သည့် အာရီးယပ်စ် Arius ၏ အယူဝါဒမှားအား အစည်းအဝေးကြီးမှ မဲအပြတ်အသတ်ဖြင့် ငြင်းပယ်ကြောင်း ကြေညာသည်။
ခရစ်တော်သည် “ခမည်းတော် ဘုရားနှင့် တလုံး တဝတည်း ဖြစ်ကြောင်း” နိုင်စီးယန်း အစည်းအဝေးကြီးမှ ကြေညာသည်။
နိုင်စီးယန်း သာသနာ့ အစည်းအဝေးကြီးမှ ယုံကြည်ခြင်းဆိုင်ရာ ကြေညာချက်သည် ယနေ့ထက်တိုင်အောင် ကက်သလစ်၊ သြသိုဒေါ့နှင့် အခြား ခရစ်ယာန် အသင်းတော်များက လက်ခံယုံကြည်ကြသည်။
မစ္ဆားတရားအချိန်တွင် ယုံကြည်ရာ အနှစ်ချုပ်ကို ယနေ့တိုင် ရွတ်ဆိုကြသည်။

အေဒီ ၃၆၅ - ၄၀၀ ခုနှစ်

Caesarea ဆီဆာရီယားဒေသတွင် Basis ဘားဆစ်၊ Milan မီလန်တွင် Ambrose စိန့်အန်းဘရို့နှင့် Constantinople ကွန်စတန်တီနိုပယ်မြို့ (လက်ရှိ အန်ကာရာမြို့)တွင် ဂျွန် ခရေစွန်စတွမ် John Chrysostom ကဲ့သို့သော ဆရာတော် (ဘိရှော့) သီအိုလော်ဂျီ ဓမ္မသဂြိုလ် ပညာရှင်ကြီးများ ပေါ်ထွန်းခဲ့သည်။
စိန့်ဂျေရုမ်းသည် ဂျေရုစလင်တွင် အခြေချကာ ကျမ်းစာတော်မြတ် တစ်အုပ်လုံးကို လက်တင်ဘာသာသို့ ပြန်ဆိုသည်။
သက်ဆာလောနိက ဒေသတွင် လူများစွာ သတ်ဖြတ်သည့် အတွက်ကြောင့် ရောမ အင်ပါယာ သီအိုဒီုးဆီးယပ်စ် Theodosius အား အသင်းတော်မှ နောင်ကြဉ်ကြောင်း စိန့်အန်းဘရို့က ကြေညာခဲ့သည်။

အေဒီ ၃၈၁ ခုနှစ်

ကွန်စတန်တီနိုပယ် မြို့တွင် ပထမအကြိမ် ကျင်းပသည့် သာသနာ့ အစည်းအဝေးကြီး 1st Council of Constantinople တွင် ကွန်စတန်တီနိုပယ် ဒေသ အသင်းတော်အား ရောမ အသင်းတော် နောက်တွင်ထားရှိကာ ဂျေရုစလင်၊ အန်းတီးရော့နှင့် အလက်ဇန်းဒြီးယား အသင်းတော်များထက် အဆင့် မြင့်ကြောင်း ကြေညာသည်။
ရှေးခေတ် ခရစ်ယာန် အသင်းတော်တွင် အဓိက အသင်းတော် သာသနာနယ်မြေကြီး ၅ ခုရှိသည်။ Patriarchy Seals ဟု ခေါ်တွင်သည့် ထိုသာသနာ့ နယ်မြေ ငါးခုမှာ ရောမ၊ ဂျေရုစလင်၊ အလက်ဇန်းဒြီးယား၊ ကွန်စတန်တီနိုပယ်နှင့် အန်းတီးရော့တို့ ဖြစ်ကြသည်။

အေဒီ ၄၁၀ ခုနှစ်

Augustine of Hippo ဟစ်ပိုမြို့မှ စိန့်သြဂတ်စတင်းသည် ကျော်ကြားလာသည်။ Donatism/ Manichaeism နှင့် Pelagianism တို့ကဲ့သို့သော ခရစ်ယာန် ယုံကြည်ခြင်းအား တိုက်ခိုက်သည့် အယူဝါဒလွဲများအား စိန့်သြဂတ်စ်စတင်းက ထုံးတမ်းအစဉ်အလာ Orthodoxy အား ထိန်းသိမ်း၍ ခုခံကာကွယ်နိုင်ခဲ့သည်။

အေဒီ ၄၃၁ ခုနှစ်

အေဖက်ဆု ဒေသတွင် ကျင်းပပြုလုပ်သည့် သာသနာ့ အစည်းအဝေးကြီး Council of Ephesus တွင် Nestorius နက်စ်တိုးရီးယပ်စ် နှင့် သူ၏ အယူဝါဒလွဲမှားနေမှုအား ဆန့်ကျင်ကြောင်း ကြေညာသည်။
နက်စ်တိုးရီးယပ်စ်က မေရီ၊ ခရစ်တော်၏ မိခင်သည် ဘုရား၏ အမေ၊ မယ်တော်မဟုတ်ကြောင်း အယူဝါဒလွဲကို သွန်သင်ခဲ့သည်။
အေဖက်ဆု သာသနာ့ အစည်းအဝေးကြီးဖြင့် မေရီ၊ အမိမယ်တော်သည် ဘုရား၏ အမေ၊ ဘုရား၏ မိခင်၊ Theotokos သီအိုဒေါ်ကော့စ် ဖြစ်ကြောင်း ဘွဲ့နာမတော်မြတ်ကို ဆက်လက် ထိန်းသိမ်းပေးနိုင်ခဲ့သည်။

အေဒီ ၄၅၁ ခုနှစ်

ချယ်လ်စီဒွန် သာသနာ့ အစည်းအဝေးကြီး Council of Chalcedon တွင် ခရစ်တော်သည် (ဘုရားအဖြစ်နှင့် လူ့အဖြစ်ဟူသည့်) အဖြစ် နှစ်မျိုးဖြင့် တည်ရှိသော သူတစ်ဦး ဖြစ်ကြောင်း ကြေညာသည်။
ဆီးရီးယန်း အသင်းတော်နှင့် ကော့ပ်တစ် ခရစ်ယာန်များ Coptic Christians သည် ထိုကြေညာချက်အား ငြင်းပယ်သည်။
ခရစ်တော်သည် သဘာဝ တစ်မျိုးသာ ရှိသည်ဟု လက်ခံသူများ Mono-physites ဟု အမည်ပေးခြင်း ခံရသည်။

အေဒီ ၄၃၀ ခုနှစ်

စိန့် ပက်ထရစ်သည် အိုင်ယာလန်ကျွန်းသို့ သွားရောက် သာသနာပြုသည်။

အေဒီ ၄၅၅ ခုနှစ်

Vandals ဗန်ဒဲလ် လူရိုင်းတပ်များသည် ရောမမြို့အား ဖျက်စီး လုယက်သည်။ အခြားသော လူရိုင်းတပ်များသည်လည်း ရောမ အင်ပါယာ တလွှား မြို့များ၊ ရပ်ရွာများကို ဖျက်ဆီးလုယက်ခြင်းများ ဆက်တိုက် ပြုလုပ်သည်။
ရောမမြို့တွင် အုပ်ချုပ်သူများ မရှိတော့သဖြင့် ခရစ်ယာန် အသင်းတော်၏ ဥသျှောင် ပုပ်ရဟန်းမင်းကြီး မဟာ လီယိုက ညှိနှိုင်းဆောင်ရွက်ပေးသည်။

အေဒီ ၄၉၆ ခုနှစ်

မာရိုဗင်းဂျီးယမ်း မိသားစုဝင် ဖရန့် လူမျိုး (ပြင်သစ်) ဘုရင် ကလောဗစ် Clovis, Merovingian king of Franks သည် ခရစ်ယာန် တစ်ဦး ဖြစ်လာကာ ပြင်သစ် တစ်နိုင်ငံလုံး မရှေးမနှောင်း ခရစ်ယာန် ယုံကြည်ခြင်း ရရှိခဲ့သည်။

အေဒီ ၅၂၇ - ၅၆၅ ခုနှစ်

ရောမ အင်ပါယာသည် အရှေ့နှင့် အနောက် ရောမ အင်ပါယာ အဖြစ် နှစ်ပိုင်းကွဲသွားသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
အရှေ့ ရောမ အင်ပါယာ ပြည့်ရှင် ဂျက်စတင်းနီးယမ်းသည် မြောက်အာဖရိကတိုက်ရှိ Vandal ဗန်ဒဲလ် လူမျိုးများနှင့် အီတလီတွင် ကြီးစိုးနေသော ဂေါ့လူမျိုး Goths များအား တိုက်ခိုက် အောင်နိုင်ခဲ့သည်။
အင်ပါယာ ဂျက်စတင်းနီးယမ်း လက်ထက်တွင် ဂျက်စတင်းနီးယမ်း ဥပဒေ Justinian Code အားဖြင့် နိုင်ငံတော် ဥပဒေ အားကောင်းရန် ဆောင်ရွက်နိုင်ခဲ့သည်။
ထိုဂျက်စတင်းနီးယမ်း ဥပဒေသည် အနောက် ဥရောပတိုက်တွင် အားကောင်းလာမည့် အုပ်ချုပ်ရေး ဥပဒေ Civil Law နှင့် သာသနာရေးရာ ဥပဒေ Canon Law တို့အတွက် အခြေခံ ဖြစ်လာခဲ့သည်။

ဧကရာဇ် ဂျက်စတင်းနီးယမ်းသည် ကွန်စတန်တီနိုပယ်တွင် ဆိုဖီယာ အမည်ရှိ ဘုရားကျောင်းကြီးကို ပြန်လည် တည်ဆောက်ခဲ့သည်။ ထိုဘုရားကျောင်းတော်ကြီးသည် ကမ္ဘာ့အံ့ဖွယ်တွင် တစ်ခု အပါအဝင် ဖြစ်သည်။ လက်ရှိ အချိန်၌ အန်ကာတာမြို့တွင် ထိုဘုရားကျောင်းကြီးအား ဗလီအဖြစ် တူရကီ အာဏာပိုင်များက သတ်မှတ် အသုံးပြုနေသည်။

အေဒီ ၅၅၀ ခုနှစ်

Nursia ဒေသမှ စိန့် ဘက်နဒစ်သည် မွန်တီ ကာဆီနို Conte Cassino ဒေသ၌ ရသေ့ကျောင်းဆောက်ကာ ရသေ့အသင်း ပုံစံ ဝတ်ပြုကိုးကွယ်ခြင်းကို ပြုလုပ်သည်။ ၎င်းသည် နောင်ကာလတွင် အနောက်ဥရောပ တစ်ခုလုံး၏ ခရစ်ယာန် ရသေ့ ဆုတောင်းဝတ်ပြုခြင်း ပုံစံအတွက် အုတ်မြစ်ဖြစ်လာခဲ့သည်။

ကွန်စတန်တီနိုပယ်တွင် ဒုတိယ သာသနာ့ အစည်းအဝေးကြီး Second Council of Constantinople ကို ကျင်းပရာ နက်စ်တိုးရီးယမ်း ဝါဒီ Nestorians များအား ရင်ဆိုင်နိုင်ရန် ဆွေးနွေးခဲ့သည်။

အေဒီ ၅၆၀ - ၆၀၀ ခုနှစ်

စိန့်ကိုလမ်ဘတ်စ်သည် အိုင်အိုးနား Iona ဒေသတွင် ရသေ့အသင်းတစ်ခုကို တည်ထောင်ခဲ့သည်။ ယင်းသည် နှောင်းပိုင်းတွင် လူသိများသော Irish Monasticism အိုင်ယာလန်ပုံစံ ရသေ့ကျောင်းပုံစံဟု လူသိများလာခဲ့သည်။ ပုပ်ရဟန်းမင်းကြီး မဟာ ဂရီဂိုရီသည် ဗာတီကန်အား ဗဟိုအဖြစ် သတ်မှတ်ခဲ့ကာ ခရစ်ယာန် ရသေ့များအား ထောက်ပံ့ခြင်း၊ ရောမပုံစံ မစ္ဆားဝတ်ပြုကိုးကွယ်ခြင်း Roman Liturgy အား ပြန့်ပွားစေခြင်းတို့အား ပြုလုပ်ခဲ့သည်။ ပုပ်ဂရီဂိုရီသည် ကန်တာဘာရီ Canterbury ဒေသသို့ စိန့် သြဂတ်စတင်းအား အင်္ဂလန်ကျွန်းအား သာသနာပြုရန် စေလွှတ်ခဲ့သည်။

Seville ဒေသမှ အီစီဒေါ Isadore သည် အနောက်ဥရောပအတွက် အကျိုးဖြစ်ထွန်းစေခဲ့သော ဗဟုသုတ စွယ်စုံကြမ်းကြီး Encyclopedia of Knowledge ကို ရေးသားပြုစုပေးခဲ့သည်။

အေဒီ ၆၂၂ - ၆၃၈ ခုနှစ်

ပရောဖက် မိုဟာမက်အားဖြင့် အစ္စလာမ် ဘာသာ စတင် ပေါ်ပေါက်လာ၍ အစ္စလာမ် ပြက္ခဒိန် ပထမနှစ်ကို စတင်သည်။
အာရပ်စစ်တပ်များသည် ဂျေရုစလင်မြို့အား အရှေ့ရောမသား ခရစ်ယာန်များလက်မှ တိုက်ခိုက် သိမ်းယူခဲ့သည်။

အေဒီ ၆၈၁ ခုနှစ်

ကွန်စတန်တီနိုပယ်တွင် တတိယအကြိမ် ကျင်းပသော သာသနာ့ အစည်းအဝေးကြီး Third Council of Constantinople တွင် ခရစ်တော်သည် ဘုရားအဖြစ်၊ လူ့အဖြစ်နှင့် တည်ရှိကြောင်း၊ ခရစ်တော်သည် ထိုအဖြစ် နှစ်ခုဖြင့် two wills အလိုစိတ် နှစ်မျိုးရှိကြောင်း လက်ခံသည်။

အေဒီ ၇၂၆ ခုနှစ်

အရှေ့ ရောမ အင်ပါယာနယ်မြေများသည် အာရပ် မွတ်စလင်တပ်များအား စစ်ရှုံးကြသည်ဖြစ်ရာ ထိုသို့ စစ်ရှုံးရခြင်းသည် ဘုရား၊ မယ်တော်နှင့် တပည့်တော်များအား ပုံဆွဲ၊ ရုပ်တုထုခြင်းကြောင့် ဖြစ်သည်ဟူသည့် အယူလွဲများကို အချို့ ခရစ်ယာန်များက စတင်လက်ခံလာကြသည်။ ဤသို့ဖြင့် ထိုခရစ်ယာန်များသည် အလွန်လှပသော သန့်ရှင်းသည့် ရုပ်ပုံ ပန်းချီးကား၊ ဆင်းတုတော်များအား ရိုက်ချိုးဖျက်ဆီးလာကြသည်။ ထိုသို့သော အယူဝါဒလွဲကြောင့် ဖြစ်လာသည့် ပြဿနာကြီးကို Iconoclast controversy ဟု ခေါ်သည်။ ထိုခရစ်ယာန်များက ၎င်းတို့၏ အယူဝါဒမှားများ အတွက် ကျမ်းကိုးကားသည်များရှိသော်လည်း ခရစ်ယာန် အသင်းတော် ဥသျှောင်များက ထိုလုပ်ရပ်သည် မှားယွင်းကြောင်း တားမြစ်သည်။

အေဒီ ၇၃၂ ခုနှစ်

မွတ်စလင် စစ်တပ်များသည် ခရစ်ယာန်မြို့များအား စဉ်ဆက်မပြတ် တိုက်ခိုက်သိမ်းယူနေခြင်းကြောင့် မက်ကာမြို့တွင် စတင်ခဲ့သည့် မွတ်စလင် စစ်တပ်များသည် အချိန်ကာလတိုအတွင်း အာဖရိကတိုက် မြောက်ပိုင်း တစ်ခုလုံး၊ အာရှမိုင်းနား၊ စပိန်ကျွန်းဆွယ်တစ်ခုလုံးကို သိမ်းပိုက်ပြီး ဖြစ်သည်။ မွတ်စလင် စစ်တပ်များသည် အီတလီကျွန်းဆွယ်နှင့် ပြင်သစ်နိုင်ငံတောင်ပိုင်းသို့လည်း စိမ့်ဝင်ရန် ကြိုးပမ်းလာသည်။ ဤသို့ဖြင့် (ပြင်သစ်) ဖရန့်လူမျိုးတို့၏ ဘုရင် ရှားလမိန်းဟု လူသိများသော ချားမာတယ်၊ Charles Martel နှင့် သူ၏ ခြေသည်တော်တပ်များသည် အားကောင်းသော မွတ်စလင် မြင်းတပ်ကြီးကို Potier ပေါ်တီးယားဒေသတွင် ချေမှုန်းနိုင်လိုက်ခြင်းကြောင့် မွတ်စလင်တို့၏ ဥရောပတိုက် တစ်ခုလုံး သိမ်းယူမည့် အစီအစဉ် ခေတ္တ ရပ်တန့်သွားခဲ့သည်။

အချို့ သမိုင်းပညာရှင်များက ထိုမွတ်စလင် ထိုးစစ်ကြီးအား ရှားလမိန်းနှင့် ဖရန့်စစ်တပ်တို့က ချေမှုန်းနိုင်ခြင်း မရှိခဲ့လျှင် ဥရောပတိုက်တစ်ခုလုံး၏ သမိုင်းကြောင်း လားရာသည် ယခု လက်ရှိအခြေအနေထက်ပင် အလွန် ခြားနားလိမ့်မည်ဟု မှတ်ချက်ပြုကြသည်။

အေဒီ ၇၈၀ - ၈၃၀ ခုနှစ်

ရှားလမိန်း Charlemagne သည် အေဒီ ၈၀၀ ခုနှစ်၊ ခရစ်ယာန် ပွဲနေ့ကြီးတွင် First Holy Roman Emperor သန့်ရှင်းသော ရောမ အင်ပါယာကြီး၏ ပထမဆုံး အင်ပါယာ ပြည့်ရှင်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ကောင်းကြီးပေး တင်မြှောက်ခဲ့သည်။ ရှားလမိန်းလက်ထက်တွင် ခရစ်ယာန် အသင်းတော်၊ ဘုန်းတော်ကြီး၊ ပညာတတ်များ၏ ပံ့ပိုးမှုကြောင့် ကာရိုလိုင်း ဂျီးယန်း ဥာဏ်အလင်းခေတ် Carolingian Renaissance ဟု အမည်တွင်သော ရွှေခေတ်ကို ရရှိခဲ့သည်။ စိန့် ဆီရီယယ်နှင့် မက်တိုးဒီးယပ်စ်တို့သည် အရှေ့ဥရောပရှိ စလပ်လူမျိုးများအား သာသနာပြုနိုင်ခဲ့သည်။ ဘဂ္ဂဒက်တွင် ဂရိ တွေးခေါ်ပညာရှင်များ အကြောင်းကို အာရပ်ဘာသာသို့ ဘာသာပြန်နိုင်ခဲ့သည်။ တောင်ပိုင်း စပိန်တွင် မွတ်စလင်၊ ဂျူးနှင့် ခရစ်ယာန်များ ယှဉ်တွဲနေထိုင်ခြင်း အစပြုခဲ့သည်။

အေဒီ ၈၄၃ - ၁၀၀၀ ခုနှစ်

Iconoclasm ဘုရားပုံတော်၊ ဆင်းတုတော်များအား လက်မခံ ဖျက်ဆီးသည့် အယူဝါဒ ကျရှုံးကာ ထုံးတမ်း အစဉ်အလာ ခရစ်ယာန်များ အောင်ပွဲဆင်နိုင်ခဲ့သည်။ အရှေ့ ရောမအင်ပါယာတွင် ခရစ်ယာန် ဘုရားကျောင်းများ၌ ဘုရားဆင်းတု၊ ပုံတော်များအား ပြန်လည် အသုံးပြု သပ္ပာယ်လာကြသည်။

အေဒီ ၈၄၆ ခုနှစ် - အာရပ် မွတ်စလင်စစ်တပ်များသည် နောက်ဆုံးတွင် ခရစ်ယာန်တို့၏ အချက်အခြာ ရောမမြို့တော်အား တိုက်ခိုက် အနိုင်ရပြီးနောက် ဒေသအား ဖျက်ဆီးခြင်း၊ အဖိုးတန် ပစ္စည်းများအား သိမ်းယူကြသည်။ အေဒီ ၈၄၈ ခုနှစ်တွင် အာရပ်စစ်တပ်သည် အီတလီတောင်ပိုင်း စစ္စလီဒေသအား အောင်နိုင်ကြပြန်သည်။ အေဒီ ၈၈၀ ခုနှစ်တွင် အီတလီ မြောက်ပိုင်းတွင်မူ ရောမ အင်ပါယာ Basil ဘာဆီးက အာရပ်စစ်တပ်များအား တွန်းလှန် တိုက်ထုတ်နိုင်ခဲ့သည်။ အေဒီ ၉၉၀ ခုနှစ်တွင် ရုရှားဒေသ အုပ်ချုပ်သူ Prince Vladimir ဗလာဒီမာသည် ခရစ်ယာန် ယုံကြည်ခြင်းအား ရုရှားတွင် ပြန့်ပွားစေခဲ့သည်။ Holy Roman Emperor Otto I သန့်ရှင်းသော ရောမအင်ပါယာ ပြည့်ရှင် ပထမမြောက် အော်တိုသည် ဆရာတော်များ၊ ရသေ့ကျောင်း အကြီးအကဲများကို အင်ပါယာနယ်အတွင်းရှိ အုပ်ချုပ်မှုများအတွက် ရာထူးပေး ခန့်အပ်မှုများ စတင် ပြုလုပ်ခဲ့သည်။

အေဒီ ၉၀၉ ခုနှစ်

နာမည်ကျော် Cluny Monastery ကလူနီ ရသေ့ကျောင်းကို တည်ထောင်သည်။ ထိုကလူနီ ရသေ့အသင်းအားဖြင့် Early Middle Ages အစောပိုင်း အလယ်ခေတ်များ တလျှောက် အသင်းတော်၏ ပြုပြင်ပြောင်းလဲမှုများ Reform အတွက် အဓိက ဗဟို ဖြစ်ခဲ့သည်။

အေဒီ ၉၆၁ ခုနှစ်

Mt. Athos အမည်ရှိ ရသေ့ အသင်းကို တည်ထောင်သည်။ ၎င်းသည် အရှေ့ပိုင်း ခရစ်ယာန် အသင်းတော် အတွက် ရသေ့ကျောင်း၊ ဝတ်ပြုကိုးကွယ်မှုအတွက် ယနေ့ခေတ်အထိတိုင် အရေးပါနေခဲ့သည်။

အေဒီ ၁၀၀၀ - ၁၂၀၀

ပုပ်ရဟန်းမင်းကြီးကသာလျှင် ဆရာတော်များ ခန့်အပ်သည် ဖြစ်ရာ HRE (Holy Roman Emperor သန့်ရှင်းသော ရောမ အင်ပါယာပြည့်ရှင် အတွက် အတိုကောက်ကို HRE ဟုသာ သုံးပါတော့မည်၊) အင်ပါယာ ပြည့်ရှင် စတုတ္ထမြောက် ဟန်နရီက ဘောင်ကျော်၍ ဆရာတော်များ သူအုပ်ချုပ်သည့် ဒေသအတွင်း ခန့်အပ် တင်မြှောက်သဖြင့် အတိုက်အခံ ဖြစ်ခဲ့သည်။ အဆုံးတွင် အေဒီ ၁၀၇၆ ခုနှစ်တွင် သတ္တမမြောက် ပုပ်ဂရီဂိုရီက အင်ပါယာ ဟန်နရီ (၄)အား Excommunicate အသင်းတော်မှ နောင်ကြဉ်ခဲ့သည်။

အေဒီ ၁၀၉၉ ခုနှစ်၊ ပြင်သစ်နိုင်ငံ တောင်ပိုင်း ကလဲမောင့် ဒေသတွင် ရဟန်းမင်းကြီး ဒုတိယမြောက် အာဗင် Urban II က မွတ်စလင်တပ်များက ခရစ်ယာန် မြို့ကြီးများအား သိမ်းယူထားမှုကို ပြန်လည် သိမ်းပိုက်ရန် လိုအပ်ကြောင်း ရှင်ဘုရင်၊ မင်းညီမင်းသားနှင့် အရပ်သား လူထုအား နာမည်ကျော် မိန့်ခွန်း ဟောပြောကြေညာသည်။ ပထမ ခရုဆိတ် တပ်များသည် အခက်အခဲများကြားမှ အင်အားကောင်းသည့် မွတ်စလင်ခံတပ်များအား ချေမှုန်းနိုင်ခဲ့ကာ သန့်ရှင်းသော မြေဖြစ်သည့် ဂျေရုစလင်မြို့အား ပြန်လည် ရရှိခဲ့သည်။ သို့သော် မြို့ကို ပြန်လည် ရရှိသည့် သတင်းကောင်းကို ပုပ်အာဗင် (၂)ကိုယ်တိုင် မကြားခဲ့ရပဲ ပုပ်အာဗင် ကွယ်လွန်ခဲ့သည်။

ဆစ်တားရီးယမ်း အသင်းဂိုဏ်းကို ၁၀၉၈ ခုနှစ်တွင် စတင် တည်ထောင်သည်။ ထိုအသင်းဂိုဏ်းသည် နာမည်ကျော် ရသေ့ အသင်းဖြစ်ကာ ကလဲဗောက်မှ စိန့်ဘားနက် Bernard of Clairvaux ဖြစ်သည်။ သူသည် သီအိုလော်ဂျီ ဓမ္မသဂြိုလ်ပညာတွင် ကျိုးကြောင်းဆီလျော်ခြင်း Reason အား ပေါင်းစပ်တွေးခေါ်နိုင်သူ ဖြစ်သည်။
အေဒီ ၁၁၇၀ ခုနှစ် အင်္ဂလိပ်ကျွန်းတွင် ဘုရင်အား ထောက်ပြသွန်သင်မှုကြောင့် စိန့်သောမတ်စ် ဘက်က်က် Thomas Becket အား အင်္ဂလိပ်ဘုရင် ဒုတိယမြောက် ဟန်နရီက မစ္ဆားစင်ပေါ်တွင် လုပ်ကြံရန် အမိန့်ပေးသတ်ခဲ့သည်။
Scholastic Theology သီအိုလော်ဂျီအား လူအများ လေ့လာနိုင်ရန် ကက်သလစ် ခရစ်ယာန် အသင်းတော်က ထောက်ပံ့မှု စတင်သည်။ Gothic Cathedrals ဂေါ့သစ် ပုံစံ ဘုရားကျောင်းတော်ကြီးများ တည်ဆောက်ခြင်း စတင် ခေတ်စားလာသည်။

အေဒီ ၁၂၀၀ - ၁၃၀၀

အေဒီ ၁၂၀၉ ခုနှစ်တွင် အီတလီ အစီစီမြို့မှ စိန့်ဖရန်စစ် Francis of Assisi နှင့် အေဒီ ၁၂၁၅ ခုနှစ်တွင် Dominic of Guzman ဂုဇ်မန်ဒေသမှ စိန့် ဒေါ်မနစ်တို့သည် တောင်းရမ်းစားသောက်ခြင်းဖြင့် ဆုတောင်းရှင်သန်နေထိုင်သော အသင်းဂိုဏ်းများ Mendicant Orders အား တည်ထောင်ခဲ့သည်။ စိန်ဖရန်စစ် အသင်းဂိုဏ်းနှင့် စိန့်ဒေါမနစ်အသင်း၊ ဒိုမီနီကန်များဟု ခေါ်သည်။
နာမည်ကျော် တတိယမြောက် ပုပ်အင်နိုးဆင့် Innocent III သည် အေဒီ ၁၁၉၈ မှ ၁၂၁၆ ခုနှစ်အကြား အုပ်စိုးသည်။ စတုတ္ထမြောက် လက်တရမ် သာသနာ့ အစည်းအဝေးကြီး Lateran Council IV တွင် ကိုယ်တော်မြတ်သည် မစ္ဆားအချိန်တွင် အဆင်းသဏ္ဍန် ပြောင်းလဲခြင်း ဖြစ်ကြောင်း Transubstantiation ကြေညာသည်။ ဆက်လက်၍ ခရစ်ယာန်တိုင်းသည် တစ်နှစ်တစ်ကြိမ် အာပတ်ဖြေခြင်းနှင့် ကိုယ်တော်မြတ် ပင့်ယူရန် လိုအပ်ကြောင်း ကြေညာသည်။

၁၂၀၄ ခုနှစ်တွင် စတုတ္ထမြောက် ခရုဆိတ်တွင် ပါဝင်သူ စစ်သားများသည် လောဘသားကောင်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဗင်းနစ်မြို့စားကြီး၏ တိုက်တွန်းမှုကြောင့် ခရစ်ယာန် မြို့တော်ကြီး ကွန်စတန်တီနိုပယ်ကို တိုက်ခိုက်သိမ်းပိုက်၍ လက်တင် နိုင်ငံတော်ကို တည်ထောင်ကြောင်း ကြေညာသည်။ ထိုသို့ အမိန့်နာခံခြင်း မရှိပဲ ခရစ်ယာန် အချင်းချင်း တိုက်ခိုက်ခြင်းကြောင့် ပုပ်ရဟန်းမင်းကြီးသည် စတုတ္ထမြောက် ခရုဆိတ်တွင် ပါဝင်သူ အားလုံးအား အသင်းတော်မှ ထုတ်ပယ်၍ ပြစ်ဒဏ်ပေးသည်။ စတုတ္ထမြောက် ခရုဆိတ် စစ်သားတို့၏ ထိုလုပ်ရပ်ကြောင့် လက်ရှိ ခေတ်ကာလအထိ ကက်သလစ်ခရစ်ယာန်နှင့် သြသိုဒေါ့ ခရစ်ယာန် (အရှေ့တိုင်း) အသင်းတော်အကြား အမဲစက် စွန်းထင်းစွဲကျန်နေသည်။

အင်္ဂလန်တွင် ဘုရင်စနစ်အား အာဏာကန့်သတ်သော Magna Carta မက်နာ ကာတာကို အေဒီ ၁၂၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

၁၂၅၀ နှစ်များတွင် စိန့် ဘိုနာဗင်းချား Bonaventure နှင့် စိန့် သောမတ် အကွိုင်းနက်စ် St. Thomas Aquinas ကဲ့သို့သော သီအိုလော်ဂျီ ပညာရှင်များ အသင်းတော်တွင် ထွန်းပေါက်ခဲ့သည်။
ထိုနှစ်များတွင် ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ Albigensians/ Cathari (လောကကြီးကို နတ်ဆိုးနှင့် တမန်တော်ကောင်းတို့ ကြီးစိုးသည်ဟူသော အယူဝါဒမှား)တို့အား တန်ပြန်ရန် အလို့ငှာ အသင်းတော် စုံစမ်းစစ်ဆေးရေး ခုံရုံး Inquisition ကို စတင် ဖွဲ့စည်းခဲ့သည်။ Inquisition ၏ ရည်ရွယ်ချက်မှာ အယူဝါဒလွဲမှားသူအား Logically ကျိုးကြောင်းဆီလျော်စွာ စဉ်းစားလက်ခံနိုင်စေရန် ဆွေးနွေးမှုများ Debate ပြုလုပ်၍ အမှန်တရားအား လက်ခံလာစေရန် မေတ္တာတရားဖြင့် ကြိုးပမ်းခြင်း ဖြစ်သည်။

အေဒီ ၁၃၀၀ - ၁၅၀၀ ခုနှစ်

ပုပ်ရဟန်းမင်းကြီး ဘော်နီဖေ့စ် (၈) Boniface VIII က Unam Sanctam အူနမ် ဆမ်တမ် အမည်ရှိ စာချွန်တော်အား အေဒီ ၁၃၀၂ ခုနှစ်တွင် ရေးသားထုတ်ပြန်သည်။ ထိုစာချွန်တော်တွင် ပုပ်ရဟန်းမင်းကြီး၏ သြဇာအာဏာသည် လောကုတ္တရာရေးရာ သာမက လောကီရေးရာတွင်သာ ကြီးစိုးမှုရှိကြောင်း ကြေညာချက်ကို တွေ့ရှိနိုင်သည်။ ထိုခေတ်အခါက ပုပ်ရဟန်းမင်းကြီးနှင့် အင်ပါယာပြည့်ရှင်များအကြား (လောကီ၊ လောကုတ္တရာ) အုပ်ချုပ်ရေး ကိစ္စရပ်များတွင် ထိပ်တိုက်မှုများ အလွန်မြင့်မားနေချိန် ဖြစ်သည်။

ဗာတီကန်၊ အီတလီတွင် အင်အားချိနဲ့လာကာ ပြင်သစ်မင်းဆက် အင်အားကောင်းလာခြင်းနှင့် ပြင်သစ်တို့၏ နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး ဖိအားများကြောင့် ပုပ်ရဟန်းမင်းကြီးများသည် အာဗင်းညွန်ဒေသတွင် သွားရောက်နေထိုင်သည့် ခေတ်ရှိခဲ့သည်။ ၎င်းခေတ်ကာလ (အေဒီ ၁၃၀၉ - ၁၃၇၇ ခုနှစ်)ကို Avignon Papacy အာဗင်းညွန်တွင် ရဟန်းမင်းကြီး အခြေစိုက်သည့် ခေတ်ဟု ခေါ်သည်။ စင်ပြိုင်ရဟန်းမင်းကြီး ၂ ပါးမှ ၃ ပါးအထိ ပေါ်ထွက်လာခဲ့ခြင်းကြောင့် ကက်သလစ် အသင်းတော်အတွင်း ရှုပ်ထွေးမှုများ ပေါ်ပေါက်ခဲ့သည်။ ကက်သလစ် ဘာသာဝင်များနှင့် ကက်သလစ် ဘုရင်များအနေဖြင့် ပုပ် ၂ ပါး၊ ၃ ပါးမှ မည်သည့် ရဟန်းမင်းကြီးအား အတည်ပြု လက်ခံရမည်ကို နားမလည် ရှုပ်ထွေးနေခဲ့သည်။
ထိုသို့သော အချိန်တွင် နှောင်းပိုင်း၌ အသင်းတော်၏ ဒေါက်တာ Doctor of the Church ဟု ခေါ်တွင်ခြင်း ခံရသူ ဆီရဲနာမြို့မှ စိန့်ကက်သရင်း St. Catherine of Siena သည် အာဗင်းညွန် ဒေသရှိ ရဟန်းမင်းကြီးကို ရောမမြို့သို့ ပြန်ရန် ရဲရဲတောက် တိုက်တွန်းနိုင်ခဲ့သည်။

ပြင်သစ်နှင့် အင်္ဂလိပ် ဘုရင်များအကြား ပြင်သစ် နန်းလုပွဲ နှစ်တစ်ရာ စစ်ပွဲ ဖြစ်ပွားခဲ့သည်။ ကာလအားဖြင့် ၁၃၃၇ - ၁၄၅၃ ခုနှစ်အကြား ဖြစ်သည်။ ထိုစစ်ပွဲသည် နှစ်ကာလ ကြာရှည်ခြင်း၊ အပျက်အစီးများခြင်းကြောင့် ဥရောပတိုက်ကို သက်ရောက်မှုရှိခဲ့သည်။ အသက် ၁၈ နှစ်အောက် ပြင်သစ် လူငယ် အမျိုးသမီး Joan of Arc စိန့်ဂျုံးသည် ဘုရားသခင်၏ ရူပါရုံ လမ်းပြမှုကို ခံယူကာ ပြင်သစ်စစ်တပ်မဟာကြီးကို ဦးဆောင်၍ စစ်စွမ်းရည် ပြည့်ဝသော အင်္ဂလိပ်စစ်တပ်၊ နာမည်ကျော် လေးသည်တော်များအား တိုက်ထုတ်နိုင်ခဲ့ကာ ပြင်သစ်နိုင်ငံ စစ်ရှုံးမည့် အရေးမှ ကယ်တင်ပေးနိုင်ခဲ့သည်။ ပြင်သစ်နိုင်ငံက စိန့် ဂျူံး Joan of Arc အား ပြင်သစ်နိုင်ငံအတွက် စိန့်အဖြစ် သတ်မှတ်ထားသည်။

အေဒီ ၁၃၇၈ - ၁၄၁၇ ခုနှစ်အကြား အနောက်ဥရောပတွင် အသင်းတော်အတွင်း ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့သည်။ Western Schism ဟု လူသိများသော ထိုခေတ်ကာလတွင် ပုပ်ရဟန်းမင်းကြီးအား စင်ပြိုင် ပုခုံးချင်း ယှဉ်သည့် ပုပ်ရဟန်းမင်းကြီးများအား နိုင်ငံအလိုက် ဆရာတော်၊ ဘိရှော့ ကာဒီနယ်များက စင်ပြိုင် တင်မြှောက်ကြသည်။ ပုပ်နှင့် ပုပ်ဆန့်ကျင်သည့် ပုပ်များ Pope and Anti-Pope များ အကြား လွန်ဆွဲသည့် ကာလ ဖြစ်သည်။

အေဒီ ၁၄၁၄ - ၁၄၁၈ အကြား ကျင်းပသော ကွန်စတန့် သာသနာ့ အစည်းအဝေးကြီး Councils of Constance တွင် ပုပ်ရဟန်းမင်းကြီးနှင့် သာသနာ့ အစည်းအဝေးသည် မည်သည်က ပိုမို သာလွန်ကြီးမြတ်ကြောင်း အတိုက်အခံ ဖြစ်ခဲ့သည်။

အေဒီ ၁၄၅၃ ခုနှစ်

အရှေ့တိုင်း ရောမ အင်ပါယာ၏ အဓိက ခရစ်ယာန် မြို့တော် ကွန်စတန်တီနိုပယ်သည် မွတ်စလင် တူရကီများ လက်အတွင်း ကျဆုံးခဲ့သည်။ ဤသို့ဖြင့် အရှေ့ရောမ အင်ပါယာ နိဂုံးချုပ်ခဲ့သည်။

အေဒီ ၁၄၉၁ ခုနှစ်

စပိန်ကျွန်းဆွယ်တွင် စပိန်ပြည့်ရှင် ဇနီးမောင်နှံ အုပ်ချုပ်သူ ဖာဒီနန်နှင့် အစ္စဘဲလာ Ferdinand and Isabella တို့သည် မောလ်စ် Moors မွတ်စလင်များအား အပြီးတိုင် တိုက်ထုတ်အောင်နိုင်ခဲ့သည်။ ယင်းနောက် စပိန်ပြည့်ရှင်များသည် ကိုလန်ဘတ်စ်ကို ကမ္ဘာသစ်ရှာပုံတော် အတွက် ထောက်ပံ့ပေးခဲ့သည်။ ကမ္ဘာသစ် (အမေရိကားတိုက်)ကို ကိုလန်ဘတ်စ် တွေ့ရှိခဲ့သည်။

ခရစ်ယာန် သာသနာပြုများသည် အာရှတိုက်၊ အာဖရိကတိုက်နှင့် အမေရိကားတိုက်များသို့ သွားရောက်ကာ သာသနာပြုနိုင်ခဲ့သည်။
၁၄၉၂ ခုနှစ်တွင် စပိန်ဒေသ သာသနာ့ ခုံရုံးကို ဖွဲ့စည်းခဲ့သည်။ Spanish Inquistion ဟု ခေါ်သည်။ ဗာတီကန်ရှိ ပုပ်ရဟန်းမင်းကြီးက ထိုခုံရုံး Inquisition သည် အခြား ခုံရုံးများကဲ့သို့ပင် ဆွေးနွေးမှုအား အခြေပြုမည် ယူဆ၍ တရားဝင် ခွင့်ပြုခဲ့သည်။ သို့သော် စပိန် သာသနာ့ ခုံရုံးသည် အမည်ဆိုးထွက်ခဲ့သည်မှာ စပိန်အာဏာပိုင်များသည် ထိုခုံရုံးအား နိုင်ငံရေး အတိုက်အခံများအား အကြမ်းဖက် ဖြိုခွင်းရန် ဘာသာရေးကို အသုံးချခဲ့ခြင်းကြောင့် ဖြစ်သည်။

အေဒီ ၁၅၀၀ ခုနှစ်

Italian Renaissance အီတလီ ဥာဏ်အလင်းခေတ်ဟု ခေါ်ဆိုရလောက်သော ခေတ်ကောင်း ရောက်ခဲ့သည်။
Princely Popes မင်းညီမင်းသားများကဲ့သို့ လောကစည်းစိမ် ခံစားလွန်းသည်ဟု အမည်ဆိုးထွက်သော ပုပ်ရဟန်းမင်းကြီးတို့ ကြီးစိုးခဲ့သည့် ကာလဖြစ်သည်။ ၎င်းတို့အထဲတွင် အေဒီ ၁၄၉၂ - ၁၅၀၃ အကြား အုပ်စိုးခဲ့သော ရဟန်းမင်းကြီး အလက်ဇန်းဒါး (၆)ကို အမည်ဆိုးဖြင့် လူသိများသည်။ Borgia Pope ဘော်ဂျီယာ ပုပ်ဟုလည်း သူ၏ မိသားစု အမည်ကို အစွဲပြု၍ ခေါ်ကြသည်။ ပုပ်အလက်ဇန်းဒါး ၆ သည် အမှန်တကယ် ဆိုးခဲ့မည်မှာ မသေချာသည့် အကြောင်း ရှိသည်။ ဘော်ဂျီယာ ပုပ်ကွယ်လွန်ပြီးတက်လာသည့် ပုပ်ရဟန်းမင်းကြီးသည် သူနှင့် ရာသက်ပန် ရန်ဖက်ဖြစ်ရာ သူနှင့် စပ်ဆိုင်သည့် သမိုင်းအား အတတ်နိုင်ဆုံး အမည်းစက် စွန်းအောင် မှတ်တမ်းပြုစုခဲ့သည်ဟုလည်း ပြောကြသည်။

ထိုခေတ်ကာလတွင် ဗာတီကန်၊ ရောမ၊ အီတလီ၌ အလွန်တရာ လှပသော ဘုရားကျောင်းကြီးများ တည်ဆောက်ခဲ့သည့် ပရောဂျက်များတွင် Michelangelo မိုက်ကယ် အန်ဂျလိုနှင့် Raphael ရာဖာအဲလ် ကဲ့သို့သော ပညာရှင်များကို ဦးစီးစေခဲ့သည်။ ပုပ်ဂျူးလိယက်စ် (၂)နှင့် ပုပ်လီယို (၁၀)တို့သည် ထိုသို့ ခမ်းနားလှပသော တည်ဆောက်မှုများအတွက် အနုပညာအားပေးသော ပုပ်များအဖြစ် ထင်ရှားသည်။

အေဒီ ၁၅၁၇

Martin Luther မာတင်လူသာသည် ကက်သလစ် အသင်းတော်အား ဆန့်ကျင်တိုက်ခိုက်သည့် ပြုပြင်ပြောင်းလဲမှု Protestant Reformation ကို စတင်သည်။ ယုံကြည်ခြင်းသက်သက် ရှိရုံဖြင့် ကယ်တင်ခြင်းရပြီ၊ ကောင်းကင်ရောက်ပြီ၊ ကောင်းမှုကုသိုလ် လုပ်ရန် အဓိက မကျဟု အယူလွဲကို သွန်သင်သော သူဖြစ်သည်။
ယင်းနောက် John Calvin ဂျွန်ကယ်ဗင်၊ Zwingli ဇွန်းဂလီနှင့် ဟန်နရီ (၇)တို့သည် ၎င်းတို့ ဒေသတွင် ကိုယ်ပိုင် အသင်းတော်များကို တည်ထောင် ဦးဆောင်ကြသည်။ ဥရောပတိုက်သည် ကက်သလစ်နှင့် ကက်သလစ် ဆန့်ကျင်သူများ အဖြစ် တောင်၊ မြောက် ကွဲပြားနေခဲ့သည်။

အေဒီ ၁၅၄၅ - ၁၆၀၀ ခုနှစ်

ကက်သလစ် ခရစ်ယာန်များသည် ခွဲထွက်ဆန့်ကျင်သူများအား တုံ့ပြန်သည့် Counter-Reformation ကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ Reformer များအား ရင်ဆိုင် သာသနာပြုနိုင်ရန် Jesuit ဂျေးဇွိကဲ့သို့သော ဘုန်းတော်ကြီး ဂိုဏ်းအသစ် ထွက်ပေါ်လာသည်။ ဝိညာဉ်ရေးရာ ထောက်ရှုသုံးသပ်နည်း အသစ်များကိုလည်း အာဗီးလာမြို့မှ စိန့်ထရေဇား St. Tresa of Avila နှင့် လိုရိုလာမြို့မှ စိန့် အက်ဂနေးရှုပ် St. Ignatius of Loyola တို့မှ ရရှိခဲ့သည်။ ဗိသုကာ ပညာတွင် Baroque ဘာရော့ ပုံစံ ခေတ်စားလာသည်။ Council of Trent ထရန့် ဒေသတွင် ကျင်းပခဲ့သော နာမည်ကျော် သာသနာ့ အစည်းအဝေးသည် အေဒီ ၁၅၄၅ ခုနှစ်မှ ၁၄၆၃ ခုနှစ်အထိ ကြာမြင့်ခဲ့ကာ သီအိုလော်ဂျီ၊ ဓမ္မသဂြိုလ် ပညာရပ်တွင် ပြုပြင်ပြောင်းလဲမှုများ Reformed Theology ရှိခဲ့သည်။ ဂျေးဇွိ သာသနာပြုများ၊ ဘုန်းတော်ကြီးများသည် အာရှတိုက်တွင် သာသနာပြုလာပြီး အေဒီ ၁၅၈၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သာသနာ ပြုနိုင်ခဲ့သည်။

အေဒီ ၁၆၀၀ - ၁၇၀၀

စိန့်ဗင်းဆင့် ဒီပေါလ်သည် ပရဟိတ ပုံစံအသစ်ဖြင့် ဆင်းရဲသားများအား ကူညီသည်။ Baroque ပုံစံ ဗိသုကာ အလှတရားသည် ဥရောပတိုက်ရှိ နန်းတော်၊ ဘုရားကျောင်းကြီးများနှင့် အဆောက်အအုံများအား နေရာယူ အလှဆင်လာခဲ့သည်။

ထိုခေတ်တွင် ကက်သလစ် အသင်းတော်မှ တည်ထောင်ပေးသည့် ထောင်စုနှစ်နီးပါး သက်တမ်းရင့် တက္ကသိုလ်များအား ကက်သလစ် အသင်းတော်ကသာ ပညာရှင်များနှင့် အခြား ကုန်ကျစရိတ် အထွေထွေကို ငွေကြေးထောက်ပံ့ပေးနေသည် ဖြစ်သည်။
ကက်သလစ် ဘုန်းတော်ကြီး Corpenicus ကော်ပါနီးကပ်စ်သည် ကမ္ဘာမဟုတ်၊ နေသည်သာ ဗဟိုဖြစ်ကြောင်း ယူဆချက်ကို ကြေညာသည်။ အသစ်တီထွင်လိုက်သည့် တယ်လီစကုတ် မှန်ပြောင်းဖြင့် Galileo ဂက်လီလီယိုသည် ကော်ပါနီးကပ်စ်၏ ယူဆချက်အား ပိုမိုအားကောင်းရန် သီအိုရီ အဆင့်သို့ မြှင့်တင်ပေးခဲ့သည်။ ဂက်လီလီယို၏ ရှာဖွေတွေ့ရှိမှုများ အတွက် ကက်သလစ် အသင်းတော်က ငွေကြေးထောက်ပံ့ပေးနေခဲ့သည်။ သူ၏ နေဗဟိုပြု သီအိုရီ တွေ့ရှိချက်အား အသင်းတော် ခေါင်းဆောင်များနှင့် ဂျေးဇွိ သိပ္ပံပညာရှင် ဘုန်းတော်ကြီးများကပါ အသိအမှတ်ပြု အားပေးခဲ့သည်။ သို့သော် သူသည် သီအိုရီ တွေ့ရှိချက်အား အမှန်တရားဖြစ်ကြောင်း ကြေညာသော အခါ ဂျေးဇွိ ကာဒီနယ်ကြီးက ခေါ်ယူ၍ လက်တွေ့ ပြသနိုင်မှသာ ထိုသို့ ကြေညာပါလေဟု ခေါ်ပြောခဲ့သည်။ အမှန်တကယ်တွင် ဂက်လီလီယိုသည် ထိုခေတ်အခါက အားကောင်းသည့် မှန်ပြောင်း မရှိသေးသဖြင့် ဂြိုလ်ကို နေက လည်ပတ်သည်၊ ကမ္ဘာကို နေက လည်ပတ်သည် မဟုတ်ဟု “သက်သေ မပြနိုင်ခဲ့ချေ။” ထိုသို့ သက်သေ မပြနိုင်သည့် အတွက် အသင်းတော်က ထိုသီအိုရီအား အမှန်တရား အဖြစ် မသွန်သင်ရန် ဂက်လီလီယိုအား တားမြစ်ခဲ့သည်။
အဆုံးတွင် သူ့အား တသက်တာ နေအိမ် အကျယ်ချုပ် ချခဲ့သည်။ ဂက်လီလီယို နေအိမ် အကျယ်ချုပ်အား သူ၏ အိမ်ကြီး အိမ်ကောင်း၊ နေရာကောင်းတွင် သူ၏ ချစ်သမီးဖြစ်သူ ကက်သလစ် စစ္စတာဖြင့် တသက်တာ နွေးနွေးထွေးထွေး နေထိုင်ခဲ့သည်။ ဂက်လီလီယို နေအိမ် အကျယ်ချုပ် ကျစဉ် အစားအသောက်၊ အသုံးအဆောင်၊ အနေအထိုင်နှင့် စာအုပ်စာပေ စရိတ်စကများအားလုံးကို ကက်သလစ် အသင်းတော်ကသာ ထောက်ပံ့ပေးနေခဲ့သည်။
အမှန်တကယ် ထိုသို့ တသက်တာ နေအိမ် အကျယ်ချုပ်ကျခံစေသည့် အမိန့်သည် သိပ္ပံနည်းကျ သီအိုရီမှ လာသည် မဟုတ်ပဲ၊ ဂက်လီလီယို အနေဖြင့် ဥရောပတွင် ထိုစဉ်က ကြီးစိုးသည့် ပုပ်ရဟန်းမင်းကြီးအား ဂက်လီလီယို ရေးသည့် ဝတ္ထုတွင် အရူးသရုပ်ဆောင် စကားတွင် ပုပ်၏ စကားများ ထည့်သွင်းရေးသားခဲ့ခြင်းကြောင့် နိုင်ငံရေး အရ အကျဉ်းကျခံခဲ့ရသည့် သဘောဖြစ်သည်။ ပုပ်ဂျွန်ပေါလ် ၂ သည် ဂက်လီလီယို အမှုအတွက် တောင်းပန်ခဲ့ပြီး ဖြစ်သည်။
ထိုအကြောင်းအချက်များကြောင့် ကက်သလစ် အသင်းတော်သည် သိပ္ပံပညာအား ဆန့်ကျင်သည်ဟူသော စွပ်စွဲချက်သည် အခြေအမြစ် မရှိပေ။ ကက်သလစ် ဘုန်းတော်ကြီး တဖြစ်လဲ သိပ္ပံပညာရှင်များမှာလည်း ဒုနှင့် ဒေး ဖြစ်သည်။

ကက်သလစ်နှင့် ပရိုတက်စတင့်တို့ အကြား ဖြစ်ပွားသည့် သွေးစွန်းသော နှစ် ၃၀ စစ်ပွဲကြီးသည် အေဒီ ၁၆၄၈ ခုနှစ်တွင် Peace of Westphalia ဝက်စ်ဖားလယား စာချုပ်ဖြင့် ငြိမ်းချမ်းရေး ရခဲ့သည်။
အမျိုးသားရေး ဝါဒများ၊ ဘုရင်စနစ်များ ဥရောပတိုက်တွင် အားကောင်းလာကာ ဘာသာရေးကို အုပ်ချုပ်မှု အာဏာမှ ဖယ်ထုတ်ရန် အတွေးများ ခေတ်စားလာသည်။

အေဒီ ၁၇၀၀ - ၁၈၀၀

ဂျေးဇွိ ဘုန်းတော်ကြီး အသင်းဂိုဏ်းသည် ဥရောပ နိုင်ငံမှ ဘုရင်များ၏ ဖိအားကြောင့် ပုပ်ရဟန်းမင်းကြီးသည် နာမည်ကျော် ဂျေးဇွိအသင်းဂိုဏ်းအား ဖျက်သိမ်းကြောင်း အေဒီ ၁၇၇၃ ခုနှစ်တွင် ကြေညာသည်။ ထိုသို့ ကြေညာပြီးသည်နှင့် ဥရောပနိုင်ငံ ဘုရင်များနှင့် ဂျေးဇွိရန်သူများက အသင်းဝင်များအား ညှင်းပန်းနှိပ်စက်ခဲ့သည်။

ကက်သလစ် သာသနာပြု လုပ်ငန်းသည် အာရှိတိုက်၊ အထူးသဖြင့် ဖိလစ်ပိုင် ဒေသနှင့် တောင် အမေရိကတိုက်တွင် လွန်စွာ အောင်မြင်ခဲ့သည်။ မြောက် အမေရိကတိုက် Taxes နှင့် ကယ်လီဖိုးနီးယား ဒေသတို့တွင် ကက်သလစ် သာသနာပြု လုပ်ငန်းများ ခရီးပေါက်ခဲ့သည်။

အမေရိကန်နိုင်ငံ US သည် ၁၇၇၆ ခုနှစ်တွင် ဗြိတိန် လက်အောက်မှ လွတ်လပ်ရေး ကြေညာသည်။ ၁၇၈၈ ခုနှစ်တွင် အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပေဒကို ရေးဆွဲခဲ့သည်။
ဥရောပတိုက် ပြင်သစ်နိုင်ငံတွင် ဘုရင်စနစ်အား ဖြုတ်ချကာ ဒီမိုကရေ စနစ် အရပ်သား အုပ်ချုပ်ရေး တည်ထောင်ပြီဟု ကြေညာခဲ့သော်လည်း ဘုရင်၊ မင်းမျိုးမင်းနွယ်၊ ရသေ့ ဘုန်းကြီး စစ္စတာများနှင့် သာမန် အရပ်သားများအား တရစပ် ကွပ်မျက်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်းများကြောင့် Age of Terror ကြောက်မက်ဖွယ် ခေတ်ကြီးကို အေဒီ ၁၇၈၉ နှင့် ၁၇၉၃ အကြား ကြုံတွေ့ခဲ့ရသည်။
အမေရိကန် နိုင်ငံအတွက် ပထမဆုံး ကက်သလစ် ဘိရှော့ ဆရာတော်အား အေဒီ ၁၇၉၀ ခုနှစ်တွင် ရရှိခဲ့သည်။ ဘိရှော့ အမည်မှာ John Carroll ဟု ခေါ်သည်။

အေဒီ ၁၈၀၀ - ၁၉၀၀ နှစ်

သီအိုလော်ဂျီ ပညာတွင် ဂျာမန်တို့ တစ်ခတ် အောင်မြင်လာသည်။ ထိုခေတ်တွင် သမ္မာကျမ်းစာ အရင်းအမြစ်များအား နက်နက်နဲနဲ ပြန်လည် သုံးသပ်မှုများ ရှိလာသလို သမိုင်း၊ ဖလော်ဆော်ဖီနှင့် သီအိုလော်ဂျီတို့တွင် ခေတ်သစ် အမြင်များဖြင့် ဖွင့်ဆိုကြည့်ရှုလာကြသည်။

ကားမက်စ်သည် မက်စ် ဝါဒအဖြစ် ကွန်မြူနစ် ကြေညာစာတမ်းကို ၁၈၄၈ ခုနှစ်တွင် ကြေညာသည်။ အစွန်းရောက် အလုပ်သမား လှုပ်ရှားမှုများကြောင့် ဒေသ၊ နိုင်ငံအသီးသီးတွင် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့သည်။

အင်္ဂလိကန် ဆရာတော်၊ ဘိရှော့ဖြစ်သူ နာမည်ကျော် John Henry Newman ဂျွန်ဟန်နရီ နယူးမန်းသည် Doctrine များအား တိုးတက်ရန် လေ့လာရင်း ကက်သလစ် အဖြစ် ယုံကြည်သက်ဝင်ခဲ့သည်။

အေဒီ ၁၈၅၄ ခုနှစ်တွင် ပုပ်ပီအူး (ပိုင်းရပ်စ်) ၉ က နှစ်ပေါင်း ၂၀၀၀ နီးပါး ခရစ်ယာန်တိုင်း လက်ခံလာသော သွန်သင်ခံယူချက်ဖြစ်သည့် “အမိမယ်တော်သည် အပြစ်မဲ့ သန္ဓေယူခြင်း”သည် အသင်းတော်၏ မမှားမယွင်းသော သွန်သင်ချက် Dogma ဖြစ်ကြောင်း ကြေညာသည်။ ပုပ်ပိုင်းရက်စ် ၉ က ဗာတီကန်တွင် ပထမဆုံး ကျင်းပခဲ့သော သာသနာ့ အစည်းအဝေးကြီး Vatican Council I တွင် ပုပ်ရဟန်းမင်းကြီးသည် ExCathedra ဖြင့် ကြေညာချက် ထုတ်လျှင် မှားယွင်းခြင်း မရှိကြောင်း Papal Infallibility ကြေညာသည်။

ဂျာမနီတွင် ကက်သလစ် အသင်းတော်၊ ဂျူးများနှင့် အခြား လူမျိုးနွယ်များအား မုန်းတီးသည့် စိတ်အခံ အခြေတတည်လာသည်။

ပုပ်လီယို ၁၃ သည် ဒီမိုကရေစီအား စတင် လက်ခံလာသည့် ခေတ်သစ် ပုပ်အဖြစ် လူသိများသည်။

အေဒီ ၁၉၀၀ - ၂၀၀၀

၂၀ ရာစုသည် ကမ္ဘာစစ်ကြီးများဖြင့် ပြည့်နှက်နေခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီး ၁၉၁၄ - ၁၉၁၈ ခုနှစ်၊ ဒုတိယ ကမ္ဘာစစ်ကြီး ၁၉၃၉ - ၁၉၄၅ ခုနှစ်တို့ အပြင် အစွန်းရောက် ဝါဒသစ်များ ပေါ်ထွန်း အားကောင်းခဲ့သည်။ ဖက်စစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒတို့ ပေါ်ထွန်းအားကောင်းခဲ့သလို အဆုံးတွင် ၎င်းဝါဒီစွဲကိုင်သည့် နိုင်ငံများ ကျဆုံးခဲ့သည်။

ပုပ်ဘက်နဒစ် ၁၅ သည် ပထမ ကမ္ဘာစစ်ကြီး ဖြစ်သည့် ၁၉၁၄ ခုနှစ်တွင် ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းခဲ့သလို ကာနွန်ဥပဒေကိုလည်း Code of Canon Law ကို ထုတ်ပြန်ခဲ့သည်။

၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးဖြင့် ရုရှားဇာဘုရင် မျိုးဆက် ပြတ်ခဲ့သည်။ ကွန်မြူနစ်စနစ်ကြောင့် ခရစ်ယာန်ပေါင်းများစွာ အကြောက်တရားဖြင့် နေထိုင်၊ ဖိနှိပ်ခံခဲ့ရသည်။ ကက်သလစ် အသင်းတော်နှင့် ကက်သလစ် ဘာသာဝင်များ၏ လုံခြုံရေးအတွက် ပုပ်ရဟန်းမင်းကြီးသည် အီတလီ ဖက်ဆစ်များဖြင့် အေဒီ ၁၉၂၉ ခုနှစ်၊ နာဇီ ဂျာမနီဖြင့် ၁၉၃၃ ခုနှစ်တို့တွင် Concordats သဘောတူညီချက် လက်မှတ်ထိုးခဲ့သည်။ သို့သော် ကက်သလစ် အသင်းတော်နှင့် နာဇီ ဂျာမနီတို့သည် အချင်းချင်း အတိုက်အခံ အဖြစ် အစဉ် တည်ရှိခဲ့သည်။

၁၉၃၀ ဝန်းကျင် ဖြစ်ပွားခဲ့သည့် ကမ္ဘာစီးပွားပျက်ကပ်ကြီးကြောင့် ကက်သလစ် ခရစ်ယာန် လှုပ်ရှားတက်ကြွသူများသည် လူမှုရေး ဆိုင်ရာ အတွေးအခေါ်များ စတင် ပျိုးထောင်လာသည်။ ထိုလှုပ်ရှားမှုများတွင် ကက်သလစ် ဘာသာဝင်ဖြစ်လာသူ ဒေါရသီ ဒေး Dorothy Day နှင့် Catholic Action အဖွဲ့တို့သည် ကျော်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ပီအူး (ပိုင်းရက်စ်) ၁၂ သည် အမိမယ်တော် ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းသည် စစ်မှန်သော ယုံကြည်ခြင်းဆဖြစ်ကြောင်း Dogma of the Assumption of Mary အေဒီ ၁၉၅၀ ခုနှစ်တွင် ကြေညာသည်။

ကားရက်နာ Karl Rahnar, ကက်သလစ် ရသေ့ဖြစ်သူ သောမတ်စ် မာတွန်Thomas Merton, Ives Congar ကဲ့သို့သော ပညာရှင်များအားဖြင့် သီအိုလော်ဂျီဆိုင်ရာ အသစ်သော ရှုထောင့်များအား ကြားသိလာရသည်။

ဗာတီကန် ဒုတိယမြောက် သာသနာ့ အစည်းအဝေးကြီးအား အေဒီ ၁၉၆၂ - ၁၉၆၅ ခုနှစ်အကြား ကျင်းပခဲ့ကာ ခေတ်သစ် ကမ္ဘာကြီးအား ကက်သလစ် အသင်းတော်သည် စိတ်ဝိညာဉ်သစ်အားဖြင့် ချဉ်းကပ်သည်။
ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်လက်ထက်တွင် သူ၏ ခင်မင်နှစ်လိုဖွယ် ပေါင်းသင်းဆက်ဆံမှုကြောင့် အသင်းတော်အား လူအများ ပိုမို လက်ခံလာခဲ့သည်။ ပုပ်ဂျွန်ပေါလ် (၂)သည် ဥရောပ ကွန်မြူနစ် ဝါဒအား တိုက်ဖျက်ရာတွင် တတပ်တအား ပါဝင်သူ၊ အရေးကြီး အမှတ် သင်္ကေတအဖြစ် အများက သတ်မှတ်ကြသည်။

အေဒီ ၂၀၀၀ မှ ရှေ့သို့

ဗာတီကန် ကောင်စီ ၂ အပြီး ကက်သလစ် ဘာသာဝင် ဦးရေများ ကမ္ဘာ အရပ်ရပ်တွင် များပြားလာခဲ့သော်လည်း ကက်သလစ် ရဟန်း၊ သီလရှင် ဝတ်သူ အရေအတွက် နည်းပါးနေခဲ့သည်။
လက်တင် အမေရိကနိုင်ငံများ၊ အာဖရိကတိုက်နှင့် အာရှိတိုက်တွက် ကက်သလစ် ခရစ်ယာန် ဦးရေး တိုးပွားမှု အမြန်ဆုံး ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်သည် လူကြိုက်များသော်လည်း ကက်သလစ် ထုံးတမ်း အစဉ်အလာအား တရွေးသားမှ လျော့ပေါ့မပေးခဲ့ချေ။ ကလေးဖျက်ချခြင်း၊ ကိုယ်ဝန်တားဆေးများနှင့် လူနာအား ဆေးထိုးသတ်ခြင်း Euthanasia ကိစ္စရပ်များအား အကြိတ် အနယ် ဆွေးနွေးရသည်။

ပုပ်ဘက်နဒစ် ၁၆ လက်ထက်တွင် YouCat လူငယ်တို့ အဖို့ အသင်းတော် သွန်သင်ချက်များ စာအုပ်အားဖြင့် လူငယ်များအား ကက်သလစ် သွန်သင်ချက်ကို ထိရောက်လွယ်ကူရန် အားပေးနိုင်ခဲ့သလို ပုပ်ဘက်နဒစ် ၁၆ သည် လူမှု ကွန်ယက်မှ တဆင့် တရားဒေသနာ ပြန့်ပွားရန်အတွက် အားပေးမှုကြောင့် ကက်သလစ် မီဒီယာ လောက အရှိန်အဟုတ်မြှင့်တိုးတက်ခဲ့သည်။ မွတ်စလင်များနှင့် ကက်သလစ်တို့အကြား ဘာသာရေး ဆွေးနွေးပွဲများကို အစပြုပေးနိုင်ခဲ့သည်။ ထုံးတမ်း အစဉ်အလာ ကက်သလစ် မစ္ဆားတရားကို အားပေးခဲ့သည်။ ပုပ်ဘက်နဒစ်သည် သြသိုဒေါ့ အသင်းတော်၊ အင်္ဂလိကန် အသင်းတော်နှင့် ပြန်လည် ချစ်ကြည်ရေး ကောင်းရန် ကြိုးပမ်းနိုင်ခဲ့သည်။ အများမထင်မှတ်ပဲ အေဒီ ၂၀၁၃ ခုနှစ်တွင် ရဟန်းမင်းကြီး အရိုက်အရာမှ အနားယူခဲ့သည်။

ပုပ်ဖရန်စစ်သည် လက်တင် အမေရိကတိုက်မှ ရွေးကောက်ခံခဲ့ရသည့် ပထမဆုံး ပုပ်ဖြစ်သည်။ ဂျေးဇွိအသင်းဂိုဏ်းမှ ပထမဆုံး ပုပ်လည်း ဖြစ်သည်။ သူသည် လူမှုရေး တရားမျှတမှု အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းသူ ဖြစ်ကာ လူအများနှင့် ထိတွေ့ပြောဆိုရသည်ကို နှစ်သက်သည်။ Pastoral အား အထူးပြုသည့် ပုပ်လည်း ဖြစ်သည်။

Catholic Encyclopedia
ကက်သလ် စွယ်စုံကျမ်းမှ ကိုးကားရေးသားသည်။

Lawrence Jangma Mung Song

No comments:

Post a Comment