မင်္ဂလာရှိအောင် မင်္ဂလာဆောင်
*******************************
မင်္ဂလာပါ
မြန်မာလူမျိုးတွေရဲ့ ချစ်စရာအကောင်းဆုံး နှုတ်ခွန်ဆက်စကားလေးဖြစ်တဲ့ မင်္ဂလာပါ ဆိုတဲ့ စကားလေးကို ကျောင်းနေအရွယ်ကလေးကစလို့ မြန်မာလူမျိုးတိုင်း မကြာခဏ နူတ်ဆက်လေ့ရှိကြပါတယ်။
မင်္ဂလာပါဆိုတဲ့ဒီစကားလေးကို ဖဆပလအစိုးရခေတ်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ 'ထွန်းနေ့စဉ်' သတင်းစာကို တည်ထောင်ခဲ့သူ စာရေးဆရာ သတင်းစာ ဆရာကြီး ဦးထွန်းဖေကနေ အစပြုခဲ့တာပါလို့ လေ့လာမှတ်သားဖူးပါတယ်။ စာသင်ကျောင်းတွေမှာ အပြန်အလှန် နူတ်ဆက်ကြတဲ့ 'မင်္ဂလာပါ ဆရာမ' 'မင်္ဂလာပါတပည့်တို့' ဆိုတဲ့ မင်္ဂလာစကားဟာ တကယ်တော့ တရားဓမ္ဓ အလင်းဓါတ်တွေ ပျံနှံ့လွှမ်းခြုံနေပြီး အဓိပ္ပါယ်ပြည့်ဝလှတဲ့ စကားလေးတစ်ခွန်းပါ။ မကောင်းတဲ့ အကုသိုလ် တရားတွေကို ပယ်ဖျက် နှိမ်နင်းခြင်းဟာ မင်္ဂလာဖြစ်ပါတယ်။ မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်မှာ မကောင်းတဲ့ အရာတွေ မရှိဘဲ ကောင်းမွန်တဲ့ အရာတွေနဲ့ ပြည့်စုံနေတာကို မင်္ဂလာ ရှိတယ်လို့ မြန်မာစာမှာ အနက်ဖွင့် ထားပါတယ်။
ကိုးကွယ်ဆည်းကပ်တဲ့ ဘာသာတရားတွေ ကွဲပြားနေပေမဲ့ တူညီတာတစ်ခုက ဘာသာတရားတိုင်းကတော့ ကောင်းမွန်မြင့်မြတ်တဲ့ ကျင့်စဉ်တွေကို သွန်သင်လမ်းပြပေးကြပါတယ်။ နိဗ္ဗာန်ရောက်ဖို့၊ ကောင်းကင်ရောက်ဖို့အတွက် အကျင့်ပါရမီ ကုသိုလ် တရားတွေ ဆည်းပူးဖို့လိုပါတယ်။ မင်္ဂလာတရားတော်တွေဟာ ခရစ်ယာန်တွေအတွက်ဆိုရင်တော့ အမြဲလက်ကိုင်ထားရ မယ့် လက်စွဲတော်တရားတွေပါလို့ ပုပ်ဖရန်စစ်အရှင်သူမြတ်က မိန့်ကြားခဲ့ပါတယ်။ မင်္ဂလာတရားတော်တွေကို ဥာဏ်ပညာ ကျမ်းစာစောင်တွေနဲ့ ဆာလံကျမ်းတွေမှာ တွေ့ရှိရပြီး ဒီတရားတော်ဟာ အင်မတန်ရှေးကျလှတဲ့ ကျမ်းစာအရေးသား တစ်ခုလည်း ဖြစ်နေပါတယ်။ ခရစ်ယာန်ရှုထောင့်ကနေ တိုက်ရိုက်ပြန်ဆိုအနက်ဖွင့်မယ်ဆိုရင်တော့ မင်္ဂလာဆိုတာဟာ ဝမ်းမြောက်ပျော်ရွှင်ရခြင်းလို့ ဆိုနိုင်ပါတယ်။ ပြောချင်တာကတော့ ဘုရားရှင်ရဲ့ ကောင်းကြီးမင်္ဂလာတော်တွေ သင့်အပေါ်မှာ သက်ရောက်ပါစေ၊ ဘုရားရှင်နှင့်အတူ ပျာ်ရွှင်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်တာပါပဲ။
ပုပ်ရဟန်းမင်းကြီးက မိန့်ခဲ့ပါတယ်။ မင်္ဂလာတရားတော်တွေဆိုတာ အရွယ်သုံးပါးမရွေး ခရစ်ယာန်ဘာသာဝင် တိုင်း လိုက်နာကျင့်ဆောက်တည်ရမယ့် ကောင်းကင်သုခ ပို့ဆောင်ရာ လမ်းစဉ်သွယ်လေးတွေပဲ ဖြစ်ပါတယ်တဲ့။ အမိ ကက်သလစ်အသင်းတော်ကလည်း ဒီမင်္ဂလာတရားတော်တွေကို ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော် လက်ခဏာအဖြစ် မှတ်ယူထားပါတယ်။ ဒါ့အပြင် မင်္ဂလာတရားတော်တွေကို ကျွန်တော်တို့ ကြိုးစားကျင့်ယူကြရမယ့် စံချိန် စံနှုန်းအဖြစ်လည်း သတ်မှတ်ထားပြန်ပါတယ်။ ခရစ်တော်ဘုရားရှင်ရဲ့ နောက်ကို လိုက်လျောက်လိုသူ ခရစ်ယာန်တိုင်း ကိုင်စွဲထားရမယ့် ပါရမီတရားတွေလို့လည်း ပြောလို့ရပါတယ်။
ကက်သလစ်အသင်းတော်ရဲ့ မြတ်သောအယူဝါဒထဲမှာ မင်္ဂလာတရားတော် တွေနဲ့ ပတ်သက်ပြီးဆုံးမထားတာလေးလည်း ရှိပါသေးတယ်။ မင်္ဂလာတရားတော်တွေဟာ ခရစ်တော်ဘုရားရှင်ရဲ့ နှလုံးသည်းပွတ်ဗဟိုပဲ ဖြစ်တယ်လို့ သွန်းသင်ထားပါတယ်။ ခရစ်တော်ဘုရား ဆုံးမခဲ့တဲ့ တရားတွေရဲ့အနှစ်ချုပ်လို့လည်း ပြောရတော့မှာပေါ့။ လောဘအလိုရမက် ကြီးမားခြင်းတွေ၊ မာနထောင်လွှား ပြိုင်ဆိုင်လိုခြင်းတွေ၊ တစ်ကိုယ်ကောင်းဆန် အတ္တကြီးခြင်းတွေကို ရှောင်ရှားနိုင်ဖို့ မင်္ဂလာတရားတော်တွေထဲက သွန်သင်လမ်းညွှန်ချက်တွေကို ကျင့်ဆောက်တည်ကြရမှာ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။ ခရစ်ယာန်အသက်တာကို ရှင်သန်နေ ကြသူ သားသမီးတွေအတွက် ဒီမင်္ဂလာတရားတော်တွေဟာ အလင်းသဖွယ် လမ်းပြပို့ဆောင်ပေးနေပါတယ်။
အရှင်သူမြတ်က ခရစ်တော်ဘုရားရှင်ရဲ့ တောင်ပေါ်တရားဒေသနာတော်တွေကို ထောက်ရှု့ပြီး ဆက်စပ်မိန့်ကြားသွားပါသေးတယ်။ ခရစ်တော်ဘုရားရှင်ရဲ့ အဆုံးအမတရားတော်တွေဟာ ခရစ်တော်မပေါ်ထွန်းမီ ဓမ္မဟောင်းမှာ ပြဌာန်းထားတဲ့ ဥပဒေပညတ်တရားကျမ်းတွေကို ဖျက်သိမ်းပပျောက်စေဖို့အတွက် မဟုတ်ဘဲ ပိုပြီး စုံလင် ပြည့်ဝစေဖို့အတွက်သာ ဖြစ်ပါတယ်။အဲ့ဒီပြည့်ဝစုံလင်ခြင်းကို ပို့ဆောင်ပေးတဲ့ ဥပဒေအသစ်ဆိုတာဟာ မင်္ဂလာတရား တော်တွေပါပဲ။ ဒါဟာ ကျွန်ုပ်တို့အတွက် ခရစ်တော်ဘုရားရှင်ထားရစ်တော်မူခဲ့တဲ့ ဥပဒေလမ်းစဉ်တွေပဲ ဖြစ်တယ်လို့ ပုပ်ဖရန်စစ် အရှင်သူမြတ်က မိန့်ကြားတော်မူခဲ့ပါတယ်။ ဟုတ်ပါတယ်။ တောင်ပေါ်တရားဒေသနာ မင်္ဂလာတရားတော် တွေဟာ ပြည့်ဝစုံလင်တဲ့ အသက်တာကို ရောက်ရှိဖို့ တနည်းပြောရရင်တော့ ကောင်းကင်နိဗ္ဗာန်ရောက်ရှိဖို့ ပြဌာန်းထားတဲ့ ကျင့်ဝတ် အနှစ်ချူပ်တွေပဲ ဖြစ်ပါတယ်။ လက်တွေ့ဘဝနဲ့ ဆီလျော်မူမရှိဘူး။ လိုက်ကျင့်ဖို့ခက်လှပါတယ်လို့ ထင်ကောင်း ထင်ရပါလိမ့်မယ်။ ယေဇူးခရစ်တော် သွန်သင်ခဲ့တဲ့ အဆုံးအမတရားတိုင်းဟာ လက်တွေ့မဆန်ဘဲ လေထဲတိုက်အိမ် ဆောက်နေတာမျိုး တစ်ခုမှ မရှိပါဘူး။ နေ့စဉ်ဘဝအသက်တာနဲ့ လျော်ညီတဲ့ ကျင့်စဉ်တွေကိုပဲ ယေဇူးဘုရားရှင်တော်က ဆုံးမသွန်သင်လမ်းပြပေးခဲ့တာပါ။ မင်္ဂလာတရားတော်တွေဟာ ကောင်းကင်သုခ နိဗ္ဗာန်ရောက်ဖို့လို့ ပြောလိုက်ရင် ကောင်းကင်နိုင်ငံဆိုတာဟာ အဝေးကြီးမှာလို ထင်စရာရှိပါတယ်။ တကယ်တမ်းမှာတော့ ယေဇူးဘုရားရှင် မိန့်ခဲ့သလိုပဲ ကောင်းကင်နိုင်ငံဆိုတာ ကျွန်တော်တို့ နှလုံးသားအတွင်းမှာ တည်ရှိနေပြီးသားပါ။ ပြောင်းလဲ လိုက်ကျင့်ပြီး စုံလင်တဲ့ဘဝကို လိုက်လျှောက်ဖို့သာ လိုတာပါ။ ပါရမီနဲ့ပြည့်ဝတဲ့ဘဝကို ကျင့်ဆောက်တည်ရင်း ကောင်းကင်နိုင်ငံတော်ကို ခရီးပြုလျှောက် လှမ်းနေကြတဲ့ ကျွန်တော်တို့အားလုံးအတွက်တော့ မင်္ဂလာတရားတော်တွေဟာ လမ်းပြမြေပုံတစ်ခုလိုပါပဲလို့ ပါးပါးဖရန်စစ်က မိန့်မှာတော်မူခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ အနီးစပ်ဆုံး ဗုဒ္ဓဘာသာဝင်သူတော်စင် ဓမ္မ မိတ်ဆွေတွေလည်း ၃၈ဖြာသော မင်္ဂလာတရားတော်တွေကို လိုက်နာကျင့်ကြံကြပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မင်္ဂလာတရား ၃၈ပါးကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ပေါင်းသင်းဆက်ဆံရေး၊ နေထိုင်ရေး၊ သင်ကြားရေး၊ ပြုစုရေး၊ လိုက်နာကျင့်သုံးရေး၊ ရှောင်ကြဉ်ရေး၊ စိတ်ထားကောင်းမွန်ရေး၊ သည်းခံရေး၊ ခြိုးခြံချွေတာရေးနှင့် စိတ်ထားခိုင်ခံရေးတို့ကို အဓိက တွေ့ရပါတယ်။ မင်္ဂလာရှိဖို့ဆိုတာ တခြားဘယ်သူမှ လာလုပ်ပေးလို့ မရဘူးလေနော်။ မိမိကိုယ်တိုင် လုပ်ယူကြိုးစားမှ သာ မင်္ဂလာ ရှိလာမှာပါ။
သမ္မာကျမ်းစာထဲမှာတော့ ရှင်မာတေးဦးဧဝံဂေလိကျမ်းမှာ မင်္ဂလာတရားတော်တွေကို တရား (၈) ပါးအဖြစ်တွေ့ရပါတယ်။ ဘယ်လိုလူတွေက မင်္ဂလာရှိကြတာလဲ။ အတွင်းစိတ်ဖြင့် ဆင်းရဲတဲ့သူတွေ၊ ဝမ်းနည်းငိုကြွေးကြတဲ့သူတွေ၊ စိတ်နှလုံးနှုးညံသိမ်မွေ့တဲ့သူတွေ၊ ဖြောင့်မတ်ခြင်းတရားကို ငတ်မွတ်ရှာဖွေတဲ့သူတွေ၊ သနားကြင်နာတတ်တဲ့သူတွေ၊ စိတ်နှလုံးဖြူစင်ရိုးသားတဲ့သူတွေ၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်တဲ့သူတွေ၊ဖြောင့်မတ်ခြင်းတရားအတွက် ညှင်းပန်းနှိပ်စက်ခြင်းခံရသူတွေ၊ ဒီလိုလူတွေဟာ မင်္ဂလာရှိကြတယ်လို့ ယေဇူးဘုရားရှင်က မိန့်ကြားခဲ့ပါတယ်။ ဆင်းရဲ၊ ဝမ်းနည်း၊ နှိမ့်ချ၊ ဖြောင့်မတ်၊ ဖြူစင်၊ ကြင်နာ တတ်တဲ့သူ၊ ငြိမ်းချမ်းရေးကိုဆောင်ကျဉ်းကြိုးပမ်းတဲ့သူ၊ အမှန်တရားအတွက် ညှင်းဆဲခံရတဲ့သူတွေဟာ မင်္ဂလာတွေနဲ့ ပြည့်ဝတဲ့သူတွေပါပဲ။ မိမိကိုယ်ကို နှိမ့်ချ ဖြူစင်အောင်ထား တယ်။ ဖြောင့်မတ်မှန်ကန်အောင် နေထိုင်တယ်။ သူတစ်ပါးအပေါ်မှာလည်း ကရုဏာ အကြင်နာတရားတွေ ပြသတယ်။ တစ်ဦးနဲ့တစ်ဦးကြား ငြိမ်းချမ်းရေးကိုတည်ဆောက်ပေးတယ်။ အမှန်တရားအတွက် ရပ်တည်ရဲတဲ့သူတွေဟာ မင်္ဂလာရှိတဲ့ သူတွေပဲပေါ့။
၂၀၁၆ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ပုပ်ဖရန်စစ်အရှင်သူမြတ်က ရဟန္တာအပေါင်းပွဲနေ့မှာ မင်္ဂလာတရားတော်တွေ အကြောင်း အလင်းပေး ဝေမျှသွားခဲ့ပါသေးတယ်။ မင်္ဂလာတရားတော်တွေဟာ ခရစ်ယာန်တွေရဲ့ မှတ်ပုံတင်ကဒ်တစ်ခုလို ပါပဲ။ မင်္ဂလာတရားတော်တွေကို လိုက်ကျင့်ခြင်းအားဖြင့် ခရစ်တော်ရဲ့ နောက်လိုက်တွေအဖြစ် ပိုပြီးပုံစံထပ်တူကျ စေပါတယ်။ ဘုရားရှင်ကို ချစ်မြတ်နိုးကြည်ညိုတဲ့စိတ်နဲ့ ကြုံတွေ့ရင်ဆိုင်ရတဲ့ အခက်ခဲ ပူပန်မှုတွေကို ပူဇော်ခံထမ်းခြင်း အားဖြင့် မင်္ဂလာရှိတဲ့ဘဝကို ရှင်သန်ကြဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်လိုက်ပါတယ်။
ခေတ်အခြေအနေရဲ့ တောင်းဆိုမှုအရ အသစ်သောအင်အားတွေနဲ့ မင်္ဂလာတရားတော်တွေကို ကျင့်ဆောက်တည်ဖို့ မင်္ဂလာတရားအသစ်တွေကိုလည်း မိန့်ခဲ့ပါ တယ်။
- သူတစ်ပါးကြောင့် ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်ခဲတွေကို ကြံကြံခံပြီး စိတ်နှလုံးထဲက ခွင့်လွှတ်ပေးတဲ့သူတွေ . . မင်္ဂလာရှိတယ်။
- လူ့ဘောင်အပြင်ဖက်က စွန့်ပစ်အပယ်ခံရသူတွေရဲ့ အကူညီမျက်လုံးတွေကို မြင်အောင်ကြည့်တတ်ပြီး သူတို့နဲ့တစ်လုံးတဝတည်းရှင်သန်တတ်သူတွေ . . . မင်္ဂလာရှိတယ်။
- လူသားတိုင်းဆီမှာ မြတ်စွာဘုရားရှင်ကို တွေ့မြင် တတ်ပြီး ဘုရားရှင်ကို တွေ့ရှိနိုင်အောင်ကြိုးစားရှင်သန်တဲ့သူတွေ . . . မင်္ဂလာရှိတယ်။
- ကျွန်တော်တို့ရဲ့ အတူမှီတင်းနေထိုင်ရာ ကမ္ဘာငယ်လေးကို ကာကွယ်ထိန်းသိမ်းတဲ့သူတွေ . . . မင်္ဂလာရှိတယ်။
- သူတစ်ပါးကို လက်ကမ်းကူညီဖို့ မိမိရဲ့ သာယာ ပျော်ရွှင်မှုတွေကို အစွန့်လွှတ်ခံတဲ့သူတွေ . . . မင်္ဂလာရှိတယ်။
- ခရစ်ယာန်ညီအစ်ကိုတွေ တစ်လုံးတဝတည်းဖြစ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ဆုတောင်းပေးသူတွေ . . . မင်္ဂလာရှိပါတယ်။
ဒီတရားတော်တွေကို ကျင့်ကြံကြသူတွေဟာ ဘုရားရှင် တော်မြတ်ရဲ့ နှုးညံ့သိမ်မွေ့ခြင်းနဲ့ သနားကရုဏာတော်ကို ဆောင်ကျဉ်းပေးသူတွေ ဖြစ်ပါတယ်။
မင်္ဂလာတရားတော်တွေဟာ ခရစ်တော်ဘုရားရဲ့ ပုံရိပ်တော်ဖြစ်ပြီး ကျွန်တော်တို့ ခရစ်ယာန် တစ်ဦးချင်းစီရဲ့ ကြေးမုံပြင်လည်း ဖြစ်နေပါတယ်။ မင်္ဂလာတရားတွေကို ကျင့်ဆောက်တည်ခြင်းဖြင့် ဘုရားရှင်ရဲ့ မေတ္တာတော်မှာ အုတ်မြစ်တည်ထားတဲ့ စစ်မှန်သော ပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိလာမှာပါ။ ဒါကြောင့်မို့လည်း မင်္ဂလာတရား တော်တွေဟာ ဘုရားဆီကို ပို့ဆောင်ညွှန်ပြတဲ့ လမ်းသွယ်လေး၊ ခရစ်ယာန်တွေရဲ့ မှတ်ပုံတင်ပါလို့ ပုပ်ဖရန်စစ်က အလင်း ပေးခဲ့တာပေါ့။ မင်္ဂလာတရားတွေကို ကျင့်ကြံအားထုတ်ခြင်းအားဖြင့် ဘုရားရှင်ရဲ့ ခြေရာတော်အတိုင်း လိုက်လျှောက်နိုင် ကာ ပျော်ရွှင်တဲ့ဘဝ၊ မင်္ဂလာရှိတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပြီး မင်္ဂလာရှိသူများဖြစ်အောင် မင်္ဂလာတရားတွေကို ကျင့်ဆောင်နိုင်ကြပါစေ ။
မင်္ဂလာရှိအောင် မင်္ဂလာဆောင်ကြပါစို့ . .
ကိုရင် ပါစကား
သီကိုရှင်း

No comments:
Post a Comment