ကက်သလစ်နှင့် ရိုမန်ကက်သလစ်အသုံအနှုန်း
#Crd
(ကက်သလစ်ဘာသာဝင်များကိုယ်တိုင် အဆိုပါသုံးနှုန်း ခြားနားချက်ကို သေချာနားမလည်သေးဟု မြင်မိသလို လက်လှမ်းမှီသလောက် ဘာသာပြန်ထားခြင်းဖြစ်ပြီး ပိုမိုသိရှိလိုပါက မှီငြမ်းထားသော လင့်များမှာ အသေးစိတ်လေ့လာစေလိုပါတယ်။)
ကက်သလစ်ဆိုတဲ့ အမည်နာမ ဘယ်တုန်းကစတင်အသုံးပြုသလဲ ဆိုတာမပြောခင် Catholic ဆိုတာကို အနည်းငယ် နားလည်စေလိုပါတယ်။ Cathohlicus (Latin), Katholikos (Greek) လို့ခေါ်တဲ့ Catholic ဟာ တစ်ခုလုံး၊ အားလုံးလို့သဘောသက်ရောက်သလို အင်္ဂလိပ်လို universal လို့အဓိပ္ပါယ်ရောက်ပြီး မူလဆိုလိုချက်မှာ ခရစ်ယာန်များအားလုံးကို သက်ရောက်ဆိုလိုတာဖြစ်ပြီး အကြောင်းက ကျွှန်ုပ်တို့ဟာ ခရစ်တော်ရဲ့ ခန္ဓာကိုယ်ဖြစ်တဲ့အတွက် universal church ရဲ့ အစိတ်အပိုင်းများဖြစ်တယ်လို့ ဆိုထားပါတယ်။ သို့လော သို့လောဖြစ်နေတဲ့ Catholic နဲ့ Roman Catholic အကြောင်းကို သေချာ နားလည်ထားဖို့လည်းလိုပါတယ်။
ကက်သလစ်ဘာသာဝင်များ တနင်္ဂနွေနဲ့ အချို့သောပွဲရက်ကြီးများနေ့တွင် မစ္ဆားတရားတော်အတွင်း ဖတ်ရွတ်တဲ့ ယုံကြည်ခြင်းအချုပ် (The Creed) မှာ ‘တမန်တော်ကြီးများမှ ဆင်းသက်လာသော၊ သန့်ရှင်းသော ကက်သလစ်အသင်းတော’် ကို ရွတ်ဆိုကြတာဖြစ်ပြီး အားလုံးသိတဲ့အတိုင်း ကက်သလစ်အသင်းတော် (the Catholic Church) လို့ရွတ်ဆိုတာဖြစ်ပြီး ရိုမန်ဆိုတာမပါပါဘူး။ ရိုမန်ကက်သလစ်အသင်းတော် (the Roman Catholic Church) ရယ်လို့ ခေါ်ဆိုခြင်းမရှိဘဲ ကက်သလစ်အသင်းတော်လို့သာ ရိုးရှင်းစွာခေါ်ဆိုတာကို သိနိုင်ပါတယ်။ ရိုမန်ကက်သလစ်ဆိုတဲ့ အသုံးအနှုန်းဟာ ကက်သလစ်အသင်းတော်ကိုယ်တိုင် အသုံးပြုခဲ့တာမဟုတ်ဘဲ ဒီစကားလုံးဟာ ခေတ်သစ်စကားလုံးအသုံးအနှုန်းတစ်ခုဖြစ်သလို ဒီထက်ပိုပြီးတိကျရရင် အင်္ဂလိပ်ဘာသာစကားမှာ ကျယ်ပြန့်စွာ စတင်အသုံးပြု ကန့်သတ်ထားတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။
၁၈၇၀မှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ် ဗာတီကန်ကောင်စီရဲ့ official စာရွက်စာတမ်းများနဲ့ အသုံးအနှုန်းများမှာလည်း ကက်သလစ်အသင်းတော်ကို ရိုမန်ကက်သလစ်အသင်းတော်ရယ်လို့ ပြောဆိုသုံးနှုန်းတာ မပါဝင်ခဲ့သလို ဒုတိယဗာတီကန်ကောင်စီမှာလည်း ရိုမန်ကက်သလစ်ဆိုတဲ့ အသုံးအနှုန်း၊ စာသားအသုံးပြုရေးသားခြင်း မရှိခဲ့ပါဘူး။ ပုပ်ရဟန်းမင်းကြီး ဆဌမမြောက် ပေါလ် ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ ဒုတိယဗာတီကန်ကောင်စီဆိုင်ရာ စာရွက်စာတမ်းများမှာ ရိုမန်မစ္ဆား၊ ရိုမန်ဝိနည်းစသဖြင့် သုံးနှုန်းခဲ့သည့်တိုင် အဆိုပါ ရိုမန်ဖြစ်တဲ့ Rome ကို the Diocese of Rome ဟူ၍သာ သုံးနှုန်းခဲ့တာဖြစ်ပါတယ်။ ဆိုလိုချင်တာက ရိုမန်ဆိုသောအသုံးအနှုန်းဟာ အသင်းတော်နှင့်သက်ဆိုင်မှုရှိသော်လည်း အဆိုပါ Roman, Rome ကိုမူ Diocese တစ်ခုအဖြစ်သာ ရည်ညွှန်းခဲ့ခြင်းဖြစ်ပါတယ်။
အခြားသော အချက်တစ်ခုမှာ ကာဒီနယ် (Cardinal) များကိုမူ Cardinals of the Holy Roman Church ဟုခေါ်ဝေါ်ကြပေမဲ့ ဒီအသုံးအနှုန်းဆိုလိုချက်ဟာ အဆိုပါကာဒီနယ်များဟာ the Diocese of Rome မှာ ပုပ်ရဟန်းမင်းကြီးနှင့်အတူ ရှိကြတာမို့ Roman ဆိုတာပါဝင်ရခြင်းဖြစ်ပြီး အသင်းတော်တစ်ခုလုံးကိုရည်ညွှန်းခြင်းမဟုတ်ဘဲ Rome ရဲ့ Diocese တစ်ခုအနေနဲ့သာ ဆိုလိုတာဖြစ်ပါတယ်။ Diocese of Rome ဟာ ကက်သလစ်အသင်းတော်ရဲ့ ဗဟို အချက်အချာဖြစ်သော်ငြား အသင်းတော်ကို ရိုမန်ကက်သလစ်လို့ ကိုယ်တိုင် ခေါ်ဝေါ်သုံးနှုန်းခြင်းမရှိခဲ့သလို Universal Church ဖြစ်တဲ့ ကက်သလစ်အသင်းတော်ဟာလည်း ရိုမန်ကက်သလစ်အသင်းတော် လို့ ခေါ်ဝေါ် ရေးသား ပြောဆိုခဲ့ခြင်းမရှိဘဲ ကက်သလစ်အသင်းတော်လို့ပဲ အသုံးပြုတာကို ဆိုလိုတာပါ။ ပြောချင်တာက အသင်းတော်ရဲ့ မှန်ကန်တဲ့ အသုံးအနှုန်းဟာ ကက်သလစ်အသင်းတော် (the Catholic Church) သာဖြစ်ပါတယ်။
ဒီရိုမန်ကက်သလစ်အသင်းတော် အသုံးအနှုန်းဟာ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံများမှာ စတင်ခဲ့တာဖြစ်ပြီး အထူးသဖြင့် Anglican အသင်းတော်မှ ဆရာတော်များမှ တခြားအသင်းတော်များနဲ့ ကွဲပြားစေဖို့အတွက် Roman Catholic Chuch ရယ်လို့ စတင်ခေါ်တွင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ တမန်တော် ၁၁း၂၆ အရ ကနဦးပိုင်းမှာ ခရစ်တော်နောက်လိုက်များကို ခရစ်ယာန်လို့ခေါ်ဝေါ်ကြပေမဲ့ ဒါဟာ အသင်းတော်ရယ်လို့ တိုက်ရိုက်ပတ်သက်မှုမရှိပါဘူး။ ဓမ္မသစ်ကျမ်းမှာပင် အသင်းတော်ကို ‘အသင်းတော်’ ဟုပင် ရိုးရှင်းစွာခေါ်ဝေါ်ခဲ့ကြတာဖြစ်ပြီး အသင်းတော်ဆိုတာလည်း တစ်ခုတည်းပဲရှိပါတယ်။ တမန်တော်ကြီးများနောက်ပိုင်း အခြားသောသူများနဲ့ကွဲပြားစေဖို့ အသင်းတော်ဟာ အမည်နာမတစ်ခုလိုအပ်ခဲ့တာဖြစ်တဲ့အတွက် သုံးဆဲ သိပြီးသားဖြစ်တဲ့ the Catholic Church (universal, general လို့အဓိပ္ပါယ်ရ) လို့ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။ (ဒီမှာ စာရေးသူတစ်ခုမြင်မိတာရှိပါတယ်။ ကျမ်းစာထဲမှာ တစ်ချို့လူတွေက ခရစ်တော်နောက်လိုက်မဟုတ်ပေမဲ့ ခရစ်တော်ရဲ့ အမည်နာမနဲ့ နတ်ဆိုးနှင်ထုတ်တာမျိုးလုပ်ခဲ့တာကို ခရစ်တော်ကိုယ်တိုင်လည်း မတားမြစ်စေခဲ့ပါဘူး။ နောက်ပိုင်းမှာ ဒီလိုမျိုးခရစ်ယာန်မဟုတ်ကြပေမဲ့ ခရစ်ယာန်ပုံစံရှိနေတာကြောင့်မို့လည်း သခင်ခရစ်တော်ထူထောင်ထားတဲ့ အသင်းတော်ကို အခြားသူများနဲ့ကွဲပြားစေဖို့ အမည်နာမ တပ်ဖို့လိုအပ်တာလည်း တစ်ခုသောအကြောင်းရင်းလို့ personally မြင်မိပါတယ်။)
AD ၁၀၇ ၀န်းကျင်မှာ အရှေ့ပိုင်းဒေသနားဝန်းကျင်မှာ ဆရာတော်တစ်ပါးဖြစ်သူ St. Ignatius of Antioch ဟာ အဖမ်းခံရကာ အာဏာသားများမှ Rome သို့ခေါ်ဆောင်လာခဲ့ပြီး စစ်တလင်း (သို့) ကွင်းတစ်ခုထဲမှာ အသတ်ခံခဲ့ရပါတယ်။ အဆိုပါဆရာတော် မပျံလွန်တော်မူမှီ Smyrna (ယခု Turkey နိုင်ငံရှိ Izmir) ရှိ သူ့နောက်လိုက်ခရစ်ယာန်များကို နောက်ဆုံးစာတစ်စောင်ရေးခဲ့ပါတယ်။ ‘ကက်သလစ်အသင်းတော်’ ဆိုတာကိုစာအားဖြင့် သမိုင်းမှာ ပထမဆုံးတွေ့ရတာဖြစ်ပြီး အဆိုပါစာထဲမှာ “ဆရာတော်ရှိတဲ့နေသရွေ့ ကက်သလစ်အသင်းတော်လည်း တည်ရှိနေမယ် (Where the bishop is present, there is the Catholic Church.)” လို့ Smyrnaeans 8:2 မှာတွေ့နိုင်ပါတယ်။ အေဒီ ၁၅၅ မှာ အသတ်ခံရတဲ့ St. Polycarp ဟာလည်း သူ့နောက်ဆုံးဆုတောင်းစာများမှာ (“… the whole Catholic Church throughout the world.”) The Catholic Church ဆိုတာ ရေးသားပါဝင်ခဲ့ပါတယ်။
Catholic ဆိုတာ universal လို့အဓိပ္ပါယ်သက်ရောက်သလို အားလုံးနှင့်ဆိုင်သောလို့လည်း ဆိုနိုင်ပြီး အဆိုပါခေတ်အချိန်များတွင် အသုံးပြုနေပြီးဖြစ်သည့် ကက်သလစ်အသင်းတော်ဆိုတာကို St. Ignatius of Antioch နဲ့ St. Polycarp of Smyrna တို့က ရည်ညွှန်းရေးသားခဲ့တာဖြစ်ပါတယ်။ အထောက်အထားများအရ ခရစ်ယာန်ဒုတိယ ရာစုနှစ်စောပိုင်းကတည်းက ကက်သလစ်အသင်းတော်ဆိုတာ အရေးအသားများမှာပါ တွင်ကျယ်စွာ အသုံးပြုလာကြတာကို သိနိုင်ပါတယ်။ AD ၃၂၅ Nicaea မှာပြုလုပ်တဲ့ Council of Nicaea ရဲ့ official စာရွက်စာတမ်းများမှာလည်း the Catholic Church ဟုရေးသားခေါ်တွင်ခဲ့ကြသလို အခြေခံ Creed ကိုစတင်အသုံးပြုတာဖြစ်ပြီး ကက်သလစ်အသင်းတော်ဆိုတာကို Creed မှာ ယခုတိုင် ရွတ်ဆိုခဲ့ကြတာဖြစ်ပါတယ်။
ရွာသစ်ဖိုး
မှီငြမ်း
https://www.ewtn.com/faith/teachings/churb3.htm
http://www.gotquestions.org/Catholic-meaning-definition.html
http://www.catholic.com/tracts/what-catholic-means

No comments:
Post a Comment