၁
ဦးနေဝင်းမတိုင်မီ ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းတယ်။
ထိုစဉ်က အခြေအနေအရ.. ခရစ်ယာန် Mission ကျောင်းတွေဟာ သိပ်အားကောင်းလာတယ်။
အမေရိကန်နဲ့ ဗြိတိန်က ခရစ်ယာန် missionary သာသနာပြု ဆရာတွေကိုယ်တိုင်သင်ကြားပေးတဲ့ အတွက် အဆိုပါကျောင်းတွေဟာ အင်္ဂလိပ်စာ စကေးမှာ အထူးကောင်းမွန်သည့်အပြင် သိပ္ပံ ဝိဇ္ဇာ ဘာသာရပ်များ ပို့ချမှုအပိုင်းမှာပါ အစိုးရကျောင်းတွေထက် သာလွန်ခဲ့တယ်။
၂
ယုဒသာန်ကောလိပ်ဟာ ထိုအချိန်အခါက အရှေ့တောင်အာရှရဲ့ အကောင်းဆုံးကောလိပ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့တယ်။ အရှေ့တောင်အာရှနိုင်ငံတွေက ကျောင်းသားတွေတောင် ယုဒသာန်ကောလိပ်ကို လာရောက်ပြီး ပညာသင်ယူရတဲ့ အဆင့်ထိ အောင်မြင်ခဲ့တယ်လို့ ဆိုတယ်။
ဒါကြောင့်မို့ ဒီမစ်ရှင်ကျောင်းတွေဟာ မြန်မာပြည်ရှိ စာသင်သားများအားလုံးကို အထူးဆွဲဆောင်နိုင်ခဲ့တယ်။ ခရစ်ယာန်များသာမက ဗုဒ္ဓ ၊ မူဆလင် စတဲ့အခြားဘာသာဝင်များပါ တက်ရောက်နိုင်ဖို့ အထူးကြိုးစားရတဲ့ကျောင်းတွေ ဖြစ်လာတယ်။
၃
ဒီ ခရစ်ယာန်မစ်ရှင်ကျောင်းတွေဟာ သမ္မာကျမ်းစာကို မသင်မနေရဘာသာရပ် (compulsory subject) အဖြစ် ထည့်သွင်းထားတယ်။ ကျောင်းသားတွေဟာ ပညတ်တော် (၁၀) ပါး ၊ မင်္ဂလာတရား (၈) ပါး စတဲ့ ကျမ်းချက်တွေကို အလွတ်ကျက်မှတ်ရတာကြောင့် ခရစ်ယာန် သွန်သင်ချက်နဲ့ အတော်လေး ယဉ်ပါးနေတဲ့ အချိန်အခါဖြစ်တယ်။
၎
ဒီလိုမျိုး ကျောင်းသားတွေအပါ် ခရစ်ယာန်သမ္မာကျမ်းစာဆိုင်ရာ စာပေများ လွှမ်းမိုးမှုဟာ ဗုဒ္ဓဘာသာ ယုံကြည်သက်ဝင်မှုကို ထိခိုက်စေနိုင်တယ်လို့ ဦးနုအစိုးရက ယူဆဟန် ရှိတယ်။ ဒါကြောင့် မိမိတို့ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို မြင့်တင်ရမယ့်အစား ခရစ်ယာန်စာပေလွှမ်းမိုးမှုကို ဟန့်တားတဲ့အနေနဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေထုတ် သတ်မှတ်ခဲ့တယ်။ ဒါဟာ KIO/KIA ထွက်ပေါ်လာစေတဲ့ အဓိကအကြောင်းပြချက်များထဲက တစ်ခုဖြစ်တယ်။
၅
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ထုတ်ပြန်ပြီးခဲ့သည့်တိုင် ခရစ်ယာန်မစ်ရှင်ကျောင်းတွေရဲ့ အောင်မြင်ကျောစောမှုကို အစိုးရကျောင်းတွေက လိုက်လို့မမှီသေးပါဘူး။
ရောင်စုံသူပုန်အကြောင်းပြချက်နဲ့ ၁၉၆၂ မှာ ဦးနေဝင်း အာဏာသိမ်းတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ခရစ်ယာန်မစ်ရှင်ကျောင်းတွေရဲ့ ထင်ပေါ်မှုက လုံးဝလျှော့ကျသွားခြင်း မရှိပါဘူး။ ၁၉၆၉ မှာတော့ ဦးနေဝင်းက American Baptist Missionary (ABM) ဆရာတွေအပါအဝင် သာသနာပြုဆရာတွေအကုန်လုံးကို မြန်မာပြည်ကနေ မောင်းထုတ်တယ်။ ခရစ်ယာန်သာသနာပိုင်ခြံဝန်းတွေ အမြောက်အများကို ပြည်သူပိုင် သိမ်းယူတယ်။ အင်္ဂလိပ်စာ ရေပန်းစားနေမှုကို ဖျောက်ပစ်လျော့ချဖို့ အစိုးရကျောင်းသင်္ခန်းစာတွေမှာ အင်္ဂလိပ်စာကို ငါးတန်းရောက်မှ သင်စေတယ်။
၆
တကယ်တော့ ..
အင်္ဂလိပ်-မြန်မာ အဘိဓါန်ကို ဘာသာပြန်ထုတ်ဝေပြီး ခေတ်မှီပညာရေးစနစ်ကို မြန်မာပြည်နဲ့ မိတ်ဆက်ပေးခဲ့တာဟာ အမေရိကန်သာသနာပြုဆရာ ယုဒသာန် ဖြစ်တယ်။
၁၈၁၃ ကနေ ၁၉၆၉ အထိ အမေရိကန်သာသနာပြုဆရာတွေ (ABM ) ဟာ မြန်မာပြည်ထဲမှာ စာသင်ကျောင်းများ ၊ စိုက်ပျိုးရေးကျောင်းများ ၊ ဆေးရုံများ အစရှိတဲ့ လူ့အသိုင်းအဝန်းတစ်ခုရဲ့ လူနေမှု လိုအပ်ချက်ပေါင်းများစွာကို ငွေကြေးအကုန်အကျခံပြီး ၎င်းတို့ကိုယ်တိုင် လူအရင်းအနှီးထည့်ဝင် တည်ထောင်ပေးခဲ့တာဖြစ်တယ်။
၇
ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဦးနု နဲ့ ဦးနေဝင်းတို့ရဲ့လုပ်ဆောင်မှုဟာ ဘယ်မျှအောင်မြင်ခဲ့သလဲ ? နည်းလမ်းကော မှန်ခဲ့ရဲ့လား ?
တကယ်တော့ .. မြန်မာပြည်ထဲ ဗုဒ္ဓဘာသာလွှမ်းမိုးမှုအရှိန်အဝါကြီးအောင် မိမိဘာသာသာသနာကို မြင့်တင်ရမယ့်အစား အခြားဘာသာကို နှိပ်ကွပ်တဲ့သဘောကို သက်ရောက်သွားတယ်။ အင်္ဂလိပ်စကား အင်္ဂလိပ်စာကို နှိပ်ကွပ်ရင်း ခရစ်ယာန်စာပေလွှမ်းမိုးမှုအစား မြန်မာစာနဲ့ ဗုဒ္ဓဘာသာလွှမ်းမိုးမှုကို ရရှိဖို့ မျော်လင့်ခဲ့ဟန်ရှိတယ်။
၈
အကျိုးဆက်ကတော့ မြန်မာပြည်ဟာ ပညာရေးမှာဆုတ်ယုတ်ပြီး ဖွံ့ဖြိုးမှုမှာ အာရှဘိတ်ချီးဘက်တန်းဝင်ခဲ့တယ်။
လူတွေရဲ့တွေးခေါ်မျှော်မြင်မှုတွေ အတော်ဆိုးဆိုးဝါးထိခိုက်ခဲ့ရတယ်။
ဘယ်မျှအထိဆိုးသလဲဆိုရင် .. ပြည်တွင်းစစ်ဝဲဂရက်ထဲကနေကို ရုန်းထွက်ဖို့ မတွေးခေါ်နိုင်သလို ဖြစ်သွားကြရတယ်။
ဒါကို စစ်ကျွန်ပညာရေးစနစ်လို့ အချို့ခေါ်ကြတယ်။
၉
ကျနော်ဒီသမိုင်းကြောင်းကို ရေးပြတာဟာ
တစ်ဦးနဲ့တစ်ဦး ပြစ်တင်နေကြဖို့ မဟုတ်ပါဘူး။
သမိုင်းမှာ မှားခဲ့ကြတဲ့ အမှားကို သင်္ခန်းစာယူပြီး ပစ္စုပ္ပန်မှာ ကောင်းမွန်တဲ့ အနာဂါတ်တွေကို တည်ဆောက်နိုင်ဖို့ဖြစ်ပါတယ်။
Jan Khone
No comments:
Post a Comment