အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Sunday, July 23, 2017

PRAISE & WORSHIP

PRAISE & WORSHIP

Charismatic (ဘုရားသခင်၏ သိဒ္ဓိတန်ခိုးတော်) ၌ယုံကြည်သော
ကက်သလစ် ခရစ်ယာန်သည် အခြား ကက်သလစ် ခရစ်ယာန်ထက် ပိုမို သာသည်ဟုမဆို မတူကွဲပြားသည့် ကျေးဇူးတော်များမှ တစ်ခုကို ရရှိသည်ဟုသာ မှတ်ယူနိုင်သည်။

ပထမဦးစွာ Praise and Worship ဟူသည့် စကားလုံးအား ခွဲခြမ်းကြည့်လျှင် Praise ဘုရားဂုဏ်တော် ချီးမွမ်းခြင်း နှင့် Worship ဟူသည့် ကိုးကွယ်ခြင်းဟု မြင်နိုင်သည်။

ကက်သလစ် အမြင်အားဖြင့်


ထို Praise and Worship ဆိုသည်ကို Praise ဘုရားဂုဏ်တော်အား ခေတ်ပေါ်တေးဂီတအားဖြင့် ဟစ်ကြွေးကခုန်ကာ ချီးမွမ်းခြင်းဟုလည်း မှတ်ယူနိုင်ပါသော်လည်း ၎င်းကို ကက်သလစ် အမြင်အားဖြင့် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း Worship ဟု သတ်မှတ်ရန်မှာ မဖြစ်နိုင်ပေ။

Praise and Worship သည် အမှန်တကယ်တော့ Worship မဟုတ်၊ Praising လုပ်ခြင်းဟုသာ အမြင့်ဆုံး သတ်မှတ်ပေးနိုင်သည်။

ကက်သလစ် ခရစ်ယာန်တိုင်း စိတ်ဝိညာဉ် နှလုံးသားအတွင်းမှ စွဲစွဲမြဲမြဲ ယုံကြည်လက်ခံရသည့် တစ်ခုတည်းသော Worship ဝတ်ပြုကိုးကွယ်ခြင်းမှာ လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်ကတည်းက ခရစ်တော်၏ နောက်ဆုံး ညစာစားပွဲတော် ကျင်းပခြင်းဖြင့် ဖန်ဆင်းထားခဲ့သော ကိုယ်တော်မြတ် စက္ကရမင်တူးအားဖြင့် ကျင်းပသည့် သန့်ရှင်းသော မစ္ဆားတရားတော်မြတ်သာ ဖြစ်သည်။

မစ္ဆားတရားတော်မြတ်တွင် အသုံးပြု သီဆိုသည့် သီချင်းသံသည် လက်တင် တေးသံဖြင့် နှစ်ထောင်ချီအစဉ်အလာရှိသော Gregorian Chantဂရီဂိုးရီးယမ်းပုံစံသီဆိုရှိခိုးခြင်းလည်း ဖြစ်ရာ ခေတ်ပေါ် တေးသံသာများဖြင့် သီဆို အော်ဟစ်နေသည့် Praise and Worship သည် မစ္ဆားတရားရှိ ကိုးကွယ် သီဆိုခြင်းနှင့် နှိုင်းယှဉ်လျှင် မည်သို့မျှ ဆက်ဟပ်မှုရှိလာမည် မဟုတ်သည့် သီဆိုခြင်း ဖြစ်လေသည်။

ကက်သလစ် လူငယ်များနှင့် အချို့ သင်္ကန်းဝတ်များ လက်ခံလာသည့် PraiseandWorshipသည်လွန်ခဲ့သော နှစ်၅၀ဝန်းကျင်တွင် ခေတ်စားလာကာ၎င်းသည်CharismaticMovement နှင့်လည်း ချိတ်ဆက်မှုရှိနေပါသည်။


အစဦးတွင် ကက်သလစ် အသင်းတော် အတွင်း ခေတ်စားလာသည့် Charismatic Renewal Movement သည် ခရစ်ယာန်ဂိုဏ်းကွဲ ပရိုတက်စတင့်များ၏ Pentecostal Movement နှင့် ဆင်တူရိုးမှား ဖြစ်နေသည်ဟု ယူဆသဖြင့် အသင်းတော်အတွင်း ဝေဖန်မှုများ ကြုံခဲ့ရသည့် လှုပ်ရှားမှု၊ ဆုတောင်းခြင်း ပုံစံလည်း ဖြစ်သည်။

Praise and Worship ၏ အန္တရာယ်

Charismatic Movement နှင့် Pentecostal Movement တို့သည် ဘာသာစကား ပေါင်းစုံဖြင့် စကားပြောခြင်း၊ ကုသခြင်း၊ ခေတ်ပေါ် ဘုရားသီချင်းများအား သီဆိုခြင်းတို့ ပြုလုပ်မှုတို့သည် အလေ့အထ တူညီသဖြင့် ထိုသို့ ဆုတောင်းသည့် ပုံကြောင့် ပရိုတက်စတင့်၊ တစ်သီးပုဂ္ဂလ ကျမ်းဟောဆရာများနှင့် ကက်သလစ် Charismatic Movement/ Praise and Worship တို့သည် အတူတူပင် ဖြစ်သည်ဟု လူငယ်များ လက်ခံလာကြသည်။

ထို့ကြောင့် အစပိုင်းတွင် ကက်သလစ်တို့၏ Praise and Worship အား ပါဝင်ကြသူများသည် ပရိုတက်စတင့်များ၏ ပွဲရုံခန်းမများတွင် ပြုလုပ်သော Praise and Worship နေရာများသို့ သွားရောက်လာကြသည်။

ကက်သလစ် လူငယ် အများစုသည် Poorly Catechized ဘုရားစကား ကောင်းကောင်း မသင်ခဲ့၊ မလေ့လာခဲ့သူများ ဖြစ်တတ်သည်ဖြစ်ရာ ထိုသို့ ခေတ်ပေါ်တေးဂီတသံစဉ်များ၊ စဉ်ဆက်မပြတ် တရားဟော ဆရာ၏ နှုတ်တိုက် ရွတ်သည့် ကျမ်းပိုဒ်များ၊ သီအိုလော်ဂျီ အရ လေးနက်မှု မရှိသည့် သွန်သင်မှုများတွင် နစ်မြောကာ ဦးစွာ ထိုသို့သော Praise and Worship ဟူသည်အား အလွန် နှစ်သက်ခုံမင်သွားတတ်သည်။

ထို့အတွက်ကြောင့် ထိုကက်သလစ် လူငယ်မျိုးသည် ခေတ်သစ် ဂီတများဖြင့် ဂုဏ်တော်ချီးမွမ်းမှုအား ကက်သလစ် မစ္ဆားတရားတော်နှင့် နှိုင်းယှဉ်၍ ကက်သလစ် မစ္ဆားတရားသည် ဘာ အဓိပ္ပာယ်မှ မရှိဟု ယူဆသွားတတ်သည်မို့ ထို Praise and Worship အား အားပေးအားမြောက်ပြုသူများ ထည့်သွင်းစဉ်းစားရပေမည်။

အကြံပြုချက်

ကက်သလစ် လူငယ်တစ်ဦးအနေနှင့် ဘုရားစကားနှင့် မစ္ဆားတရားတော်မြတ်၏ လေးနက်မှုအား အပတ်တကုတ် နားလည်ရန် လိုအပ်လှကာ ထိုသို့ ကက်သလစ် လူငယ်များ ဘုရားစကား Catechism အား လေးနက်စွာ နားလည်ပါရန် စိတ်ဝင်စားစွာ သွန်သင်ပြသတတ်ရန်လည်း ကက်သလစ် ဆရာတော် ဘိရှော့များ၊ ဘုန်းတော်ကြီးများ၊ စစ္စတာများနှင့် တရားဟော ဓမ္မဆရာများ၏ အဓိက တာဝန်လည်း ဖြစ်ပေသည်။

Sacred Tradition of the Holy Catholic Church အသင်းတော်၏ သန့်ရှင်းသော ထုံးတမ်းအစဉ်အလာ၊ Social Doctrine of the Catholic Church အသင်းတော်၏ လူမှုရေးဆိုင်ရာ သွန်သင်ချက်၊ Encyclical Letters of Popes ပုပ်ရဟန်းမင်းကြီးများ၏ စာချွန်တော်များ၊ ယနေ့ခေတ် ကက်သလစ် အသင်းတော်ကြီးအား ပုံဖော်ပေးသည့် သမိုင်းဝင် ဗာတီကန် ကောင်စီ ၂ ၏ ကြေညာစာတမ်းများ Declaration and Documents of Historic Vatican Council 2၊ Spiritual Discernment ဝိညာဉ်ရေးရာ သုံးသပ်တတ်ခြင်း၊ Bible Sharing သမ္မာကျမ်းစာအား အတူတကွ ဖတ်ရှု၊ ထောက်ရှုဝေငှခြင်း အစရှိသည့် လှပသော ထုံးတမ်းအစဉ်အလာဆိုင်ရာ အသိပညာများအား လက်တွေ့ကျင့်သုံးနိုင်ရန် သွန်သင်ပေးလျှင်ပင် ကက်သလစ် လူငယ်များသည် ခရစ်တော် မြွက်ကြားခဲ့သော လောက၏ အလင်း၊ လောက၏ ဆားအဖြစ် ရပ်တည် ရှင်သန်နိုင်ပေလိမ့်မည်။

မိမိ၏ ပုဂ္ဂိုလ်ရေး အမြင်၊ ခံယူချက်မှ ပြောရလျှင် ကက်သလစ် အမိ ခရစ်ယာန် အသင်းတော်ကြီး၌ အလှတရားများ မရေမတွက်နိုင်အောင် တည်ရှိသည် ဖြစ်ပါသဖြင့် သွန်သင်သည့် တာဝန်၊ ဝတ္တရားရှိသူ ဆရာတော် ဘိရှော့၊ ဘုန်းတော်ကြီး၊ စစ္စတာများနှင့် တရားဟောဆရာများ အနေဖြင့် အသင်းတော်၏ မတူညီသည့် အလှတရားများ ကြိုးစား ချပြ သင်ကြားပေးရန် လိုအပ်လှပေသည်။

ကျွန်ုပ်နှစ်သက်သည့် နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိသော်လည်း စဉ်ဆက်မပြတ် အသုံးပြုနေသည့် Gregorian Chant ဂရီဂိုးရီးယမ်း ပုံစံ သီဆိုဆုတောင်းခြင်းများ , Latin Mass Songs လက်တင် ဘုရားသီချင်းများအား တက်သစ်စ လူငယ်များအား သွန်သင်ပေးခြင်းဖြင့် မွန်မြတ်သည့် မစ္ဆားတရားတော်မြတ်တွင် ကက်သလစ် ထုံးတမ်းအစဉ်အလာ စစ်မှန်မှုများဖြင့် ပြန်လည် အသက်သွင်းသင့်လှပေသည်။
မိမိ Parish သာသနာတွင် ရေးစပ်လိုက်သည့် ခေတ်ပေါ် သံစဉ်များဖြင့် ရောစပ်ထားသည့် သီချင်းသည် သန့်ရှင်း မွန်မြတ်သည့် တေးသံစဉ်များ မဟုတ်သည်ကို သတိချပ်လျက် မစ္ဆားတရားရှိ ထုံးတမ်းအစဉ်အလာအရ လှပသော လက်တင် ဂရီဂိုးရီးယမ်း သံစဉ်များအား ဖယ်ထုတ်ကာ မသီဆိုသင့်သော ခေတ်ပေါ် သီချင်းများအား မစ္ဆားတရားတွင် အသုံးမပြုရန် လိုအပ်လှပေသည်။

Charismatic “Renewal” Movement အကျဉ်းချုပ်

ထို Renewal သည် မည်သည့် အချိန်အတိအကျတွင် ပေါ်ပေါက်ခဲ့သည်ကို သတ်သတ်မှတ်မှတ် မပြောနိုင်ပါသော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ ဝန်းကျင်တွင် ကက်သလစ်အသင်းတော်၌ ထိုလှုပ်ရှားမှု စတင်သည်ဟု ပြောနိုင်သည်။ ၎င်းလှုပ်ရှားမှုသည် နှစ်တစ်ရာကျော်ခန့်က ပရိုတက်စတင့် တရားဟောဆရာ ဦးဆောင် စတင်ခဲ့သည့် Pentecostal Movement မှ မြစ်ဖျားခံသည်ဟု အများ သဘောတူကြသည်။

ပုပ်ပေါလ် (၆) နှင့် ပုပ် ဂျွန်ပေါလ် (၂) တို့သည် ထိုလှုပ်ရှားမှုသည် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားမှ အစစ်အမှန် မြစ်ဖျားခံလျှင် လက်ခံနိုင်သည်ဟု ရေးသား ဖော်ပြချက်အချို့ရှိခဲ့သည်။
ပုပ် ဘက်နဒစ် (၁၆) အဖြစ် ရွေးကောက်ခြင်း မခံရမီ ကာဒီနယ် ရက်ဇင်ဂါသည် ဤ Renewal လှုပ်ရှားမှုအား လက်ခံအသိအမှတ်ပြုခဲ့သည်ရှိသလို သတိထားရန်လည်း မိန့်မှာခဲ့သည်။
ပုပ်ဘက်နဒစ်က ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဤသို့ ကာဒီနယ် ဘဝတွင် ရေးသားဖူးသည်။

“What is the relation
between personal experience and the common faith of the Church?
Both factors are important:
a dogmatic faith unsupported by personal experience remains empty;
mere personal experience unrelated to the faith of the Church remains blind.”

“ဘုရားသခင်အား တွေ့ကြုံခံစားရသည့် ပုဂ္ဂိုလ်ရေး မှုနှင့် ကက်သလစ် အသင်းတော်၌ယုံကြည်ခြင်းတို့အကြားမည်သို့ချိတ်ဆက်တည်ရှိသနည်း။

နှစ်ခုစလုံး အရေးကြီးပါသည်။

စစ်မှန်သည့် သွန်သင်ချက်ဆိုင်ရာ ယုံကြည်ခြင်း၊ ကက်သလစ် အသင်းတော် အပေါ်ထားရှိသည့် ယုံကြည်ခြင်းတွင် ဘုရားသခင်အား တွေ့ကြုံခံစားမှု မရှိပါလျှင် လစ်ဟာမှုရှိနေမည် ဖြစ်ပြီး ဘုရားသခင်အား တွေ့ကြုံခံစားပါသည်ဟု ကြွေးကြော်ခြင်းသည် ကက်သလစ် အသင်းတော်အပေါ်၌ ယုံကြည်လက်ခံခြင်း မရှိလျှင် ထိုယုံကြည်ခြင်းသည် အကန်းပင် ဖြစ်သည်။”

ပုပ်ဘက်နဒစ် အနေဖြင့် Charismatic “Renewal” Movement အား လက်ခံသူသည် ကက်သလစ် အသင်းတော်နှင့် တပေါင်းတစည်းတည်း ရပ်တည်နေရန် လိုအပ်သလို အသင်းတော်၏ သွန်သင်ခြင်းအားလည်း မျက်ခြေမပြတ်ရန် လိုအပ်ကြောင်း မိန့်မှာခဲ့သည်။

Charism/ Charismatic and Church’s Teaching
Charism ဟူသည်မှာ ကက်သလစ် ဘုန်းတော်ကြီး၊ စစ္စတာ အသင်းဂိုဏ်းများတွင် ခေါ်ဝေါ်သည့် အသုံးအနှုန်းလည်း ဖြစ်သည်။

Charism ဟူသည်မှာ ဘုရားသခင်က အသင်းဂိုဏ်း တည်ထောင်သူအားလမ်းပြတော်မူသည့် ကျေးဇူးတော်ဟု ပြောနိုင်သည်။ ဆိုလိုသည်မှာ ထိုအသင်းဂိုဏ်း တည်ထောင်သူ Founder/ Foundress အား ဘုရားသခင်က လမ်းပြ အလင်းပေး ကျေးဇူးတော် ပေးသဖြင့် သူ၊ သူမ၏ အသင်းဂိုဏ်းအား မည်သည့် နည်း၊ မည်သည့် လုပ်ငန်းဆောင်တာများ ပြုလုပ်ခြင်းဖြင့် ခရစ်တော်၏ ချစ်ခြင်းမေတ္တာအား ပြသခြင်း ဖြစ်သည်။ ထို့ကြောင့် အချို့ စစ္စတာများသည် ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်ခြင်း၊ အချို့ စစ္စတာ အသင်းများသည် ဘော်ဒါဆောင်များတွင် ဦးဆောင် သွန်သင်ခြင်း၊ အချို့ ဘုန်းတော်ကြီးများသည် တက္ကသိုလ်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်း၊ အချို့ ဘုန်းတော်ကြီး အသင်းများသည် ဆင်းရဲသားများအား အနီးကပ် ကျွေးမွေးပြုစုခြင်း စသည်တို့ဖြင့် ခရစ်တော်၏ ချစ်ခြင်းမေတ္တာအား ပြသ အစေခံကြသည်။ ၎င်းသည် ထိုဘုန်းကြီးဂိုဏ်းတည်ထောင်သူ စစ္စတာကြီး၊ ဘုန်းတော်ကြီးများ၏ Charism မှ ပေါက်ဖွားလာခြင်း ဖြစ်သည်။

သို့သော်၊ သို့သော် ကက်သလစ် အသင်းတော်အနေဖြင့် Charismatic ပုံစံအားလည်း အပြည့်အဝ မတားမြစ်ချေ။
အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ရှေးဦးအသင်းတော်၊ ကက်သလစ် ယုံကြည်ခြင်း၏ သွင်ပြင်လက္ခဏာ တစိတ်တပိုင်းလည်း ဖြစ်ပေသည်။

Charismatic Movement နှင့် ပတ်သက်၍မူ ဗာတီကန်အစည်းအဝေးအားဖြင့် အသိအမှတ်ပြုထားသည်။

Charism ဟူသည်မှာ လူတစ်ဦး တစ်ယောက်ဆီသို့ ပေးအပ်သည့် ဘုရားကောင်းကြီးမဟုတ်၊ အသင်းတော်အား ချုံငုံ၍ ပေးအပ်သည် ဖြစ်ကြောင်း ဖော်ပြသည်။
ထို့အပြင် ဝိညာဉ်တော် အလင်းကျေးဇူးကို ရရှိသည်ဟု ဆိုကာ ပြောနေသူတိုင်းလည်းဆန်းစစ်မှုများအား ပြုလုပ်သင့်ကြောင်း ဖော်ပြထားသည်။
ကျမ်းကိုး အဖြစ် 1 Cor 12/ 1 John 4/ 1 Thes 5:12, 19-21 တို့တွင် ကြည့်နိုင်သည်။

Charismatic Movement တွင် ပါဝင်သူများအချို့သည်

အံ့သြဖွယ်ရာများအား ကြုံတွေ့ခဲ့ရမှုနှင့် ပတ်သက်၍ သတိချပ်ရန် တစ်ချက် မှာကြားလိုသည်မှာ စစ်မှန်သည့် ဝိညာဉ်တော်၏ လက်ရာအား အသေအချာ သုံးသပ်ဆန်းစစ်ရန် လိုအပ်လှပေသည်။

ဓမ္မဟောင်းကျမ်းတွင် နတ်ဆိုး နတ်ဘုရား Baal သည်ပင်လျှင် သူ့အား ကိုးကွယ်သူ နောက်လိုက်ကို ရှေ့ဖြစ်ဟောတတ်သည့် Prophesy တန်ခိုးပေးထားကြောင်း ဖော်ပြထားပေသည်။ ဝိညာဉ်တော်ဟု ဆိုရာ၌ မသန့်ရှင်းသည့် ဝိညာဉ်လည်း ရှိသည်ဖြစ်ရာ ထို့အတွက်ကြောင့် စိန့်ပေါလ်က သန့်ရှင်းဖြူစင်သော ဘုရားသခင်၏ ဝိညာဉ်တော်အား ကိုးစားရန် အထူး သတိပေးမှာကြားခဲ့ခြင်း ဖြစ်သည်။
(ကျမ်းကိုး 1 Thes 5:12, 19-21)

သို့ပါသော်လည်း ကက်သလစ် အသင်းတော်သည် ထိုလှုပ်ရှားမှုအား ခရစ်ယာန် ဂိုဏ်းကွဲများ၏ လှုပ်ရှားမှု Pentecostal ပုံစံဖြင့် သွားခြင်းကိုမူ အပြင်းအထန် တားမြစ်ရှုံချသည်။

လမ်းလွဲသည့် Charismatic Movement/ Pentecostal သည် သန့်ရှင်းသော ဝိညာဉ်တော် ဘုရား၏ တန်ခိုးကျေးဇူးတော်ကိုသာ လုံးဝ အမှီသဟဲပြုသည့် ဆုတောင်းခြင်း ဖြစ်သဖြင့် မှားယွင်းသည်။

ထိုလှုပ်ရှားမှုအားဖြင့် ကက်သလစ် အသင်းတော်၏ စက္ကရမင်တူး ၇ ပါးအား မျက်ကွယ်ပြုစေသည့် အန္တရာယ်လည်း ရှိပေသည်။

ဗာတီကန်အစည်းအဝေးကြီးက ထိုလှုပ်ရှားမှုအား အသိအမှတ်ပြုသည် ဖြစ်သဖြင် လူတိုင်း Charismatic လိုက်လံ လုပ်ဆောင်ရန် မလိုအပ်ပေ။

ထို့အပြင် ထိုသို့ Charismatic လုပ်သည့် ကက်သလစ် ခရစ်ယာန်သည် အခြား ကက်သလစ် ခရစ်ယာန်ထက် ပိုမို သာသည်ဟုလည်း မဆိုလိုပေ။
ထိုလှုပ်ရှားမှုတွင် ပါဝင်သည့် ကက်သလစ်သည် မတူကွဲပြားသည့် ကျေးဇူးတော်များမှ တစ်ခုကို ရရှိသည်ဟုသာ မှတ်ယူနိုင်သည်။

အကယ်၍ ကက်သလစ် ခရစ်ယာန် တစ်ဦးသည် ဝိညာဉ်တော်ဘုရား၏ ကျေးဇူးတော်ကိုသာ တစိုက်မတ်မတ် တောင်းခံသည့် Charismatic Movement (Praise and Worship)/ Pentecostal ကြောင့် ကက်သလစ် အသင်းတော်မှ ထွက်ခွာသွားလျှင် ထိုသူသည် Gifts of the Giver အရာအားလုံးကို ပေးအပ်သည့် ဘုရားရှင်၏ လက်ဆောင်ကိုသာ တန်ဖိုးထားသဖြင့် ထွက်သွားခြင်းဖြစ်ပြီး Giver of Gifts အရာအားလုံးကို ပေးအပ်သည့် ဘုရားရှင်အား မေ့ပျောက် မျက်ကွယ်ပြုရာ ကျပေသည်။

ထို့ကြောင့် Charismatic တွင် ပါဝင်သည့် ကက်သလစ် ဖြစ်စေ၊ အခြား သာမန် ကက်သလစ်ပင် ဖြစ်စေ၊ အရေးအကြီးဆုံးမှာ ခရစ်တော် အစစ်အမှန် တည်ရှိရာ ကိုယ်တော်မြတ် စက္ကရမင်တူးကိုသာ အဓိကထား ရှိခိုးကိုးကွယ်သင့်ပါသည်။

Source##### Lawrence Jangma Mung Song

ကျမ်းကိုး EWTN ၏ ပညာရှင် အမေးအဖြေ ကဏ္ဍမှ

No comments:

Post a Comment