ကက်သလစ်အမျိုးသမီးများ ဘုရားကျောင်းတက်လျှင် ဇာတဘက်ဆောင်းရခြင်း
***********************************************************
ကျမ်းစာတော်မြတ်အရအမျိုးသမီးများသည်ဘုရားသခင်ရှေ့မျက်မှောက်တွင်ဦးခေါင်းကိုဖုံးအုပ်ထားသင့်သည်ဟု ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးက ပြောသည်။ ယခုအခါ ဘုရားကျောင်းတက်ချိန်၌ အမျိုးသမီး အတော် များများ သည်
ဦးခေါင်းဖုံးအုပ်ခြင်း(၀ါ) ဇာတဘက်ဆောင်းခြင်းမပြုကြတော့ပါ။ မည်သည့်အချိန်ကတည်းက ဇာတဘက်ဆောင်း
သည့်အလေ့အကျင့်ကို ရပ်ဆိုင်းခွင့်ပြုခဲ့ပါသနည်း။ ထိုအလေ့အကျင့်သည်ခေတ်နှင့်မညီ၊ မလိုအပ်၊ မသင့်လျော်
တော့သည့် ကျင့်စဉ် တစ်ခုဖြစ်လာခြင်းကြောင့်ပေလော။
အောက်ပါကျမ်းပိုဒ်ကို သေချာဖတ်ကြည့်ပါ။
"....... မိန်းမတစ်ဦးသည် ဦးခေါင်းကို မဖုံးအုပ်ဘဲ ဆုတောင်းလျှင်၊သို့မဟုတ်ပရောဖက်ညာ
ဏ်နှင့်ဟောပြော
လျှင် သူမသည် မိမိဦးခေါင်း၏အသရေ ကိုရှုတ်ချသူဖြစ်၏။ သူမသည် ခေါင်းတုံးရိတ်ထားသကဲ့သို့ပင်ဖြစ်လေ၏။
အကယ်၍မိန်းမတစ်ယောက်သည် မိမိ၏ဦးခေါင်းကို မဖုံးအုပ်ဘဲထားလျှင်သူမသည် မိမိ၏ဆံပင်ကို ဖြတ်ထားသင့်၏။
အကယ်၍ဆံပင်ဖြတ်ခြင်း၊ သို့မဟုတ် ခေါင်းတုံးရိတ်ခြင်းတို့သည် မိန်းမတစ်ယောက်အတွက်ရှက်ဖွယ်ဖြစ်လျှင် သူမသည် မိမိဦးခေါင်းကိုဖုံးအုပ်ထားပါစေ..... သို့ဖြစ်၍ကောင်းကင်တမန်တော်များကို လေးစားသောအားဖြင့်
မိန်းမတစ်ယောက်သည် မိမိ၏ဦးခေါင်းကိုဖုံးအုပ်ထားသင့်၏။ မည်သို့ပင်ဖြစ်စေကာမူသခင်ဘုရား၌ မိန်းမသည်
ယောက်ျားကိုမှီခိုရသကဲ့သို့ ယောက်ျားသည်လည်းမိန်းမကို မှီခိုရ၏။ အကြောင်းမူကားမိန်းမသည် ယောက်ျားမှ
ဖန်ဆင်းခြင်းခံရသကဲ့သို့ပင်ယောက်ျားလည်းယခုအခါတွင်မိန်းမမှမွေးဖွားလာရ၏။ ခပ်သိမ်းသောအရာတို့သည်
ဘုရားသခင်ထံမှဖြစ်၏။ သင်တို့ကိုယ်တိုင်ဆင်ခြင်သုံးသပ်ကြပါလော့။ မိန်းမတစ်ဦးသည် ဦးခေါင်းကို မဖုံးအုပ်ဘဲ
ဘုရားသခင်ထံဆုတောင်းပတ္ထနာ ပြုရန်သင့်လျော်ပါသလော... ဤအကြောင်းနှင့်စပ်လျဉ်း၍တစ်စုံတစ်ယောက်
သောသူသည် ငြင်းခုံလိုပါလျှင် ငါတို့၌လည်းကောင်း၊ ဘုရားသခင်၏အသင်းတော်များ၌လည်းကောင်းထိုကဲ့သို့
သောထုံးစံမရှိကြောင်း ငါပြောကြားလိုပါ၏။"(ကော်ရိန့်သုသြ၀ါဒစာပထမစောင် ၁၁း၎-၆၊ ၁၀-၁၃၊၁၆ )
အထက်ပါကျမ်းပိုဒ်နှင့်ပတ်သက်၍ ရှင်းပြရမည်ဆိုလျှင် ဤပို့စ်စာမျက်နှာအတော်ရှည်သွားပေမည်။ သို့သော်၎င်း၌သက်တမ်းကြာရှည်သောဓမ္မသဂြိုလ်ဆိုင်ရာ အဖိုးတန်အချက်အလက်များနှင့် ကော်ရိန့်သုမြို့သူ/သားတို့က အချိန်ကာလတစ်ခု၊ ဒေသတစ်ခု၌သာ ကျင့်သုံးခဲ့ပြီး ပြောင်းလဲနေသည့်ရိုးရာဓလေ့
များကို ထင်ဟပ်စေသောအချက်အလက်များစွာပါဝင်ပေသည်။
ရှင်ပေါလုခေတ်တွင်ဝတ်ပြုကိုးကွယ်ခြင်းများ၌ အမျိုးသမီးများဦးခေါင်းဖုံးအုပ်ထားမှဣဒြေ္နရှိသည်ဟုယူဆ
ခဲ့ကြပြီး ရှင်ပေါလုသည်ထိုအချက်ကို ၀တ်ပြုကိုးကွယ်ခြင်း၌ ပါဝင်သည့် အမျိုးသမီး များလိုက်နာရန် အလေး
အနက် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘုရားကျောင်းထဲတွင် ၀တ်ပြုကိုးကွယ်ရာ၌ အမျိုးသားနှင့်အမျိုးသမီး သီးသန့်ခွဲ၍နေရာယူခြင်းဓလေ့ နှင့်
အတူ အမျိုးသမီးများဦးခေါင်းကိုဖုံးအုပ်ရသည့်အလေ့အထကို ၁၉၁၇ ခုနှစ်၌ပြဌာန်းထားသောကာနွန်ဥပဒေ
(၁၂၆၂)၊ အပိုဒ်(၂) ၌စံပြုရသည့် အလေ့အထအဖြစ်ထည့်သွင်းမှတ်ယူထားပေသည်။ ၁၉၈၃ ခုနှစ် ၌ ကာနွန်
ဥပဒေကို ပြန်လည်ပြုပြင်ပြဌာန်းရာ ၁၉၁၇ခုနှစ်၊ ကာနွန်ဥပဒေ(၁၂၆၂)၊ အပိုဒ်(၂) ပါအကြောင်းအရာများပါဝင်
ခြင်းမရှိတော့ချေ။အမျိုးသမီးများဦးခေါင်းကိုဖုံးအုပ်ထားရခြင်းနှင့် ဘုရားကျောင်းအတွင်းကျား၊မသီးသန့်ခွဲခြား
ထားသည့်အလေ့အထမှာလည်း ၁၉၇၀ ခုနှစ်မှစ၍ ပျောက်ကွယ်စပြုနေပြီဖြစ်သည်။ထိုအလေ့အထမှာ တရားဝင်
လိုက်နာရန်မလိုတော့သော်လည်းနိုင်ငံတချို့တွင်၊ အထူးသဖြင့် အာရှတိုက်ရှိတိုင်းပြည်များတွင်ကျယ်ကျယ်ပြန့်
ပြန့်လက်ခံကျင့်သုံးဆဲပင်ဖြစ်သည်။အမျိုးသမီးများသည်မစ္ဆားတရား( ပွဲတော် )သွားသည့်အခါ ဦးထုပ်နှင့် ခေါင်း
ဆောင်းပ၀ါများကို ၀တ်လိုသူများက ၀တ်ဆင်နေကြသေးသော်လည်း ယေဘုယျအားဖြင့် အနောက်နိုင်ငံအတော်
များများတွင်ထိုအလေ့အထကိုစွန့်လွှတ်ခဲ့ကြပြီးဖြစ်သည်။
ထိုအလေ့အထ တဖြည်းဖြည်းဆိတ်သုဉ်းလာခြင်း၌ လူမှုရေးရာအကျိုးအကြောင်းများစွာပါဝင်ပတ်သက်နေ
ပေသည်။ထိုသို့ပြုလုပ်ခြင်းအားဖြင့် အမျိုးသားနှင့်အမျိုးသမီးတန်းတူအခွင့်အရေးကို ပိုမို အလေးပေးပြောကြားနေ
ချိန်၌ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုကို သိသာထင်ရှားပေါ်လွင်စေသည့်အခြင်းအရာများကို အရေးမကြီးသည့်
အရာများအဖြစ်လက်ခံလာစေသည်။
အမျိုးသမီးများသည်ဦးခေါင်းကိုဖုံးအုပ်ထားရမည်ဟုရှင်ပေါလုက အမိန့်ထုတ်ပြန်ရခြင်း၏အဓိကအကြောင်း
ရင်းမှာဝတ်ပြုကိုးကွယ်ခြင်းပြုရာ၌အမျိုးသမီး များပို၍ ဣဒြေ္နသိက္ခာရှိစေရန် အားပေးခြင်းဖြစ်သည်။ အထူးသဖြင့်
ထိုခေတ်သမယ၏ယဉ်ကျေးမှုထုံးစံ၌ ခေါင်းကို ဖုံးအုပ်ထားခြင်းမရှိသောအမျိုးသမီး များမှာ" ကိုယ်ကျင့်သိက္ခာမဲ့
သော မကောင်းသည့်အမျိုးသမီးများ " ဟု အဓိပ္ပါယ်ဆောင်သောကြောင့်ဖြစ်သည်။
အမျိုးသမီးများ ၀တ်ပြုကိုးကွယ်ခြင်း၌ ဦးခေါင်းဖုံးအုပ်ထားခြင်း၏ အခြေခံအကြောင်းအရင်းသည် ဣဒြေ္န
သိက္ခာရှိစေရန်ရည်ရွယ်သောကြောင့် ယင်းကဲ့သို့ ဣဒြေ္န စောင့်စည်းရန်အတွက်အမျိုးသမီးများသည်ဦးခေါင်းကို
ဖုံးအုပ်လိုပါက လွတ်လပ်စွာပြုလုပ်နိုင်ပြီး ရှေးကာလမှစ၍ တည်ရှိခဲ့သော ဤယဉ်ကျေးမှုဓလေ့ကို လေးစားရုံ
သက်သက်ဖြင့်လည်းထိုအလေ့အထကို လွတ်လပ်စွာပြုလုပ်နိုင်သည်ဟုလည်းကောင်း၊ မိမိတို့ခေါင်းကိုဖုံးအုပ်ထား
ရသည့်ဦးထုပ်၊ ခေါင်းဆောင်းပ၀ါများသည်အခြားသော ၀တ်ပြု ကိုးကွယ်သူများ၏စိတ်အာရုံကို အနှောက်အယှက်
မဖြစ်စေရန်လိုအပ်သည်ဟူ၍လည်းကောင်း Regina Apostolorunm University မှပရောဖက်ဆာFather Edward McNamara ကအကြံပြုထားလေသည်။ (Zenit, Rome, 5.6.2007
အချို့ဒေသများတွင်ကက်သလစ်ဘုန်းတော်ကြီးများကိုယ်တိုင်က၀တ်ပြုကိုးကွယ်ခြင်းအချိန်၌ ခေါင်းဆောင်းပ၀ါ(သို့)ဦးထုပ်ဆောင်းခြင်း ကိုအမျိုးသမီးများစိတ်ဓာတ်ကျ၊စိတ်ပျက်သည်အထိတားမြစ်ကြသည်။
အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများခေါင်းဖုံးအုပ်သည့်ခေါင်းဆောင်းပ၀ါများ(သို့)ဦးထုပ်များကိုအလွန်အမင်း
တီထွင်တန်ဆာဆင်လာခဲ့ကြရာ ၀တ်ပြုကိုးကွယ်ခြင်း၌ပါဝင်ကြသောသူအပေါင်းတို့၏စိတ်အာရုံကို အလွန်တရာ
အနှောက်အယှက်ဖြစ်စေပြီး စိတ်ပျံ့လွင့်မှုကို စေ့ဆော်သောကြောင့်ဖြစ်သည်။
ဦးခေါင်းကို ဖုံးအုပ်ထားသင့်၊ မသင့်နှင့်ပတ်သက်၍ ကာနွန်ဥပဒေနှင့်လူမှုရေးရာယဉ်ကျေးမှုများက အား
ပေးခြင်းသော်လည်းကောင်း၊တားမြစ်ခြင်းသော်လည်းကောင်းမရှိသော်လည်း သူတစ်ပါးတို့၏စိတ်အာရုံကိုဆွဲ
ဆောင်နိုင်စေရန်ရည်ရွယ်၍ခေါင်းဆောင်းပ၀ါများ၊ ဦးထုပ်များကို အလွန်အမင်း ပြုပြင်တန်ဆာဆင်ခြင်းသည် အမျိုးသမီးတို့၏ဣဒြေ္နသိက္ခာကို ထိခိုက်စေနိုင်သဖြင့် သတိထားကြရန်လိုအပ်ပေမည်။ ထို့ပြင်ကက်သလစ်ဘုန်း
တော်ကြီး များသည်ဝတ်ပြုကိုး ကွယ်ခြင်းဆိုင်ရာဝိနည်းများ၏သဘောသဘာဝနှင့်လိုက်လျောညီထွေမှုမရှိသည့်
အရာများမှအပကျန်သည့်အရာများ၌ မိမိကြည့်ရှုရသည့်သိုးစု၏၀ိညာဉ်ရေးရာအာရုံခံစားမှုအမျိုးမျိုးနှင့် သဟဇာ
တဖြစ်နိုင်စေရန် အတော်အသင့် သဘောထားပျော့ပျောင်းရပေမည်။
စည်းလုံးညီညွတ်မှုကို ရည်သန်သော ဆုတောင်းမေတ္တာပြုခြင်းများနှင့်ဘာသာရေးဝတ်ပြုကိုးကွယ်ခြင်းများ
သည်သဘောသဘာဝအားဖြင့် ယုံကြည်သူများ၏စည်းလုံးညီညွတ်မှုကိုအစဉ်အမြဲရှေ့ရှုသည်။ထိုရည်ရွယ်ချက်ကို
ဖော်ဆောင်သည့်ဝတ်ပြုခြင်းအခမ်းအနားများ၌ပါဝင်ကြသော ယုံကြည်သူအားလုံးတို့သည် လူအများက လက်ခံ
ကျင့်သုံးထားသည့် ဘာသာရေးဆိုင်ရာအမူအကျင့်များနှင့်အညီ ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ရပေမည်။
ထို့ကြောင့် ၀တ်ပြုကိုးကွယ်ခြင်းနှင့်ဆိုင်ရာပြဌာန်းချက်များက တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိ
သော အကြောင်းအရာများနှင့်ပတ်သက်၍ကက်သလစ်ဘုန်းတော်ကြီးများသည် အသင်းတော်၌စံပြုရသည့်
အလေ့အထများအဖြစ်လည်းကောင်း၊ စစ်မှန်သောဘုရားတရားကြည်ညိုခြင်းအဖြစ်လည်းကောင်း ပညာပေးသွန်
သင် သင့်သော်လည်း သိုးထိန်းတစ်ဦးအနေဖြင့် မလိုအပ်ဘဲလျက်ယုံကြည်သူများကို ကွဲပြားစေနိုင်သည့်အရာများ
ကို သည်းခံရှောင်ရှားသင့်ပေသည်။
In important things - Unity;
In less important things - Liberty;
In all things -Charity.
ဟူသော ဆိုရိုးစကားနှင့် အညီအရေးကြီးသောအရာများ၌ သွေးစည်းညီညွတ်
ပြီး အရေးကြောင်းကြီးငယ်မရှိသည့်အခါ၌ လွတ်လပ်စွာပြုမူနိုင်ကြကာခပ်သိမ်းသော အရာတို့၌ မေတ္တာတရား၊
သဒ္ဓါတရားများစွာဖြင့် ဆောင်ရွက်ကြရမည်သာ ဖြစ်ပေတော့သည်။
ဝန်ခံချက်။ ။ မျိုးကြဲသူလစဉ်ကက်သလစ်သတင်းစာစောင်မှကောက်နုတ်တင်ပြပါသည်။

No comments:
Post a Comment