(Why do priests wear vestments for Mass?)
အသင်းတော်၏ကနဦးနေ့ရက်များတွင်
"မုန့်ဖဲ့ခြင်း"ဟူသော မစ္ဆားတရားတော်မြတ်ပူဇော်ရာ၌ အထူးသီးသန့်အဝတ်အစားများ ဝတ်ဆင်ခြင်းမရှိခဲ့ပေ။ သို့သော်၊ ကနဦးခရစ်ယာန်များသည် သန့်ရှင်းမြင့်မြတ်သော ပါစကားနက်နဲဖွယ်ရာကဲ့သို့ အခမ်းအနားကျင်းပခြင်း၌ ပါဝင်သူအားလုံးသည် ကွဲပြားခြားနားမှုကို သိသာစေသော အဝတ်အစားများ ဝတ်ဆင်သင့်သည်ကို သိပ်မကြာခင်မှာပင် သိရှိလာခဲ့ကြသည်။ အထူးသဖြင့် ဂျူးလူမျိုးတို့၏ဓလေ့ထုံးတမ်းစဉ်လာအမြင်၌ ရဟန်းတော်များသည် အထူးသီးသန့်ဖြစ်သော ဝတ်ရုံ၊ သင်္ကန်းများ ဝတ်ဆင်သင့်သည်ဆိုသည့်အချက်ကို သိနားလည်လာခဲ့ကြသည်။
ထွက်မြောက်ရာကျမ်း အခန်းကြီး ( ၂၈) ၌ ဘုရားရှင်က ရဟန်းတော်များ ဝတ်ဆင်သင့်သည့်ဝတ်ရုံ၊ သင်္ကန်းများနှင့်ပတ်သက်၍ မည်ကဲ့သို့ပြုလုပ်ရမည်၊ မည်ကဲ့သို့အသုံးပြုဝတ်ဆင်ရမည် စသဖြင့် ပရောဖက်မိုးဇယ်
အားဖြင့် ဂျူးလူမျိုးများကို အထူးညွှန်ကြားချက်များ ပေးထားခဲ့သည်ကို ဖတ်ရှုရပါသည်။ ရဟန်းတော်များအတွက် ဝတ်ရုံ၊ သင်္ကန်းများ

ဝတ်ဆင်ရခြင်း၏ရည်ရွယ်ချက်မှာ - ဘုရားရှင်၏ဂုဏ်တော်များကို လေးနက်ပေါ်လွင်စေရန်နှင့် ဘုရားရှင်၏ ကြည်ညိုဖွယ်သောဘုန်းဂုဏ်တော်ကို ဖော်ဆောင်စေရန်ဖြစ်သည် (ထွက်မြောက်ရာကျမ်း ၂၈း၂)။ ဝတ်ရုံ၊ သင်္ကန်းများကို ဝတ်ဆင်ခြင်းသည် လူသားများ တတ်စွမ်းနိုင်သည့်
နည်းလမ်းဖြင့် ဘုရားရှင်အပေါ်ထားရှိသည့် ရိုသေလေးမြတ်ခြင်းနှင့် ချီးမွမ်းဂုဏ်ပြုခြင်းကို
ဖော်ပြခြင်းလည်ြး ဖစ်ပါသည်။ သို့ဖြစ်၍ ဝတ်ရုံ၊
သင်္ကန်းများကို ဝတ်ပြုခြင်းအခမ်းအနားအတွက် တဖြည်းဖြည်း အသုံးပြုလာကြခြင်းဖြစ်ပါသည်။ ရဟန်းတော်များဝတ်ဆင်သည့် သင်္ကန်းများ၊ ဝတ်ရုံတော်များကို ( ၃)ရာစုတွင် စတင်အသုံးပြုခဲ့ပြီဖြစ်သည်။ ထိုဝတ်ရုံမှာ အဖြူရောင်ဖြစ်သည်။ အသင်းတော်၏ဖခင်ကြီးတစ်ဦးဖြစ်သူ အော်ရီဂျင် (Origen, c.185 - 254 ) က
မစ္ဆားတရားတော်မြတ်ပူဇော်ရာတွင် ရဟန်းတော်သည် အဖြူရောင်လျှော်ချည်ဖြင့် ယက်လုပ်ထားသည့်အဝတ်ကို ဝတ်ဆင်ပူဇော်သင့်သည်ဟု ဆိုထားပါသည်။

အရှေ့တိုင်းအသင်းတော်များနည်းတူ အနောက်တိုင်းအသင်းတော်၌လည်း ဝတ်ရုံ၊ သင်္ကန်းများ အသုံးပြုနေခဲ့သည်မှာ ရာစုနှစ်များစွာ ကြာညှောင်းခဲ့ပြီးဖြစ်ပါသည်။ ယေဘုယျအားဖြင့် အရှေ့တိုင်းအသင်းတော်များ၌အသုံးပြုသည့် ဝတ်ရုံ၊ သင်္ကန်းများသည် လာတင်းဝိနည်းကိုအသုံးပြုသော အနောက်တိုင်းအသင်းတော်များ
ထက် ပို၍ထွေပြားကာ အရောင်အသွေးလည်း စုံလင်များပြားလှပါသည်။
ထက် ပို၍ထွေပြားကာ အရောင်အသွေးလည်း စုံလင်များပြားလှပါသည်။
ရဟန်းတော်များအနေဖြင့် ဝတ်ရုံ၊ သင်္ကန်းများ အသုံးပြုရခြင်းမှာ အကြောင်းပြချက်များစွာ ရှိပါသည်။
၁) လူတစ်ဦးသည် ကြီးကျယ်ခမ်းနားသည့်လုပ်ငန်းဆောင်တာများ ထမ်းဆောင်ရာတွင် အကောင်းဆုံးသောအဝတ်အစား ( သို့မဟုတ်) ဝတ်ရုံများကို ဝတ်ဆင်ရသည်မှာ ထုံးတမ်းစဉ်လာတစ်ရပ်ဖြစ်ပါသည်။ တရားသူကြီးများသည် တရားခွင်ဝင်ကြသည့်အခါ အိမ်၌ဝတ်ဆင်လေ့ရှိသော ရိုးရိုးအဝတ်အစားများကို မဝတ်ဆင်ကြပါ။ မိမိရာထူးနှင့် သင့်တင့်လျောက်ပတ်သော အဝတ်အစား( သို့မဟုတ်) ဝတ်ရုံများကိုသာ ဝတ်ဆင်လေ့ရှိကြပါသည်။ ထို့အတူ၊ ရဟန်းတော်များသည်လည်း သန့်ရှင်းမွန်မြတ်သည့် မစ္ဆားတရားတော်မြတ်ကို သူ၏တာဝန်ဝတ္တရားအတိုင်း ပြုလုပ်ကျင်းပရာတွင် ဝတ်ရုံ၊ သင်္ကန်းများကို ဝတ်ဆင်ရန် အထူးလိုအပ်လှပါသည်။ ရဟန်းတော်များသည် ဝတ်ရုံ၊ သင်္ကန်းများကို ဝတ်ဆင်လိုက်ခြင်းအားဖြင့် ပထမဦးစွာ ကျွန်ုပ်တို့၏အာရုံများကို ဖမ်းစားပြီး ရဟန်းတစ်ပါးထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို သတိမူစေပါသည်။
၂) အထူးသီးသန့်အဝတ်အစားများ (ဝတ်ရုံတော်များ၊ တူညီဝတ်စုံများ)သည် ထူးခြားသည့် လုပ်ငန်းဆောင်ရွက်ချက်များကို မီးမောင်းထိုးပြနေပါသည်။ ဘာသာရေး၌လည်း ဘာသာရေးအလျောက် ဝတ်ရုံ၊ သင်္ကန်းဝတ်ဆင်မှုများ ပြုလုပ်ကြပါသည်။ ဝတ်ရုံ၊ သင်္ကန်းများဝတ်ဆင်ခြင်းကို ကြည့်ခြင်းအားဖြင့် မည်သည့်အခမ်းအနား ကျင်းပနေသည်ကို သိမြင်နိုင်ပါသည်။ မစ္ဆားတရားတော်မြတ်ပူဇော်ခြင်းသည် အခြားသောလူမှုရေးအခမ်းအနားများနှင့် ခြားနားသကဲ့သို့ အခြားသော ဝတ်ပြုကိုးကွယ်ခြင်းနှင့်လည်း ခြားနားလျက်ရှိပါသည်။ ဝတ်ရုံ၊ သင်္ကန်းများသည် မစ္ဆားတရားတော်မြတ်ပူဇော်ခြင်း၏ သန့်ရှင်းမွန်မြတ်ခြင်းကို ဖော်ပြသော သင်္ကေတပင်ဖြစ်ပါသည်။
၃) မစ္ဆားတရားတော်မြတ်ဆိုသည်မှာ ကျွန်ုပ်တို့ တစ်ဦးချင်းအနေနှင့်သော်လည်းကောင်း၊ လူအများနှင့်သော်လည်းကောင်း ပြုလုပ်သော ဆုတောင်းမေတ္တာများကဲ့သို့ ဆုတောင်းမေတ္တာတစ်ပုဒ်မျှသာ မဟုတ်ပေ။ မစ္ဆားတရားပူဇော်ခြင်း၌ လူ့ဉာဏ်ဖြင့် နားမလည်နိုင်သော နက်နဲရာအချက်များ ပါရှိပါသည်။ မစ္ဆားတရားတော်မြတ်သည် ပါစကားနက်နဲဖွယ်ရာအချက်ကို ကျင်းပနေခြင်းပဲဖြစ်ပါသည်။ ပါစကားနက်နဲဖွယ်ရာအချက်ဆိုသည်မှာ ခရစ်တော်ဘုရားရှင်၏ ဒုက္ခခံထမ်းခြင်း၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဖြစ်ပါသည်။ ပေါင်မုန့်နှင့် စပျစ်ရည်သည် ယေဇူးဘုရားရှင်၏ အသွေးတော်နှင့်အသားတော်မြတ်အဖြစ်သို့ ပြောင်းလဲခြင်းသည် ကျွန်ုပ်တို့လူသားများအတွက် နားလည်ရန်ခက်ခဲသော နက်နဲဖွယ်ရာအချက်ပင်ဖြစ်ပါသည်။ မစ္ဆားတရားတော်မြတ်သည် ကျွန်ုပ်တို့ကို ယေဇူးဘုရားရှင်နှင့် ပေါင်းစပ်ခြင်းကို ပြုလုပ်ပေးပါသည်။ ထို့ကြောင့်၊ ရဟန်းတော်သည် နက်နဲဖွယ်ရာအချက်ကို ကိုင်တွယ်နေသည်ဆိုသည့်အချက်ကို ဝတ်ရုံတော်၊ သင်္ကန်းများက ပြသပေးနေပါသည်။ ဝတ်ရုံ၊ သင်္ကန်းများသည် ထိုမြင့်မြတ်သန့်ရှင်းသောအရာ၊ နက်နဲဖွယ်ရာများအပေါ် ရိုသေမြတ်နိုးသောစိတ်ဓာတ်များ တိုးပွားစေပါသည်။
၎) ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်တစ်ဦးဦးကို သွားရောက်တွေ့ဆုံမည်ဆိုပါက ကောင်းမွန်
သန့်ပြန့်သောအဝတ်အစားများကို ဝတ်ဆင်ရသည်မှာ ထုံးတမ်းစဉ်လာတစ်ရပ်ဖြစ်ပါသည်။ စင်စစ်မူ၊ ရှင်ဘုရင်၊ ရှင်ဘုရင်မ၊ ပုပ်ရဟန်းမင်းကြီး၊ နိုင်ငံ့ခေါင်းဆောင်များကို တွေ့ဆုံရသည့်အခါ အဝတ်အစားနှင့်ပတ်သက်၍ သံတမန်စည်းမျဉ်း၊ စည်းကမ်းဥပဒေများ ရှိပါသည်။ ကောင်းမွန်သန့်ပြန့်စွာ ဝတ်စားဆင်ယင်ခြင်းသည်ပင် မိမိသွားရောက် တွေ့ဆုံမည့်ပုဂ္ဂိုလ်၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်းတို့ကို ရိုသေလေးစားခြင်း တစ်ရပ်လည်းဖြစ်ပါသည်။ မစ္ဆားတရားတော်မြတ်၌ ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်စက္ကရမင်တူးတွင် ကိန်းအောင်းတော်မူသော ယေဇူးဘုရားရှင်နှင့် အမြဲ တွေ့ဆုံနေကြရပါသည်။ မစ္ဆားတရားတော်မြတ် ပူဇော်သော ရဟန်းတော်သည် ပလ္လင်တော်ထက်၌တည်ရှိတော်မူသော ယေဇူးဘုရားရှင်နှင့် နီးနီးကပ်ကပ် ဆက်ဆံပေါင်းသင်းခွင့် ရရှိနေပါသည်။ ထိုကဲ့သို့ ဖူးတွေ့ရာတွင် ရဟန်းတော်သည် ခရစ်တော်ဘုရားရှင်အား သဒ္ဓါကြည်ညို၊ အရိုအသေပေးသည့်အနေဖြင့် သန့်ရှင်းကောင်းမွန်သော အဝတ်အစားများကို ဝတ်ဆင်ရပါသည်။

အထက်ဖော်ပြပါ အချက်အလက်များကြောင့် ရဟန်းတော်သည်
မစ္ဆားတရားတော်မြတ်ပူဇော်သည့်အခါ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ဝိနည်းများနှင့်အညီ
ဝတ်ရုံ၊ သင်္ကန်းများကို အပြည့်အစုံ၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်ရပါမည်။ ထို့အပြင်၊ ဝတ်ရုံ၊
သင်္ကန်းများသည် သန့်ရှင်းပြီး တင့်တင့်တယ်တယ် ဖြစ်နေရပါမည်။ အဘယ့်ကြောင့်ဆိုသော်၊
ထိုကဲ့သို့ သန့်ရှင်းသပ်ရပ်စွာ၊ တင့်တယ်လျောက်ပတ်စွာ ဝတ်ဆင်ခြင်းသည် အနှိုင်းမဲ့သော
မြတ်ဘုရားရှင်၏ဂုဏ်တော်များ၊ ကြီးကျယ်ခမ်းနားမှုများကို အသိအမှတ်ပြုရာ၊
သဒ္ဓါကြည်ဖြူမြတ်နိုးရာ၊ အရိုအသေပေးရာ ရောက်သောကြောင့်ပင်ဖြစ်ပါသည်။
https://www.facebook.com/photo.php?fbid=891387627581094&set=a.703886469664545.1073741826.100001295952986&type=1&fref=nf
ဖေ့ဘွတ်ပေါ်မှ ကူးယူထားခြင်းဖြစ်ပါသည်။
https://www.facebook.com/photo.php?fbid=891387627581094&set=a.703886469664545.1073741826.100001295952986&type=1&fref=nf
ဖေ့ဘွတ်ပေါ်မှ ကူးယူထားခြင်းဖြစ်ပါသည်။
No comments:
Post a Comment