ခေါင်းကိုက်တယ်ဆိုတာ မကြာခဏ ကိုက်တတ်လို့ သာမန်ရောဂါလို့ အမြဲတမ်းထင်ထားလို့ မရပါဘူး။ အထူးသဖြင့် တစ်ခါတစ်ရံမှ အပြင်းအထန် ကိုက်တတ်သူတွေအနေနဲ့ သတိထားသင့်တယ်။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ရှိသူတွေ ခေါင်းကိုက်ရင်၊ လေဖြတ်ခြင်း (Stroke) နဲ့ ဦးနှောက်တွင်း သွေးယိုခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ကြောင့် ရှေ့ပြေးခေါင်းကိုက်တာ ဖြစ်နိုင်တယ်။ ခဲဆိပ်သင့်တာနဲ့ ပြဒါးဆိပ်သင့်သူတွေမှာလည်း ခေါင်းကိုက်တတ်တာမို့ ဘာအကြောင်းကြောင့် ခေါင်းကိုက်တယ်ဆိုတာ အမြန်ဆုံး ရှာဖွေ ကုသသင့်ပါတယ်။
ကုသခြင်း
ခေါင်းကိုက်တာကို လှုံ့ဆော်တဲ့ အကြောင်းအရာ၊ ပတ်ဝန်းကျင်နဲ့ အစားအသောက်တွေကို အစွမ်းကုန်ရှောင်ရှားကြရမှာပါ။ အလုပ်အကိုင်နဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို တတ်နိုင်သလောက် လျှော့ချပြီး စိတ်ကို သက်တောင့်သက်သာ ထားနိုင်အောင် ကြိုးစားရမှာပါ။ အလုပ်လုပ်ရာမှာဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်ရာမှာ ဖြစ်စေ အားသွန်ခွန်စိုက် တရကြမ်း နားချိန်မရှိအောင် တွန်းလုပ်မယ့်အစား အနားယူလိုက်၊ အလုပ်လုပ်လိုက် ဖြစ်အောင် စီစဉ်သင့်တယ်။ ဟင်းချိုမှုန်နဲ့ ဖြည့်စွက် ကြာရှည်ခံ၊ အနံ့အရသာ တုတွေ ထည့်ထားတဲ့ ပြင်ပ အစားအစာတွေ၊ အချိုရည်၊ အချိုမှုန့်တွေ ၊ အမြန်စာတွေ ၊ အလာဂျီထစေတဲ့ အစားအသောက်နဲ့ အနံ့အသက်တွေ အားလုံး မှတ်ထားပြီး မထိတွေ့အောင် ရှောင်ကြဉ်သင့်တယ်။
ခေါင်းကိုက်လေ့ရှိသူတွေ စားသုံးသင့်သည်များ
++++++++++++++++++++++++++++++
မိုင်ဂရိန်း ခေါင်းကိုက်နေသူတွေ ခေါင်းကိုက်တာနဲ့ တစ်ပြိုင်တည်း ရေသန့် (သို့) ရေကျက်အေးတစ်လီတာ သောက်ပေးပြီး ငြိမ်ငြိမ်လေး လဲလျောင်းနေသင့်တယ်။ ဒီနည်းက အတော်လေး ခေါင်းကိုက် သက်သာစေတယ်။ များသောအားဖြင့် ရေဓာတ်ဆုံးရှုံးမှု များတဲ့အခါနဲ့ ရေဓာတ် များများဖြည့်ပေးဖို့ လိုတဲ့အခါတွေမှာ မိုင်ဂရိန်းရောဂါရှင်တွေအတွက် ခေါင်းကိုက်တာနဲ့ အရင်ဆုံး ပြတတ်ပါတယ်။ ဒါကြောင့် ၎င်းတို့အနေနဲ့ နေ့စဉ်လည်း ရေများများ အနည်းဆုံး ၂ လီတာလောက် သောက်ပေးသင့်တယ်။
နေ့စဉ်စားတဲ့အထဲမှာ ကာဗိုဟိုက်ဒြိတ်တွေ စုပေါင်းပါဝင်တဲ့ လုံးတီးဆန်၊ လုံးတီးဂျုံနဲ့ ပြုလုပ်ထားတာတွေနဲ့ လတ်ဆတ်တဲ့ အသီးအရွက်တွေ အများအပြားပါဝင်အောင် စားသင့်တယ်။ အသားကိုတော့ အသင့်အတင့်ကနေ အနည်းငယ်လောက်ပဲ စားသင့်တယ်။ အမြန်စာတွေ ဆီကြော်အစားအစာတွေကို လုံးဝရှောင်သင့်တယ်။ ဆီကြော်အစားအစာတွေထဲမှာ ပြန်ကြော်ဆီတွေကြောင့် ပါလာတဲ့ အယ်ဒီဟိုက်တွေက မိုင်ဂရိန်းခေါင်းကိုက်တာတွေကို မဖြစ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်လို့ မစားသင့်တာပါ။ အစားအစာတွေကို ပြင်ဆင်စားရာမှာ အစိမ်းလိုက်ဝါးစားခြင်း၊ အရည်ဖျော်သောက်ခြင်း၊ ရေနွေးငွေ့နဲ့ ပေါင်းစားခြင်း၊ ပြုတ်စားခြင်း၊ မီးကင်စားခြင်း၊ ချက်စားခြင်းတွေပဲ ပြုလုပ်စားသင့်တယ်။
အချိုနဲ့ သကြားကဲတာတွေ၊ နို့ထွက် ပစ္စည်း Dairy Products တွေ၊ ချိစ်၊ ဒိန်ခဲနဲ့ အစေ့အဆန်တွေကို မစားသင့်ဘူး။ အဲဒါတွေမှာပါတဲ့ တိုင်ရာမင်း Tyramine က မိုင်ဂရိန်းထဖို့ လှုံ့ဆော်ပေးတဲ့အတွက် မစားသင့်တာပါ။ ဆေးလိပ်၊ အရက်နဲ့ ကော်ဖီ ရှောင်သင့်တယ်။ အဲဒါတွေအစား ရေအများကြီး သောက်သင့်သလို လတ်ဆတ်တဲ့ အသီးအနှံနဲ့ အသီးအရွက်ဖျော်ရည်တွေ ပိုမို စားသောက်သင့်တယ်။ အဲဒါတွေ အဓိကထား စားသောက်ပါမှ ကိုယ်ထဲက အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို လွယ်ကူစွာ ဖယ်ရှားပစ်နိုင်မှာပါ။ အဲဒီအဆိပ်အတောက်တွေကလည်း ခေါင်းကိုက်ခြင်းရဲ့ အဓိက တရားခံတွေ ဖြစ်ကြပါတယ်။
ခေါင်းကိုက်တတ်သူတွေက မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ် ကြွယ်ဝတာတွေ ပိုစားပေးရင် ခေါင်းကိုက်နေတာကို သက်သာစေပြီး တော်တော်နဲ့ ပြန်မကိုက်အောင်လည်း ကာကွယ်ပေးနိုင်တယ်။ အဲဒါတွေ ကြွယ်ဝတာကတော့ အရည်ရွှမ်းသီးနှံအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်မျိုးစုံ ၊ ဆန်လုံးညို၊ ဂျုံဖွဲနု၊ ဂျုံစေ့နဲ့ ပဲပုပ်စေ့တွေကို များများစားပေးသင့်တယ်။
Credit : ဒေါက်တာ အေးမြချယ်
#myanmarhandinhand
No comments:
Post a Comment