ဧဖက်ဆု 2: 19-22
19. ထို့ကြောင့် သင်တို့သည် လူမျိုးခြားများနှင့် ဧည့်သည်များမဟုတ်တော့ပေ။ သင်တို့သည် သူတော်သူမြတ်တို့နှင့်အတူ အမျိုး သားချင်းများဖြစ်ကြ၍ ဘုရားသခင်၏အိမ်တော်သားများလည်းဖြစ်ကြ၏။
- 20. သင်တို့ကို တမန်တော်ကြီးများနှင့် ပရောဖက်တို့၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ထား ခြင်းဖြစ်ပြီး ခရစ်တော်ယေဇူး ကိုယ်တော်တိုင် ထောင့်ချုပ် ကျောက်ဖြစ်တော်မူ၏။
- 21. အဆောက်အဦတစ်ခုလုံးကို ကိုယ်တော်၌ ပုံစံတကျဆက်စပ်ထားသဖြင့် ၎င်းသည် ထာ၀ရဘုရားသခင်၌ သန့်ရှင်းသော ဗိမာန်တော်အဖြစ် တိုးတက်ဖြစ်ပေါ်လာ၏။
- 22. သင်တို့ကိုလည်း ခရစ်တော် အားဖြင့် ဘုရားသခင်ကိန်းဝပ်တော်မူသောနေရာအဖြစ် တည်ဆောက်ထားကြလေပြီ။ သို့မှသာ ဘုရားသခင် သည် ဝိညာဉ်တော်အားဖြင့် သင်တို့အထဲ၌ ကိန်းဝပ် တော်မူမည်ဖြစ်၏။
*******
ရှင်လုကာ 6: 12-16
12. ထိုနေ့ရက်တို့၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့တက်၍ တစ်ညလုံး ဘုရားသခင်ထံသို့ ဆုတောင်း ပတ္ထနာပြုလျက် နေတော်မူ၏။
- 13. နေ့အချိန်ရောက်သောအခါ ကိုယ်တော်သည် မိမိ၏တပည့်တော်တို့ကိုခေါ်ပြီးလျှင် သူတို့အထဲမှ တစ်ဆယ့်နှစ်ပါးကို ရွေးချယ်၍ ၎င်းတို့အား တမန်တော်အဖြစ် ခန့်အပ်တော်မူ၏။
- 14. ထိုသူတို့သည်ကား ပေတရုဟု ကိုယ်တော်မှည့်ခေါ်သော စီမွန်နှင့် သူ၏ညီ အန္ဒြေးယ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပုနှင့် ဘာသိုလိုမေးဦး၊
- 15. မာတေးဦးနှင့်သောမ၊ အာလ်ဖေးဦး၏သား ယာကုပ်နှင့် ဇေလော့ဟုခေါ်သော စီမွန်၊
- 16. ယာကုပ်၏သား ဂျုဒနှင့် ကိုယ်တော့်အပေါ်သစ္စာဖောက်မည့် ဂျုဒ အစ္စကာရီယုဒ်တို့ဖြစ်ကြလေ၏။
=============
ထောက်ရှုချက်
💟 ဘုရား၏ဗိမာန်တော် 💟
"သင်တို့ကို တမန်တော်ကြီးများနှင့် ပရောဖက်တို့၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ထား ခြင်းဖြစ်ပြီး ခရစ်တော်ယေဇူး ကိုယ်တော်တိုင် ထောင့်ချုပ် ကျောက်ဖြစ်တော်မူ၏။"
" အဆောက်အဦတစ်ခုလုံးကို ကိုယ်တော်၌ ပုံစံတကျဆက်စပ်ထားသဖြင့် ၎င်းသည် ထာ၀ရဘုရားသခင်၌ သန့်ရှင်းသော ဗိမာန်တော်အဖြစ် တိုးတက်ဖြစ်ပေါ်လာ၏။"
(ဧဖက်ဆု 2: 20-21)
❤ ကက်သလစ်သာသနာတော်ကြီးဟာဘုရားရဲ့ဗိမာန်တော်ဖြစ်ပါတယ်။
- ဒီနေ့ဟာ ယေဇူးသခင်ရဲ့ တပည်တော်ကြီး ၁၂ ပါးထဲမှ တမန်တော်ကြီး ၂ ပါးဖြစ်တဲ့ ရှင်စီမှုံ နဲ့ ရှင်ဂျု တို့ရဲ့ပွဲတော်နေ့ဖြစ်ပါတယ်။
- ပွဲနေ့ရှင်များကိုလည်း ဘုရားရှင် ကောင်းကြီးပေးပါစေ။
- ကက်သလစ်ခရစ်ယန် သာသနာတော်ကြီးဟာ တမန်တော်ကြီး ၁၂ ပါးတည်းဟူသောအုပ်မြစ်ပေါ်မှာတည်ထားပါတယ်။
- နောက်ပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့သာသနာတော်ကြီးဖြစ်ပါတယ်။
- ပုပ်ရဟန်းမင်းကြီးက တကမ္ဘာလုံးရှိသာသနာတော်ကြီးရဲ့ အကြီးဆုံးသိုးထိမ်းကြီး၊ ပြီးရင် ကာဒီနယ်များ၊ ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာ/မများ၊ ဘာသာသူများ စသည်ဖြင့် ရာထူးအဆင့်ဆင့်ဖြင့်စနစ်တစ်ကျတည်ဆောက်ထားပြီး၊
နှစ်ပေါင်းနှစ်ထောင်ကျော်ထိ အခိုင်အမာရပ်တည်နေပါတယ်။
- ယေဇူးသခင်ကိုယ်တိုင်ကထောင့်ချုပ်ကျောက်ဖြစ်ပါတယ်။
🔹တမန်တော်ကြီး တို့မှဆင်သက်လာသော ကက်သလစ် သာသနာတော်၌ပါဝင်ခွင့်ရသောကြောင့် ဝမ်းသာဂုဏ်ယူပါရဲ့လား။
❤ - ကျွန်ုပ်တိုတစ်ဦးစီဟာလည်း ဘုရားသခင်ကိန်းဝပ်ရာ ဘုရား၏ဗိမာန်တော်လေးတွေဖြစ်ပါတယ်။
" သင်တို့ကိုလည်း ခရစ်တော် အားဖြင့် ဘုရားသခင်ကိန်းဝပ်တော်မူသောနေရာအဖြစ် တည်ဆောက်ထားကြလေပြီ။ သို့မှသာ ဘုရားသခင် သည် ဝိညာဉ်တော်အားဖြင့် သင်တို့အထဲ၌ ကိန်းဝပ် တော်မူမည်ဖြစ်၏။" (လုကာ 2: 22)
" သင်တို့ ၏ကိုယ်ခန္ဓာသည် ဘုရားသခင်ထံမှ သင်တို့ခံယူရရှိထား သော၊ သင်တို့အတွင်း၌ ရှိတော်မူသည့် ဝိညာဉ်တော် မြတ်၏ဗိမာန်တော်ဖြစ်ကြောင်းကို သင်တို့မသိကြသလော။" (၁ ကော်ရိန်သု 6: 19)
- လူတိုင်းရဲ့အထဲမှာ ဝိညာဥ်တော်ဘုရားကိန်းအောင်းနေသည့်အတွက် လူတွေဟာ တစ်ဦးကိုတစ်ဦး လေးစားကြရမှာဖြစ်ပါတယ်။
🔹ဘုရားသခင်၏ဗိတ်မာန်တော်ဖြစ်တဲ့ မိမိရဲ့ ခန္ဓာကိုယ် ကိုလေးစားမိပါရဲ့လား။
🔹ဘုရားသခင်၏ဗိတ်မာန်တော်ဖြစ်တဲ့ အခြားသူများရဲ့ ခန္ဓာကိုယ်ကို မလေးမစားပြုမူခဲ့မိပါသလား။
No comments:
Post a Comment