ပုံရိပ်စစ်
=====
Fr. Raymond Than, SDB
=======
ဆိုင်မွန်လို့ခေါ်တဲ့ လူငယ်လေးဟာ သန့်ရှင်းမြင့်မြတ်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ချင်တာကြောင့် ရဟန္တာ ဖရန်းစစ် အစီစီရဲ့ ကျင့်စဉ်ကို သူလေ့လာမှတ်သားပြီး အတုယူနေထိုင်ပါတော့တယ်။ အဲဒီ ရဟန္တာနဲ့ ချွတ်စွတ်တူအောင် သူ ကြိုးစားတယ်။
နှစ်တွေကြာလာတော့ သူလည်း ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။
နှစ်တွေကြာလာတော့ သူလည်း ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။
ဒါနဲ့ တစ်ရက်မှာ သူ့ သူငယ်ချင်းက သူ့ကို ရဟန္တာ ဖရန်းစစ် အငယ်လေးတစ်ပါးပါလား ဆိုပြီး ပြောလိုက်တဲ့အခါ ဆိုင်မွန်က ဒီချီးမွမ်းစကားအတွက် ဂုဏ်ယူဝမ်းမြောက်ရမယ့်အစား လုံးဝ မပျော်နိုင်ဘူး ဖြစ်သွားတယ်။ နှစ်တွေအလီလီ သူ ကြိုးစားခဲ့သားနဲ့ ဘာလို့ မပျော်မရွှင်ဘဲ ဆက်ဖြစ်နေရတာလဲ ဆိုတဲ့ သူ့အတွေးတစ်ခုကြောင့် အကြံဉာဏ်ယူဖို့ ရသေ့တစ်ပါးဆီ သူ ရောက်သွားခဲ့တယ်။
အဲဒီရသေ့က ဆိုင်မွန်ရဲ့အကြောင်းစုံကို စိတ်ရှည်ရှည်နဲ့ သေချာနားထောင်ပေးခဲ့ပြီးနောက်...
"ကောင်းပြီလေး ... ဆိုင်မွန်၊ အခုလို မင်းအကြောင်းကို သိရတော့ အရမ်းဝမ်းသာပါတယ်။ မင်းက တကယ့်စံနမူယူလို့ကောင်းတဲ့ ရဟန္တာကိုရွေးထားပြီး အတုယူနေတာဆိုတော့ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုနားလည်ထားရမှာက "စံနမူနာ" ဆိုတာ "ပုံတူကူးယူ" ဖို့မဟုတ်ဘူး။ "စံ" ဆိုတာက ငါတို့ရဲ့ အတွင်းမှာရှိနေတဲ့ အမှန်တရားတွေ၊ ပါရမီတွေ ထွက်ပေါ်လာအောင် နှိုးဆော်၊ လှုံ့ဆော်ပေးတဲ့ "တွန်းအား" ပဲဖြစ်တယ်။
"ဘုရားက လူကို ဖန်ဆင်းထားတဲ့အခါ လူတစ်ယောက်ခြင်းစီတိုင်းမှာ မတူညီမှုတွေနဲ့ ကွဲပြားခြားနားတဲ့အရည်အချင်းတွေ ပေးထားတယ်လေ။ ဒါကြောင့် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘဲ တထူးတခြား ဖြစ်တည်အသက်ရှင်နေကြတာဖြစ်တယ်။"
"ဆိုင်မွန် ... မင်းအခုအသက်ရှင်နေတဲ့ပုံက အဲဒါ မင်းပုံရိပ်အစစ်မဟုတ်ဘူး။ အခြားတစ်ယောက်အတွက် ဖန်တီးပေးထားတဲ့ပုံစံကို မင်းက ပုံတူကူးချနေတာ။ ဘဝမှာ အရေးကြီးဆုံးက To Become Ourselves - ဘုရားပေးထားတဲ့ အရည်အချင်းတွေနဲ့ ဘုရားက ကိုယ့်ကို ဘယ်လို၊ ဘယ်ပုံစံမျိုးနဲ့ အသက်တာကို အလှပဆုံး ရှင်သန်ရမလဲဆိုတာကို ရှာဖွေနေထိုင်ကြရမှာဖြစ်တယ်။ သူတစ်ပါးကျင့်ကြံနေထိုင်ခဲ့တဲ့ ပုံစံခွက်ထဲ အတင်းဇွတ်ထိုးထည့်နေရင်တော့ မင်းဟာ ကြီးထွားရင့်ကျက်လာနိင်မှာလည်းမဟုတ်သလို၊ ပျော်ရွှင်မှုဆိုတာကိုလည်း တွေ့နိုင်မှာမဟုတ်ဘူး။ သန့်ရှင်းမြင့်မြတ်ခြင်းရဲ့အသက်တာကိုလည်း ရရှိပိုင်ဆိုင်နိုင်တော့မှာလည်းမဟုတ်ဘူး။"
"အဲဒီတော့ မင်းကိုယ်မင်း ငါဟာ ဘယ်သူဖြစ်လဲဆိုတာ အရင်ရှာဖွေရမှာပါ။ အဲဒါကသာ တကယ့် အစစ်အမှန်။ စိန်ဖရန်းစစ်အစီစီဟာ ရဟန္တာတစ်ပါးဖြစ်လာခဲ့တယ်ဆိုတာ တစ်စုံတစ်ယောက်နဲ့တူအောင်လုပ်ပြီး ပုံစံတူရဟန္တာဖြစ်လာခဲ့တာမဟုတ်ဘူး။ သူ့ဟာသူ ကြိုးစား၊ ရုန်းကန်၊ အသက်ရှင်ရင်း အထပ်ထပ်အခါခါ ကျဆုံးမှုတွေနောက်မှာမှ သူ့ရဲ့ အစစ်အမှန်ကို တွေ့မြင်ကြရတာဖြစ်တယ်။ ဒါကြောင့် ရဟန္တာတစ်ပါးပါး ဘုရားဆီရောက်လာပြီဆိုရင် ဘုရားက သူတက်လာတဲ့ လှေကားကို ချက်ချင်း ဖျက်ပစ်လိုက်တယ်။
ဆိုင်မွန် ... ဘုရားရဲ့ရှေ့မှောက်မှာ စီရင်ချက်ချခံရတဲ့နေ့မှာ ဘုရားက မင်းဘာလို့ ရဟန္တာ ဖရန်းစစ် အစီစီလို မဖြစ်ရတာလဲ ဆိုပြီး မေးမှာမဟုတ်ဘူး။ ဆိုင်မွန် ... မင်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ သူတစ်ယောက် ဘာလို့ဖြစ်အောင် မကြိုးစားခဲ့ရတာလဲ လို့ပဲ သူမေးမှာပါ။"
သံလွင်မွန်
Ref: All Saints Year A by Norma Woodcock (Fr. Floor McCarthy Sunday & Holiday Liturgies Pg. 366)
No comments:
Post a Comment