ဆီမွှေးလိမ်းကျံပေးသောအမျိုးသမီး (မာကု ၁၄း၁-၁၁)
ကျွန်မကတော့ ယေဇူးကိုဆီဖြင့်လိမ်းကျံပေးခဲ့တဲ့ အမျိုးသမီးပါ။ သူက ကျွန်မရဲ့ လုပ်ဆောင်ချက်ဟာ ကမ္ဘာကြီးက အစဉ်သတိရနေလိမ့်မယ်လို့ ပြောပေမယ့် ကျမ်းရေးတဲ့သူတွေက ကျွန်မနာမည်ဖေါ်ပြဖို့ မေ့ခဲ့ကြသေးတယ်။ သူ့ရဲ့ပြောပုံ ဆိုပုံက ထူးဆန်းတယ်။ နူးညံ့တယ်။ သိမ်မွေ့တယ်။ ဒါပေမယ့် သူအသေခံရမယ်လို မကြာခဏပြောတယ် ကျွန်မလည်းသူ့လမ်းစဉ်အတွက် သိပ်ကူညီပေးချင်တာလေး။ အရဲစွန့်ပြီး အကောင်အထည်ဖေါ်ဖို့ ကြိုးစားလိုက်တယ်။ ကျွန်မရှိသမျှငွေနဲ့ ဝယ်ထားတဲ့ဆီမွှေးတွေ၊ ကျွန်မရဲ့ခွန်အားတွေ၊ မျက်ရည်တွေ၊မျော်လင့်ချက်တွေအားလုံး သူ့ခြေရှေ့သွားသွန်ချပေးလိုက်တယ်။ ကျွန်မရဲ့ ဆီမွှေးရနံ့လေးက တစ်ခန်းလုံးပျံ့သွားတယ်။ တစ်ခန်းလုံးတိတ်ဆိတ်နေကြပြီး ကျွန်မကို ဘုကြည့်ကြည့်နေကြတယ်။ ကျွန်မလည်း ဂရုမစိုက်ဘဲ သူ့ခြေထောက်ကို ကျွန်မမျက်ရည်ဖြင့် ဆေးကြောရင်း ကျွန်မဆံပင်နှင့်သုတ်ပေးခဲ့တယ်။ သူတို့ထဲက တစ်ယောက်ကတော့ "နှမြောလိုက်တာ"လို့ မြည်တွန်တောက်တီးတယ်။ ယခုချိန်ထိ သူကြည့်လိုက်တဲ့ အကြည့်တစ်ချက်နှင့် သူ့ရဲ့စကားတစ်ခွန်းက ယခုချိန်ထိ ပဲ့တင်ထပ်နေသေးတယ်ရှင့်။ အဲ့ဒီစကားတစ်ခွန်းကတော့ "ငါ့သမီး သင့်အပြစ်ကို ငါခွင့်လွတ်လိုက်ပါပြီ"တဲ့။
အစေခံကျွန်မ (လုကာ 22:54-6)
ကျွန်မကတော့ ယေဇူးကို သတ်ချင်နေကြတဲ့ သူတစ်ယောက်၏ ကျွန်မပါ။ ကျွန်မသခင် ဝိုင်သောက်ချင်တယ်ဆိုလို့သွားယူနေစဉ် ယေဇူးရဲ့သူငယ်ချင်းတစ်ယောက်ကိုတွေ့ပါတယ်။ သူအကူအညီများ လိုနေမလားထင်ပြီး သူ့ကိုသွားမေးကြည့်ပါတယ်။ သူက ကျွန်မကိုဒေါသတကြီး ကြည့်ပြီး ယေဇူးကို မသိဘူးလို့ အကြောက်အကန်ငြင်းတယ်။ သေချာပါတယ် သူမှသူပါ ကျွန်မမမှားပါဘူး။ သူ့ကိုကြည့်ရတာ သိပ်ကြောက်နေတယ်။ မျော်လင့်ချက်တွေမဲ့နေတယ်။ ကျွန်မကလည်း အဝေးကနေ အကဲခတ်နေလိုက်တယ်။ မကြာခဏ သူယေဇူးကို လှမ်းပြီးကြည့်နေတာ သတိထားမိပါတယ်။ မြင်နေရတာ စိတ်မချမ်းသားဘူးရှင့်။ နောက်တော့ ကျွန်မ အခန်းထဲဝင်ပြီး ပြန်ထွက်လာချိန် သူမရှိတော့ဘူး။ ယေဇူးကိုလည်း အိမ်ထဲခေါ်ဝင်သွားကြပြီ။ အဲ့ဒီညက့ ဖြစ်အပျက်တွေကို ကျွန်မဒီတစ်သက်မမေ့နိုင်ဘူးရှင်။
ပီလာတူးမင်းရဲ့ဇနီး ( မာတေဦး 27:12-22)
ကျွန်မကတော့ ပီလာတူးမင်းရဲ့ ဇနီးသည်ပါ။ ကျွန်မက ယေဇူးဆိုတဲ့ လူကို တစ်ခါတည်းမြင်ဘူးတာရယ်။ ဒါပေမယ့် ကျွန်မ အိပ်မက်မှာ သူ့ရဲ့အသံတွေ၊ သူ့မျက်နှာတွေကို သိပ်ခြိမ်းခြောက်တယ်ရှင့်။ အိပ်မရတဲ့ညပေါင်းလည်းများလာပြီ။ အပြစ်ကင်းတဲ့သူတစ်ယောက်ကို မသတ်ဖို့ အကြိမ်ကြိမ်တားပေမယ့် ကျွန်မယောက်ျား နားမထောင်ဘူး။ သူ့အာဏာ မတည်မြဲမှာ အသေကြောက်တာလေ။ နောက်တော့ သူသတ်ခွင့် ပေးခဲ့တယ်။ အဲ့ဒီကတည်းက ကျွန်မယောက်ျားက စိတ်မမှန်တော့ဘူး။ နောက်ဆုံး မိမိကိုယ်ကို အဆုံးစီရင်သွားပါတယ်ရှင့်။ ဘာမှမဟုတ်လောက်ဘူးလို့ ထင်ရတဲ့ ယေဇူးဆိုတဲ့လူက ဒီလောက်ကမ္ဘာကြီးကို ကိုင်လှုပ်သွားခဲ့တာ အံ့သြလို့မဆုံးဘူးရှင့်။
ငိုကြွေးနေကြသောအမျိုးသမီးများ ( လုကာ 23:26-33)
ကျွန်မတို့ကတော့ ကားတိုင်ထမ်းပြီး ဒယိမ်းဒယိုင်လျှောက်လာနေတဲ့ ယေဇူးကို မြင်မြင်ချင်း ငိုချင်းချတဲ့ အဖွဲ့ရှင့်။ သူ့ကိုကြည့်ရတာ အရမ်းနွမ်းလျနေပြီ။ လူစိတ်မရှိတဲ့ ရောမစစ်သားတွေက သူ့ကို ကန်လိုက်၊ ထုလိုက်၊ ရိုက်လိုက်နဲ့ရယ်မောနေကြတာလေး။ ကျွန်မတို့ကတော့ ထိန်းမနိုင် သိမ်းမနိုင် ငိုကြွေးခဲ့ပါတယ်။ သူ့ဦးခေါင်းမှာလည်း ဆူးဗောင်းသရဖူတွေ ရစ်ပတ်ထားပြီး မျက်စိပင်မမြင်ရလောက်အောင် သွေးတွေစီးဆင်းနေတယ်။ တစ်ကိုယ်လုံး ရစရာမရှိအောင် ထုနက်ထားတာ ရောင်ကိုင်းနေပဲ။ ကျွန်မတို့မကြည့်ရက်ပဲ ငိုပဲငိုနေခဲ့တယ်။ သူကတကယ်ထူးဆန်းတယ်။ ဒီလောက်ထိမျက်စိတောင် အနိုင်နိုင်ကြိုးစားဖွင့်နေရတဲ့သူကများ သူ့အတွက်မငိုပါနဲ့တဲ့။ ကိုယ့်အပြစ်အတွက်နဲ့ ကိုယ့်ကလေးတွေအတွက်ပဲငိုကြပါတဲ့။ ဒီလောက်ဒုက္ခခံ နေရတဲ့ အချိန်တောင် သူများအတွက် အမြဲစဉ်းစားပေးတဲ့ သူ့အချစ်ကို ဘယ်နှလုံးသားကများ အရည်မပျော်ပဲနေနိုင်မလဲရှင့်။
ကားတိုင်ခြေရင်းကအမျိုးသမီးများ ( မာကု 15:33-41)
ကျွန်မတို့ကတော့ ကားတိုင်ခြေရင်းမှာ နေခဲ့ကြတဲ့ အမျိုးသမီးတွေပါရှင့်။ တစ်ခြားလူတွေ ထွက်ပြေးသွားကြပေမယ့် ကျွန်မတို့ မထွက်ပြေးရက်ပါဘူးရှင့်။ သူက ကားတိုင်ပေါ်ကနေ မကြာခဏ အောက်ငုံ့ငုံကြည့်နေပါတယ်။ သူ့ရဲ့နောက်ဆုံးအချိန်လေးမှာ အထီးကျန်ဆန်ဆန် မသေဆုံးစေချင်ပါ။ ကျွန်မတို့ ဘာမှ မနှစ်သိမ့်တတ်ပေမယ့် အတူရှိပေးခြင်းက စကားလုံးတွေထက်သာပါတယ်လို့ ထင်မိပါတယ်။ သူကိုကြည့်ရတာ တော်တော်ခံစားနေရတာ။ ကားတိုင်ပေါ် ခေါင်းလေးဟိုလှည့်ဒီလှည့်၊ နံရိုးတွေပြိုင်းပြိုင်းထွက်လာပြီး အသက်တွေပြင်းပြင်းရှူနေတာ။ သုံး နာရီလောက် ကားတိုင်ပေါ် ခံစားခဲ့ရတယ်။ နောက်ဆုံးတော့ သူ့ဝိညာဉ်ကို အဖထံ အပ်နှံပြီးတော့ သက်တော်ထွက်ရှာတယ်လေး။ သူခမျာ သေတာတောင် အငြိမ်မသေရပါဘူး။ ကျွန်မတို့က ရောမစစ်သားတွေကို ပြောပြပါတယ် ယေဇူးသေပြီလို့ပေါ့။ ဒါကို သူက မယုံဘူးဆိုပြီး လှံနဲ့လှမ်းထိုးလိုက်သေးတယ်။ သူ့ရဲ့ နှလုံးတည့်တည့်မှာထိသွားလို့ သွေးနှင့်ရေဟာ ချက်ချင်းစီးလာပါတော့တယ်။ ကျွန်မတို့ကတော့ တော်ရုံနားမလည်နိုင်ပါဘူးရှင့်။
ယေဇူး၏မိခင် (ယောဟန်19:23-30)
ကျွန်မကတော့ ကျွန်မသားယေဇူးကို လုံးဝနားမလည်ခဲ့ဘူးရှင့်။ ငယ်ငယ်ကတည်းက ထူးထူးဆန်းဆန်းတွေ ပြောတတ်တာ။ လုပ်တတ်တာ။ ကြီးလာတော့လည်း မြေးလေးပါလေးချီရမလား လို့ ဒီကိုယ်တော်ချောက အိမ်ထောင်ကို မပြုဘူး။ သူက သူ့မိသားစုထက် သူ့သူငယ်ချင်းတွေကို တန်ဖိုးထားတာ။ အမြဲတမ်းကောင်းကင်က သူ့အဖေအကြောင်းပဲဟောပြောနေတာ။ ကျွန်မ အမျိုးတစ်ချို့ကတောင်သူ့ကို ကြိုးနဲ့တုတ်ဖို့လုပ်နေတာလေး။ ဘာလို့လည်းဆိုတော့ ထမင်းတောင်မစားအားအောင် အလုပ်တွေရှုပ်နေလို့ ရူးများသွားသလားလို့တဲ့။ ကျွန်မကတော့ သူငယ်ငယ်ကတည်းက သူလုပ်ရပ်တွေ တော်တော် ပဟေဠိ ဆန်တာတွေကြိုသိထားတယ်လေ။ ခုသူက ဒုက္ခခံမယ် အသေခံမယ်၊ ပြီးရင်ပြန်ရှင်ပြန်ပြောနေတဲ့ အကြောင်းတွေကလည်း ကျွန်မအတွက်မဆန်းတော့။ ဒါပေမယ့် မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားကို ကိုယ့်ရှေ့မှာ လူရုပ်တောင်မပေါ်အောင် နှိပ်စက်နေတာ ဘယ်လိုခံစားနိုင်မလဲရှင့်။ ကိုယ့်ရှေ့မှာ နာတယ်ဆိုပြီး သရီုးသရီ အော်နေတာ ကျွန်မက ဘာမိခင်မို့လို့ နှလုံးမကွဲပဲနေနိုင်မလဲ ရှင်တို့ပဲစဉ်းစားကြည့်ပါ။ မိခင်တိုင်းတော့ ကိုယ်ချင်းစာနိုင်မယ်လို့ မျော်လင့်မိပါတယ်။ သားက ကားတိုင်ပေါ်ကနေ အောက်မကြာခဏငုံ့ကြည့်တယ်။ ကျွန်မလည်း သူနဲ့အတူရှိကြောင်း ခေါင်းလေးညိတ်ပြပေးတယ်။ သူက အားယူပြီးစကားပြောရှာတယ်။ သူ့တပည့်တစ်ယောက်ကို ကျွန်မကို စောင့်ရှောက်ပါလို့ ပြောလိုက်သလို ကျွန်မကိုလည်း သူ့တပည့်တွေကို သားအဖြစ် အမြဲစောင့်ရှောက်ပ်ါလို့ မှာပါတယ်။ ကျွန်မကတော့ ခုလို လူသားတွေအားလုံးရဲ့ မခင်ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ အခုချိန်ထိ အဲ့ဒီအဖြစ်ပျက်တွေ လတ်ဆတ်နေတုန်းပါရှင့်။
❤ ကမာလူ❤
No comments:
Post a Comment