လောကအလှဆင် ပန်းဘုရင်မလေး
**********************************
၂၁ရာစုရဲ့ ကရုဏာရှင်မလေးလို့ တင်စားဂုဏ်ပြုခံရတဲ့ မာသာရ်ထရေဇားကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က သန့်ရှင်းမွန်မြတ်သော ရဟန္တာအဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က တင်မြောက် ချီးမြှင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ကက်သလစ်အသင်းတော်က ၂၀၁၆ ခုနှစ်ကို သနားကြင်နာခြင်းနှစ်အဖြစ် သတ်မှတ်ကျင်းပခဲ့တဲ့ ဂျူဘီလီနှစ်မြတ်မှာ ကရုဏာရှင် မာသာရ်ထရေဇားကို ရဟန္တာ အဖြစ် တင်မြောက်ပေးလိုက်ခြင်းစာ အဓိပ္ပါယ်ပိုပြီး ပြည့်စုံသွားကာ မင်္ဂလာလည်း ရှိသွားရပါတယ်။
မာသာရ်ထရေဇားအား ရဟန္တာတင်မြောက်ခြင်းအခမ်းအနားမှာ 'ဘုရားသခင်၏ အကြံအစည်တော်သည် မည်သို့ရှိမည်ကို
မည်သူသိနိုင်ပါမည်နည်း' ဆိုတဲ့ ပညာပါရမီ ကျမ်းထဲမှ ကျမ်းစကားတော်မြတ်ဖြင့် ပုပ်ဖရန်စစ် အရှင်သူမြတ်က သြဝါဒကို အစပျိုးလိုက်ပါတယ်။ ဒီမေးခွန်းကို သေချာစဉ်းစားကြည့်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဘဝအသက်တာဟာ နက်နဲဖွယ်ရာတွေနဲ့ပြည့်နှက်နေပြီး အဲ့ဒီနက်နဲလှတဲ့ဘဝကို နားလည်သိရှိနိုင်ဖို့လည်း မတတ်စွမ်းနိုင်ပါဘူး။ လူ့သမိုင်းဖြစ်စဉ်မှာ ဘုရားရယ်၊ လူရယ်ဆိုပြီး အဓိကကျတဲ့ဇတ်ဆောင်နှစ်မျိုးရှိပါတယ်။ ကျွန်ုပ်တို့ကပြရမယ့်အပိုင်းက ဘုရားသခင်ရဲ့အသံကို နားစွင့်ခံစားပြီး သူ့ရဲ့အလိုတော်ကို တုန့်ပြန်ဖြည့်ဆည်းဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ မေးခွန်းထုတ်စရာတစ်ခုတော့ရှိတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်ဖို့ ကိုယ့်ကိုကိုယ် အမြဲမေးနေရမယ့် မေးခွန်းတစ်ခုပါ။ 'ငါ့ဘဝအတွက် ဘုရားရဲ့အလိုတော်ဟာ ဘာများပါလိမ့်' ။
ကျမ်းစကားရဲ့မေးခွန်းဟာ ကျမ်းစကားထဲမှာပဲ အဖြေကပါပြီးသားပါ။ ဘုရားရှင်ကိုယ်တော် နှစ်သက်တော်မူတဲ့ အရာဟူသမျှကို လူဟာ လေ့လာဆည်းပူးကြရပါမယ်ဆိုတဲ့ ပညာပါရမီကျမ်း (၉း၁၈) က အဖြေပေးနေပါတယ်။ ဘုရားရဲ့ခေါ်သံကို နားစွင့်ချစ်တုန့်ပြန်နိုင်ဖို့အတွက် ဘယ်အရာတွေကို ဘုရားရှင် နှစ်သက်တော်မူသလဲဆိုတာ မိမိကိုယ်ကိုပြန်မေးရင်း နားလည်အောင်ကြိုးစားရမှာပါ။ ဘုရားရှင် နှစ်သက်တော်မူတဲ့အရာတွေကို ဘိုးဘေးပရောဖက်တွေလည်း ခေတ်အဆက်ဆက် ဟောကြားသွန်သင်ခဲ့ကြပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ ရှင်မာတေဦးကျမ်းမှာတွေ့ရတဲ့ 'ပူဇော်သက္ကာရထက် သနားခြင်းအမှုကို ငါနှစ်သက်၏' ဆိုတဲ့ကျမ်းစကားမှာပဲ အနှစ်ချုပ်ထားပါတယ်။ ကရုဏာသနားခြင်းရှိတဲ့အမှုတိုင်းကို ဘုရားရှင်နှစ်သက် အားရတော်မူပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ဖေးမကူညီလိုက်တဲ့ ညီအကိုမောင်နှမတွေဆီမှာ ဘယ်သူမှ မမြင်တွေ့နိုင်တဲ့ ဘုရားရှင်ရဲ့ မျက်နှာတော်ကို မြင်တွေ့နိုင်ကြတဲ့အတွက်ကြောင့်ပါ။ အကူညီလိုအပ်နေတဲ့လူသားတွေကို လက်ဆန့်ကူညီပေးလိုက်တိုင်း ယေဇူးဘုရားရှင်ကို စားသောက်စရာတစ်ခုခုပေးလိုက်သလိုပါပဲ။ စားဝတ်နေရေးဆိုတာ လူတစ်ယောက်အတွက် အခြေခံအကျဆုံးလိုအပ်ချက်တွေပါ။ စားစရာမရှိသူကို စားစရာပေးတယ်။ အဝတ်မရှိလို့ သိက္ခာမဲ့နေတဲ့သူကို အဝတ်ပေးခြင်းဖြင့် လူ့ဘောင်အတွင်း ပြန်သွင်းပေးတယ်။ ဒါတွေကိုပြုတိုင်းပြုတိုင်း ကျွန်ုပ်တို့ဟာ ဘုရားရဲ့သားတော်ကို ပြုစုပေးတာနဲ့အတူတူပဲလေ။ စကားတစ်ခွန်းနဲ့ လိုရင်းပြောရရင်တော့ ဆင်းရဲသားကို လုပ်ကျွေးပြုစုခြင်းဆိုတာ ခရစ်တော်ဘုရားရဲ့အသွေးအသားကို ထိတွေ့ခံစားခွင့်ရခြင်းပါပဲ။
ကျွန်ုပ်တို့နေ့စဉ်ရွတ်ဆိုနေတဲ့ ဆုတောင်းမေတ္တာတွေ၊ နှုတ်ကနေဝန်ခံနေတဲ့ ယုံကြည်ခြင်းတွေကို အနှစ်သာရရှိတဲ့ လက်တွေ့လုပ်ရပ်တွေအဖြစ်ပြောင်းလဲကြဖို့လိုအပ်ပါတယ်။ မေတ္တာ၊ကရုဏာလုပ်ငန်းတွေဟာ နင်ပြီးငါ၊ ငါပြီးနင့်အလှည့် ဆိုတာမျိုး အလှည့်ကျ ပခုံးထမ်းတဲ့တာဝန်ကိစ္စမျိုးမဟုတ်ပါဘူး။ တချို့ဆိုရင် အများအတွက်အနစ်နာခံ ပေးဆပ်နေတဲ့ အလုပ်တစ်ခုမှာ သူ့ကိုယ်သူတောင် အစေခံနေပါလားဆိုတာ သတိမထားမိကြဘူး။ ဒီလိုလူတွေဟာ တကယ်တော့ ဘုရားကို တကယ်ချစ်တဲ့သူတွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ခရစ်ယာန်ဘဝဆိုတာ အကူညီလိုမှ လက်ကမ်းပေးရုံသက် သက်လည်းမဟုတ်ပြန်ပါဘူး။အကူညီလိုတဲ့အချိန်မှကူညီပေးလိုက်တယ်ထားဦး။ ဒါဟာလူသားချင်းထောက်ထားစာနာတဲ့ ကရုဏာတစ်ခု ဖြစ်ချင်ဖြစ်နေမယ်။ အကျိုးအမြတ်ကို စောင့်စားနေတဲ့ကူညီမူဖြစ်ခဲ့ရင်တော့ အနှစ်မရှိတဲ့ အပေါ်ယံကူညီမှု တစ်ခုပဲဖြစ်နေမှာပါ။ ခရစ်တော်သခင်ပြောတဲ့ ကရုဏာသနားခြင်းဆိုတာ မိမိဘဝတစ်ခုလုံးကို အများအတွက် အစေခံခြင်း မှာပဲ လုံးလုံးအပ်နှံထားခြင်းမျိုးပါ။ ဒီလိုအစေခံခြင်းအားဖြင့်သာလျှင် မေတ္တာတရားမှာ ရင့်ကျက်ရှင်သန်ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။
ဒီနေ့ ဧဝံဂေလိသတင်းစကားမှာလည်းပဲ များပြားတဲ့လူအုပ်ကြီးဟာ ယေဇူးဘုရားရှင်နဲ့အတူခရီးပြုနေတယ်လို့ ကြားနာခဲ့ရပါတယ်။ ဒီလူအုပ်ကြီးကို ယခုကရုဏာသနားခြင်းဂျူဘီလီပွဲတော်အတွက် စုရုံးရောက်ရှိလာကြတဲ့သင်တို့အထဲ မှာ မြင်တွေ့နေရပါတယ်။ မှတ်ထားပါ။ သင်တို့လည်းပဲ ဆရာသခင်ဖြစ်သူ ခရစ်တော်ရဲ့နောက်ကို လိုက်လျှောက်နေကြ တဲ့ လူအုပ်ကြီးလိုပါပဲ။ ခရစ်တော်ဟာ သူ့ရဲ့မေတ္တာတော်ကို လူအားလုံးသိရှိခံစားနိုင်အောင် ပြသထုတ်ဖော်ခဲ့သူပါ။ ခရစ် တော်နောက်ကို လိုက်လျှောက်နေတဲ့ ကျွန်ုပ်တို့တတွေလည်း စဉ်းစားကြည့်စမ်းပါ။ ပူဆွေးနေတဲ့နှလုံးသားဘယ်နှစ်စုံကို များ နှစ်သိမ့်ပေးခဲ့ပြီးပြီလဲ။ အကူညီတောင့်တနေတဲ့ လက်ဘယ်နှစ်စုံကိုများ ဆုပ်ကိုင်ကမ်းလင့်ပေးခဲ့ပြီလဲ။ လိမ့်ဆင်းနေတဲ့ ခါးသီးမျက်ရည်ပေါက်တွေကို ဘယ်နှစ်ကြိမ်များ သုတ်ပေးခဲ့ဖူးပြီလဲ။ လူမသိသူမသိ တိတ်တဆိတ်လေးနဲ့ ကိုယ်ကျိုးမငှဲ့ဘဲ ဘယ်နှစ်ကြိမ်လောက် ချစ်ခြင်းမေတ္တာတွေ ပေးခဲ့ဖူးပြီလဲ။ ချီးမွမ်းဂုဏ်ပြုထိုက်တဲ့ ကရုဏာပေးဆပ်ခြင်းဟာ ယုံကြည်ခြင်းကို ပဲ့တင်ထပ်စေပါတယ်။ ယုံကြည်ခြင်းကို ပိုပြီးအရှိန်အဟုန်မြင့်လာစေပြီးတော့ အဖခမည်းတော်ရဲ့ မေတ္တာကရုဏာတော်ကို ထင်သာမြင်သာရှိစေပါတယ်။
ခရစ်တော်ရဲ့ နောက်ကိုလိုက်တယ်ဆိုတာ ခက်ခဲတာမှန်ပေမဲ့ တချိန်ထဲမှာပဲ အခက်ခဲကြားမှာ ပြုံးပျော်နိုင်စေပါ တယ်။ ဆင်းရဲနုံချာလှတဲ့စွန့်ပစ်ခံလူတွေကြားထဲမှာ ခရစ်တော်ကို မြင်ပြီး ထွေးပွေ့ကြင်နာစွာ ဘဝတစ်ခုလုံး သူတို့အ တွက် ပုံအပ်ဖို့ဆိုတာ တော်ရုံခွန်အားနဲ့တော့ မဖြစ်နိုင်ပါဘူး။ တော်ဝင်တဲ့အာဂသတ္တိမျိုးရှိမှသာ ဘုရားကိုယုံပြီး၊ ဘဝကို ပုံအပ်နိုင်တာပါ။ ခရစ်တော်ဘုရားကို ချစ်လွန်းလို့ ဖြာထွက်လာပြီး ဆင်းရဲသားနဲ့အကူညီလိုအပ်သူများအတွက် အစေခံ ပေးဆပ်ကြတဲ့မေတ္တာတရားဟာ ဖြူစင်မြင့်မြတ်လွန်းလှပါတယ်။ စစ်မှန်တဲ့မေတ္တာတရားကို ရှာတွေ့ခဲ့လို့သာ ပေးဆပ်တဲ့ လုပ်ရပ်တိုင်းမှာ မျှော်လင့်ချက်တွေကင်းပြီး မြင့်မြတ်စေခဲ့ပါတယ်။ နာမကျန်းတဲ့သူတွေ၊ ခိုကိုးရာမရှိတဲ့သူတွေ၊ အများအလယ်မှာ အားငယ်နေရသူတွေ၊ မိဘရင်ခွင်ပျောက်နေကြရသူတွေ၊ မျှော်လင့်ချက်တွေဝေဝါးနေတဲ့သူတွေကြားမှာ ခရစ်တော်ကိုမြင်တွေ့ကြဖို့လိုပါတယ်။ ဒီလိုလူတွေရဲ့မနက်ဖြန်တိုင်းကို မျှော်လင့်ချက်ရောင်ခြည်တွေ ထွန်းလင်းပေးဖို့ အမိအသင်းတော်ကလည်းရပ်တည်ပေးနေပါတယ်။
ဒီယနေ့ ရဟန္တာအဖြစ်တင်မြောက်ဂုဏ်ပြုခံရတဲ့ မာသာရ်ထရေဇားဟာ သူမရဲ့ဘဝတစ်လျှောက်လုံး ဘုရားရှင်ရဲ့ မဟာကရုဏာတော်ကို ရက်ရောစွာ ဖြန့်ဝေနိုင်ခဲ့သူတစ်ယောက်ပါ။ သူမဟာ လူအားလုံးအတွက် အသင့်ရှိခဲ့တယ်။ လူ့အသက်ကို ကာကွယ်ထိန်းသိမ်းကြဖို့ ရပ်တည်ပေးခဲ့တယ်။ မမွေးဖွားသေးတဲ့ကလေးတွေ၊ အစွန့်ပစ်ခံ၊ အပယ်ခံ၊ အနှိမ်ခံ၊ မိဘမဲ့တွေနဲ့ နင်းပြားဘဝတွေအတွက် သူမဟာ မိခင်ကြီးတစ်ယောက်လို ရှင်သန်ခဲ့ပါတယ်။ လူလားမမြောက် သေးတဲ့ သန္ဓေသားလောင်းတွေဟာ ဘာမှမတတ်စွမ်းနိုင်တဲ့ ခွန်းအားမဲ့ အသေးငယ်ဆုံးနဲ့အချိနဲ့ဆုံး လူသတ္တဝါလေး တွေပါဆိုပြီး မမောစတမ်း ကာကွယ်ပေးခဲ့တဲ့ လူသားပီသသူမိခင်ကြီးဟာ မာသာရ်ထရေဇားပါ။ လမ်းကြိုလမ်းကြားမှာ စွန့်ပစ်ခံရတဲ့ ကလေးသူငယ်များထဲမှာ ဘုရားပေး ဂုဏ်သိက္ခာကို မြင်ပြီး အကြင်နာမဲ့မိဘတွေကိုလည်း လူသားဆန်စေဖို့ တိုက်တွန်းခဲ့တာလည်း မာသာရ်ထရေဇားပါပဲ။ သူမရဲ့ အသံဟာ ကမ္ဘာ့အာဏာပိုင် ခေါင်းဆောင်တွေထိ ပဲ့တင်ရိုက်ခတ် နိုင်စွမ်းရှိခဲ့ပါတယ်။ သန္ဓေသားဖြတ်ချခြင်းဟာ လူ့သတ်မှုမြောက်တယ်ဆိုတာ နိုင်ငံ့ခေါင်းဆောင်တွေလည်း အသိဝင်ပြီး ကလေးသူများအတွက် ရပ်တည်ပေးကြဖို့ သူမ အဆက်မပြတ်ကြွေးကြော်ခဲ့ပါတယ်။ မာသာရ်ထရေဇားအတွက်တော့ သနားကြင်နာတတ်ခြင်းဆိုတာဟာ သူမလုပ်ဆောင်နေတဲ့ကရုဏာရေးလုပ်ငန်းတွေကို ပိုပြီးလေးနက်စေတဲ့ ဆားတစ်ပွင့် ဖြစ်ခဲ့ပါတယ်။ ဆင်းရဲငတ်မွတ်မူ ဝေဒနာတွေကြားမှာ ဖြေစရာမျက်ရည်တောင်ခမ်းခြောက်ကုန်တဲ့ အမှောင်ထဲကလူပေါင်းများစွာအတွက်မီးပြတိုက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
သူမအစပျိုးခဲ့တဲ့ ကရုဏာလုပ်ငန်းတွေကို ဆက်လက်ပြုလုပ်ကြရင်း အဆင်းရဲဆုံးထဲကမှ အစုတ်ပြတ်ဆုံး နုံချာ သူတွေအတွက် ဘုရားသခင်ဟာအနီးအနားမှာ အမြဲရှိနေပါတယ်ဆိုတာကို သက်သေခံကြရမှာပါ။ မာသာရ်ထရေဇားကို ရဟန္တာထရေဇားလို့ခေါ်ဝေါ်တာထက် မာသာရ် လို့ပဲ ခေါ်ဆိုကြတာ ပိုပြီးအဓိပ္ပါယ်ရှိသလိုပါပဲ။ သူမရဲ့ ရဟန္တာတစ်ပါးလို သန့်ရှင်းမြင့်မြတ်မှု၊မိခင်တစ်ယောက်လို ကြင်နာသိမ်မွေ့မှုတွေကြောင့်ပဲ သူမကို မာသာရ်ထရေဇားလို့ပဲ ဆက်လက်ခေါ် ကြရအောင်ပါ။ အသားအရောင်၊ လူမျိုး၊ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားတွေ မခွဲခြားဘဲ မေတ္တာလွှမ်းတဲ့ ကရုဏာလုပ် ငန်းတွေကို နားလည်လုပ်ဆောင်နိုင်ဖို့ ရဟန္တာ မာသာရ်ထရေဇား ကျွန်ုပ်တို့အတွက် ကြားဝင်ဆုပန်ပေးပါစေ။ မာသာရ် ထရေဇားပြောလေရှိတယ်။ 'ကျမက ဘာသာစကားတွေ ပြောတတ်ချင်မှ ပြောတတ်မှပါ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကျမ ပြုံးတတ်ပါတယ်'။ မာသာရ်ထရေဇားလို အပြုံးလေးနဲ့ တွေ့ဆုံကြုံရတဲ့လူတိုင်း အထူးသဖြင့် ဆင်းရဲသားတွေကို မေတ္တာပြကြရအောင်။ သူမရဲ့လမ်းစဉ်အတိုင်းအတုယူလိုက်ကျင့်ရင်း၊ စိတ်ပျက်ဆင်းရဲကာ မေတ္တာငတ်မွတ်နေကြတဲ့ လူသားထုအတွက် ပျော်ရွှင်မျှော်လင့်ခြင်းတွေ ဆောင်းကြဉ်းရယူပေးကြရအောင်ပါ'လို့ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က မာသာထရေဇား အကြောင်းသြဝါဒမြွက်ကြားကာ ခွန်းအားပေးသွားခဲ့ပါတယ်။
မာသာရ်ထရေဇားဟာဆိုရင် ကက်သလစ်အသင်းတော်က ချီးမွမ်းဂုဏ်ပြုတဲ့ ရဟန္တာတစ်ပါးပဲ မဟုတ်ပါဘူး။ အမိအသင်းတော်က ထုံးတမ်းအစဉ်အလာအတိုင်း လေ့လာစောင့်ဆိုင်းပြီး တရားဝင်မကြေညာခင်ကပင် ကမ္ဘာတစ်ဝှမ်းက လေးစားကြည်ညိုရတဲ့ သူတော်စင်မကြီးတစ်ဦးပါ။ မာသာရ်ထရေဇားမှာ ပိုင်ဆိုင်မှုဘာမှမရှိခဲ့ပါဘူး။ လက်ဗလာသက်သက်နဲ့ ဆင်းရဲသားတွေဘဝထဲကို ခုန်ဆင်းဝံ့ခဲ့တဲ့သူမမှာ ကြွယ်ဝတာဆိုလို့ ရင်ထဲက အချစ်တွေပါပဲ။ ဘုရားကိုချစ်လို့ အများကိုအစေခံနိုင်ခဲ့ပါတယ်။ အိန္ဒိယမှာရှိတဲ့ ပူဆွေးသောကရောက်နေသူတွေကို ကယ်တင်ဖို့အတွက် သူမ သိပ်ကိုလေးစားအတုယူအားကျပါတဲ့ ရဟန္တာမလေးထရေဇားရဲ့ နာမည်ကိုခံယူပြီး အများအကျိုးအတွက် သယ်ပိုးခဲ့ ပါတယ်။
မာသာရ်ထရေဇားဟာ ၁၉၁၀ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ ဖွားမြင်ခဲ့တဲ့ မက်ဆီးဒိုးနိးယားသူလေးပါ။ အိန္ဒိယနိုင်ငံသူအဖြစ် အသက် ၃၈နှစ်မှာ လုံးဝခံယူလိုက်ပါတယ်။ အိန္ဒိယအမျိုးသမီးတွေလိုပဲ ဆာရီကို သင်္ကန်းအဖြစ်ဆင်မြန်းပါတယ်။ သူမရဲ့ဆာရီက အဖြူ ရောင်ဖြစ်ပြီးအနားမှာ အပြာကွပ်ထားပါတယ်။ မေတ္တာကို အခြေခံပြီး လူသားချင်း ကိုယ်ချင်းစာနာတတ်တဲ့ သူတော်စင်မ ကြီးပါ။ ၁၉၇၉ မှာ ရရှိခဲ့တဲ့ နိုဘယ်ဆုငွေတွေကိုလည်း ဆင်းရဲသားတွေအတွက် ဂေဟာတွေ၊ ဆေးရုံတွေဖွင့်လှစ်အသုံး ပြုခဲ့ပါတယ်။ မာသာရ်ထရေဇားပြောခဲ့ဖူးပါတယ်။ ရောဂါသည်တွေရဲ့ ရွံရှာဖွယ်ပြည်ယိုအနာတွေကို သာမန်လူတစ်ယောက်ဆို သိန်းချီပေးတောင် ကျမ လုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့အထဲမှာ ကျမ ခရစ်တော်ကို မြင်လို့ ဒီအလုပ်ကို လုပ်နိုင်ခဲ့တာပါတဲ့။ အဲ့ဒီလို ဆင်းရဲသားတွေကို ချစ်ပြနိုင်ခဲ့တဲ့ မာသာရ်ထရေဇားဟာ တကယ်တော့ လောကအလှဆင် ပန်းဘုရင်မလေးပါပဲ။ ၁၉၉၇ စက်တင်ဘာလ ၅ ရက်နေ့မှာ ဆင်းရဲသားတို့ရဲ့ကောင်းကင်ကြီး ကရုဏာရှင်မာသာရ်ထရေဇား ကွယ်လွန်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်မှာတော့ မာသာရ်ထရေဇားရဲ့ ကရုဏာ လုပ်ငန်းတွေကို အားပေးခဲ့သူ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်က သူတော်စင်အဖြစ် တင်မြောက်ခဲ့ပါတယ်။၂၀၁၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့၊ သနားကြင်နာခြင်း ဂျူဘီလီနှစ်မြတ်မှာ ပုပ်ဖရန်စစ်အရှင်သူမြတ်က ကရုဏာ ရှင် မာသာရ်ထရေဇားကို ရဟန္တာအဖြစ်တင်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။ ရဟန္တာမာသာရ်ထရေဇားရဲ့ ကြားဝင်ဆုပန်ပေးခြင်းအားဖြင့် ဘုရားရှင်ရဲ့ ကရုဏာတော်မြတ်ကို လူအပေါင်းအား ဝေမျှသက်သေခံနိုင်ကြပါစေ။
သီကိုရှင်း
(Ref; Homily for the Canonization of Mother Teresa by Pope Francis)

No comments:
Post a Comment